Thursday, October 15, 2009

မောင်ခေါ်ရာလိုက်မှာလား(ဥဒယဘတ္တ)

(၆.၉.၀၉) ရက်နေ့ မနက် ၁၀နာရီခွဲ တနင်္ဂနွေနေ့အပတ်စဉ်တိုင်း စုပေါင်း ဘုရားဝတ်ပြုလုပ်တယ်ထင်ပြီး ကမန်းကတန်း ရေချိုးပြီး ဘုရားခန်းကို ရောက်ခဲ့ပါတယ်။ ဘုရားခန်းရောက်မှ ကိုသစ္စာ(ကိုတင်နွယ်မောင်) တရားတောင်းလို့ အမေရိကားက ဆရာတော် ဦသိရိန္ဒက ဟောကြားအပ်သော မောင်ခေါ်ရာလိုက်မှာလား တရားတော်ကို ပြန်လည်စာစီ ဖြန့်ဝေခြင်းဖြစ်ပါသည်။ အွန်လိုင်းတရားပွဲလေးမှာ တခြားကျောင်းမှ စီနိယာ အစ်ကိုကြီးဝင်းမြင့်တို့ အဖွဲ့နဲ့ ကနေဒါနိုင်ငံမှ တရားပရိတ်သပ်များ စုပေါင်းနာယူကြပါသည်။

အခါတပါးမှာ ပုထုဇဉ်ရဟန်းတော် တစ်ပါးဟာ ဆွမ်းခံကြွတော်မူပါတယ်။ အဲဒီမှာ ရုပ်ဆင်းရူပါမှာ အင်မတန် လှပချောမောတဲ့ မာတုကာမ တစ်ယောက်နဲ့ ဆုံခဲ့ကြပါတယ်။ အဲဒီရဟန်းတော်လေး စိတ်သန္တန်မှာ အချိန်ပြည့် စိုးမိုးလို့နေတယ်တဲ့ ။ ဒီလိုနဲ့ မစားနိုင်မသောက်နိုင် ရဟန်း တစ်ပါးလို့ မနေနိုင်ဖြစ်တော့ အခြားရဟန်းတွေက မြတ်စွာဘုရားရှင်ထံ လျောက်ထားကြပါတယ်။

အဲဒီအခါမှာ မြတ်စွာဘုရားရှင်ဟာ အဲဒီရဟန်းတော်လေးနဲ့ ပတ်သတ်ပြီး ဥဒယဘတ္တဇတ်ကြောင်းလေးကို ဟောဖို့ ဖြစ်ပေါ်လာခဲ့ပါတယ်။



ကာသိကတိုင်းပြည်မှာ ကာသိမင်းကြီး စိုးစံတော်မူသော အခါကာလမှာဖြစ်ပါတယ်။ အဲဒီကာလက လူတွေရဲ့ သက်တမ်းဟာ နှစ်သောင်းတမ်းဖြစ်ပါတယ်။ အဲဒီမင်းကြီးက သက်တော် အတော်ရလာပေမယ့် နန်းမွေနန်းခံဖို့ သားထောက်သားကံ မရှိရှာဘူးပေါ့။ ဒါနဲ့ မိဖုရားကြီးကို သားဆုပန်ရန် တိုက်တွန်းခဲ့ပါတယ်။ အဲဒီတော့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပြီးတော့ သားဆုပန်ပြီး သားတော်လေး တစ်ပါး မွေးဖွားလာခဲ့ပါတယ်။ သားတော်လေးကို မြင်ရသူတိုင်း နှလုံးအေးကြည်ပြီး စိတ်ချမ်းသာမှု ဖြစ်တဲ့ အတွက်ကြောင့် အမည်ပေးလိုက်ပုံက ဥဒယဘတ္တ လို့ ခေါ်တွင်ပါတယ်။

