မိုးမခအထောက်တော်၊
မဲဆောက်၊ နိုဝင်ဘာ ၂၆၊ ၂၀၁၁
ပြောင်းရွေ့မြန်မာအလုပ်သမားများ အများအပြားနေထိုင်သည့် ထိုင်နိုင်ငံ
မဲဆောက်မြို့တွင် ပထမဆုံး မြန်မာ စာပေဟောပြောပွဲကို လာမည့် ဇန်န၀ါရီလ(၄)ရက်
(တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်သူချစ်သော အထင်ကရ စာရေးဆရာများဖြစ်သည့် ဆရာ ချစ်ဦးညို၊ ဆရာ
မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာမ နုနုရည် (အင်းဝ) တို့ ကမဲဆောက်မြို့လယ်ရှိ
ကျောင်းကြီးကျောင်းတိုက်ဝင်း မြက်ခင်းပြင်တွင် ညနေ ၄ နာရီမှ ည ၉ နာရီကျော်ထိ
အားပါးတရ ဟောပြောကြမည်ဖြစ်သည်။
မဲဆောက်မြို့ရှိ မြန်မာ ၁၀၀၀ နီးပါး အလုပ်လုပ်နေသည့် ရန်မကင်းစက်ရုံမှ အသက် ၂၀ ၀န်းကျင်ရှိ အမျိုးသမီး (၅)ဦးကို စာပေဟောပြောပွဲနှင့် ပတ်သက်ပြီး မေးမြန်းကြည့်ရာ တဦးတယောက်မှ စာပေဟောပြောပွဲကို တက်ရောက် နားဆင်ဖူးခြင်း မရှိကြောင်းပြောသည်။ ၄င်း လူငယ်များသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်များမှ လာရောက် အလုပ်လုပ်နေကြသူများဖြစ်ပြီး မြန်မာပြည်တွင်း နေစဉ်ကလည်း သူတို့နေထိုင်ရာ ဒေသများတွင် စာပေဟောပြောပွဲ ဆိုသည်ကို ကြားပင်မကြားဖူးကြဟု ဆိုသည်။ အခြား လူငယ်တဦးကမူ စာပေဟောပြောပွဲကို မတတ်ရောက်ဖူးသော်လည်း စာရေးဆရာများ၏ အမည်ကိုတော့ ကြားဖူးကြောင်း ပြောပြသည်။
မဲဆောက်မြို့ရှိ စာပေချစ်သူများက ပွဲဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြခြင်းဖြစ်
“လူအများလာနိုင်မယ့်ရက်.. အထူးသဖြင့် အလုပ်သမားတွေ လာနိုင်မယ့် အလုပ်ပိတ်ရက်ကို ပွဲဖြစ်အောင် စီစဉ်ရတာ.. လူ ၅၀၀ အထက် လာမယ်လို့တော့ မှန်းထားတယ်”
ဟု စီစဉ်သူ တဦးက အခြေအနေကို
ရှင်းပြရင်း ... ... …
“ ဒီလောက်
မြန်မာတွေများတဲ့မြို့မှာ စာပေဟောပြောပွဲကို ပထမဆုံးအကြိမ် ကျင်းပရတယ်ဆိုတော့
စဉ်းစားသာ ကြည့်ပေါ့ဗျာ..။ ကိုယ့်လူမျိုးတွေ ဘယ်အခြေအနေ ရောက်နေပြီလဲဆိုတာကို..။
ဒါကြောင့် ဒီပွဲကိုဖြစ်အောင် ကြိုးစားကြတာပါ။ အရင်က ဆရာဦးတင်မိုး လာဟောဖူးတယ်။
နီးစပ်ရာ အသိုင်းအ၀ိုင်းက လူတွေလောက်ပဲပေါ့။ နောက် ဒေသခံဆရာတချို့
ဟောပြောဖူးတာလေးတွေတော့ ရှိတယ်။ ပြည်တွင်းထဲက လာပြီး ဟောပြောတာ ပထမဆုံးပေါ့ဗျာ”
ဟုလည်း ဆိုသည်။
ဆရာချစ်ဦးညို၊
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ၊ ဆရာမ နုနုရည် (အင်းဝ) တို့သည် မူလက
ထိုနေ့ရက်များတွင် အမေရိကားသို့ သွားရန်ဖြစ်သော်လည်း မဲဆောက်ပွဲကို အခက်အခဲကြားက
စီစဉ်ရမှန်း သိရှိသဖြင့် အမေရိကားခရီးစဉ်ကို ရွေ့ဆိုင်းပြီး ယခုပွဲကို
ဦးစားပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ကိုယ့်နိုင်ငံက အလုပ်သမားတွေရဲ့
ဘ၀အခြေအနေကိုလည်း လေ့လာချင်တယ်။ သူတို့(အလုပ်သမားတွေ)ကိုလည်း
ဟောပြောဆွေးနွေးချင်တယ်။”
ဟု ဆရာမ နုနုရည် (အင်းဝ)က ဆိုသည်။
0 comments:
Post a Comment