ဒီလိုနဲ့ သားတော်လေး သုံးနှစ်သား အရွယ်မှာ မိဖုရားတစ်ယောက်က ဗြဟ္မာပြည်ကနေ ပဋိသန္ဓေယူလာခဲ့တဲ့ သမီးလေး တစ်ယောက်လဲ ထပ်မံမွေးဖွားခဲ့ပြန်ပါသတဲ့။ ဗြဟ္မပြည်ကနေ စုတေ သန္ဓေယူတဲ့ ပုဂ္ဂိုလ် အများစုဟာ ကမ္ဘာများစွာ ဈာန်စိတ်နဲ့ နေလာခဲ့ကြတဲ့ အတွက် သူတို့ကို မြင်သူတိုင်း နှလုံးအေးမြပြီး စိတ်ချမ်းသာစေပါတယ်။ ဒါကတော့ ဈာန်ရဲ့ အကျိုးပဲပေါ့ကွယ်။ သူမလေးကိုလဲ နာမည်တွင်တာကတော့ ဥဒယဘတ္တ လိုပဲ အမည်တွင်သတဲ့။ သားတော်ဥဒယ ဟာအတတ်ပညာစုံလာခဲ့ပါပြီး။ ဒါပေမယ့် ကြင်ရာ မဆုံးသေးပါဘူး။ ကြင်ရာ ရှာဖို့လဲ စိတ်ကူးမရှိခဲ့ပါဘူး။

သို့သော်လည်း မင်းကြီးက သားတော်ကို နန်းမွေ ဆက်ခံစေချင်တာကြောင့် လက်ထက်ထိမ်းမြှားပြီး နန်းမွေဆက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။ မင်းသားဥဒယကတော့ တောထွက်ပြီး သာသနာပြုချင်တာပေါ့။ ဒါကြောင့် မဖြစ်နိုင်တဲ့ အကြံအစည်နဲ့ မင်းတရားကြီးကို ပြောလိုက်ပါသတဲ့။ မင်းသားလေးက ပန်းပုထု ဆရာများနဲ့ အတူ အလွန်အင်မတန်လှပချောမောတဲ့ ရွှေဆင်ရုပ်ထုလေး ထုလုပ်ခိုင်းလိုက်ပါသတဲ့။ အဲဒီရုပ်လေးနဲ့ ထပ်တူကျမည့် အမျိုးသမီးတွေ့ရှိပါက လက်ထက်ထိမ်းမြှားပြီး နန်းမွေခံယူမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီလိုပဲ မင်းကြီးကလဲ မှူးမတ်အပေါင်းနဲ့ ရှာပုံထွက်ခိုင်းခဲ့ပါတယ်။ နန်းတွင်းမှာပဲ မင်းသားဥဒယရဲ့ ရွှေစင်ရုပ်ထုနဲ့ ထပ်တူ တူတဲ့ မင်းသမီးဥဒယကို တွေ့တော့တာပါပဲ။ မင်းကြီးလဲ ၀မ်းမြောက်ရွှင်လန်းပြီး လက်ဆက်ပေးလိုက်ပါတယ်။ မင်းသားဥဒယနဲ့ မင်းသမီးဥဒယတို့ဟာ လက်ထက်ပြီးတော့ တဦးနဲ့ တဦး ကတိဝန်ခံချက်တွေ ထားခဲ့ကြပါတယ်။ ဘယ်ဘ၀ ဘယ်ဘုံပဲရောက်ရောက် တရားထူးတရားမြတ်ရခဲ့မယ် ဆိုရင် အသိပေး သင်ကြာဖို့ ကတိဝန်ခံချက်ထားခဲ့ကြပါတယ်။

မင်းတရားကြီး ကံတော်ကုန်ပြီး မင်းသာဥဒယ သက်တော် ခုနစ်ရာပြည့်မှာပဲ မင်းကြီးဥဒယလဲ ကံလွန်တော်မူသတဲ့။ လူပြည်ကနေ နတ်ပြည်မှာ သကြားမင်းဖြစ်သွားပါတယ်။ ခုနစ်ရက်လောက် နတ်ပြည်မှ စံပျော်နေရှာပြီး မိမိနောက်ကြောင်းကို ပြန်ဆင်ခြင်မိတဲ့အခါ မိဖုရားဥဒယနဲ့ ကတိဝန်ခံစကားကို အမှတ်ရသတဲ့။ ဒါကြောင့် မိဖုရားဥဒယ ဆီကို သွားတော်မူခဲ့ပါတယ်။ မိဖုရားကြီးဟာ ခုနစ်ဆောင်မြင့်သော ဘုံမှာ နေတယ် တံတိုင်း အထပ်ထပ်ကာရံထားတယ်။ နန်းတော်ဖြစ်သဖြင့် အခြံအရံရဲမတ်တွေလဲ စောင့်ကြပ်တော်မူသတဲ့။

သို့သော်လဲ သကြားမင်းဟာ လုလင်ရောင်ဖန်ဆင်းပြီး မိဖုရားအခန်းကို ဘွားခနဲ့ ပေါ်လာသတဲ့။ ပြီးတော့ မိဖုရားကြီးကိုလဲ တစ်ညတာမျှ အတူအိပ်စက်လိုကြောင်းနဲ့ လက်ဆောင်အဖြစ် ရွှေလင်ပန်းနှင့် ရတနာအပြည့်အစုံပါ ပေးမည် ဖြစ်ကြောင်းပြောတာပေါ့။ ဒီအခါမှာ မိဖုရားက သူမ၏ ရင်ထဲမှာ သေလွန်သွားသော မင်းကြီးဥဒယတစ်ယောက်သာ ရှိကြောင်း။ လုလင်ဥဒယရဲ့ တောင်းဆိုမှုကို မလိုက်ရောနိုင်ကြောင်းပြောပါတယ်။ နောက်တစ်ရက်ကျတော့ ငွေလင်ပန်းနှင့် ငွေကို လက်ဆောင်အဖြစ်ပေးပြီး အရင်နေ့ကလိုပဲ စည်းရုံးပါတယ်။ နောက်တနေ့တော့ ကြေးလင်ပန်းဖြင့် ကြေးတွေ အပြည့်ပေးပြီး စည်းရုံးပါတယ်။

မိဖုရားက တနေ့နဲ့ တနေ့ လက်ဆောင်ပဏာက တန်ဖိုးလျောနည်းလာတာ သိတော့ မေးမိတယ်။ အသင်ကမည်သူနည်း။ ဒီလို အခြံအရံ အထပ်ထပ်ကာရံထားတာကို သင်က ၀င်လွယ်ထွက်လွယ်ဖြစ်ပြီး။ ရွှေလင်ပန်းကတဆင့် ငွေလင်ပန်း အဆင့်ထိ လျော့လျော့ပြီး လက်ဆောင်ကို ဘာကြောင့်ပေးသနည်း။ လုလင် ဥဒယက သင်သည် တစ်နေ့ထက်တစ်နေ့ ဇရာသည် အိုအိုလာသောကြောင့် လက်ဆောင်ပဏာလဲ တန်ဖိုးနည်းနည်းလာချင်းဖြစ်ပါတယ်။ ဒီလိုပဲ လူတွေ တနေ့ထက်တစ်နေ့ သေရာလမ်းကို မသွားပဲ ရောက်နေကြောင်း, အခုအချိန်မှာ ကောင်းမှုကုသိုလ်တွေ ပွားများနေသင့်ကြောင်း , စတဲ့စတဲ့ သီလတရား ဒါနတရားတွေကို ဟောခဲ့ပါတယ်။

ပြီးတော့ မိမိဟာ မင်းကြီးဥဒယဘ၀မှ အခု သကြားမင်းဥဒယဖြစ်နေကြောင်း, မိဖုရားဥဒယကို သူနဲ့ အတူလိုက်နိုင်ရန် လာခေါ်ကြောင်းပြောပြတာပေါ့။ ဒီလိုနဲ့ မိဖုရားကြီး ဥဒယက တောထွက်ပြီး ရဟန်းမ လုပ်ပြီး သေလွန်တဲ့အခါ သကြားမင်းဥဒယရဲ့ မိဖုရားဥဒယ ဖြစ်သွားပါတယ်။

ဒီဇတ်တော်လေး ပြီးဆုံးသွားတဲ့အခါမှာ မာတုကာမတွေ အပြစ်တွေကို ဟောပြတော်မူတဲ့အတွက်ကြောင့် ပုထုဇဉ်ရဟန်းလေး အမြင်မှန်ရသွားခဲ့ပါတယ်။ ဇတ်ပေါင်းအနေနဲ့ မင်းကြီးဥဒယဘတ္တသည် ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ကြီးဖြစ်ပါတယ်။

တရားနာယူ၍ ကျွန်တော်အနေနဲ့ ကောက်နုတ်တင်ပြရလျှင် ပုထုဇဉ်သတ္တ၀ါတို့သည် မသွားပဲရောက်နေသော အိုနာသေ ဘေးကြီးခရီးက တွင်တွင်ကြီး ခရီးဆက်နေကြခြင်းဖြစ်သည်။ မိမိခန္ဓာကြီးသည် လောဘမီးကြီးလောင်လိုက်, ဒေါသမီးကြီးလောင်လိုက်, မောဟမီးကြီးလောင်လိုက်နဲ့ တရစပ် မပျက် လောင်ကျွမ်းနေကြခြင်းသည် တကယ်လက်တွေ့ပင်။

ဆောင်းရာသီ အေးသောဒေသမှာ မိမိရဲ့ ခန္ဓာကြား တနေရာကို လက်လှိုကြည့်နိုင်ပါတယ်။ နွေးထွေးသော အပူငွေ့ဓါတ်ကြီး ရှိနေတာ သိနိုင်ပါတယ်။ ဒါဟာ မိမိခန္ဓာကြီးရဲ့ လောင်ပူမီးကြောင့် ပူနွေးနေခြင်းလို့ ယူဆမိပါသည်။ နွေရာသီမှာဆိုလဲ ရာသီဥတု၏အပူ မိမိခန္ဓာရဲ့ အပူနဲ့ အသားစိမ်းကို မီးကင်ကြည့်သလိုပါပဲ ချွေးဒီးဒီးကျပြီး ပူလောင်နေလိုက်တာ။

ဒီလို မသိသာသော ဇရာ၏ နှိပ်စက်မှုကို ပုထုဇဉ်ကျွန်တော်တို့ ငမိုက်သားများ စားဝတ်နေရေးကြောင့် သတိမထားနိုင်ကြပါ။ သတိထားနိုင်ကြသော ပုဂ္ဂိုလ်တို့သည် ထိုနှိပ်စက်သော ဘေးကြီးမှ လွတ်ကင်းအောင် ကျင့်ကြံရုန်းကန်နေကြသည်။ ကျွန်တော်တို့သည် ဗုဒ္ဓဘာသာနိုင်ငံကြီးမှာ လူဖြစ်ရတာ အင်မတန်ကံကောင်းလွန်းလှပါသည်။ ရခဲ့တဲ့လူ့ဘ၀မှာ ကြုံခဲတဲ့ သာသနာတော်ကြီးနဲ့လဲ သိခွင့်လေ့လာခွင့် ကျင့်ကြံခွင့်ရနေခြင်းသည် မိမိကိုယ့်ကို ဂုဏ်ယူမဆုံးတော့ပါ။ လွတ်မြောက်ချင်းချမ်းသာကို ခံစားဖို့ တကယ်ဆို ငှက်ပျောသီ အခွံခွာပြီးသည့် အဆင့်လောက်လို့ တင်စားလိုက်ခြင်ပါသည်။

လူတွေရဲ့သက်တမ်း ပျမ်းမျှချိန်ကြည့်ပါက ၅၀ တမ်းကာလလို့ ဆိုရင် မှားအံ့မထင်။ အခုဆို ကျွန်တော်တို့သည် သက်တမ်း တ၀က်ကျိုးလို့နေပါပြီး။ ကုသိုလ်နဲ့ အကုသိုလ် ယှဉ်ကြည့်ပါက အကုသိုလ်က အရပ်သား စကား(ဘောင်ဘိတ်) ဖြစ်နေမှာ သေချာပါသည်။ အကုသိုလ်တွေများခဲ့တဲ့ အတိတ်ကို ပြန်တွေးပူဆွေးနေမည့်အစား ကျန်သေးသော သက်တမ်းတ၀က်ကို ဘယ်လို အကျိုးရှိရှိ အသုံးချ ကုန်ဆုံးကြမည်နည်း။ မကုန်ုနိုင်သော မောဟ ဦးစီးသော လောဘ, ဒေါသများနှင့် ကုန်ဆုံးမည်ဆိုလျင် အပါယ်ဘုံအိမ်နန်း ပြန်လည် စံမြန်းကြရမည်သာ။

ယခု ကျွန်တော်ပြုအပ်သော ဓမ္မသာဝန(တရားနာကြားခြင်း) ကုသိုလ်ကို ပတ္တိဒါန(မိမိကုသိုလ်ကို အမျှဝေခြင်း) ပတ္တာနုမောဒနာ(သူတစ်ပါးကုသိုလ်ကို သာဓုခေါ်ဆိုခြင်း) ကုသိုလ် အစုအမျှဝေလိုက်ရပါသည်။

မှတ်ချက်။ ။ စာလုံးပေါင်းများ မှားနိုင်ပါသည်။ နာကြားသမျှကို ပို့စ်တင်မယ်ဆိုပြီး သေချာမှတ်မိအောင် နာယူထားခြင်းဖြစ်ပါသည်။ အမှားပါလာလျင် သွန်သင်ဆုံးမခဲ့ပါ။

http://www.seinpancan.co.cc/2009/09/blog-post_06.html

Tags: ဘာသာရေးသုတ

0 comments:

Post a Comment