Friday, November 11, 2011

သရဏဂုံ သုံးပါး၏ အရေးပါပုံအကြောင်း

“ဗုဒ္ဓသရဏံ ဂစ္ဆာမိ” စသော သရဏဂုံသည် နှယ်နှယ်ရရ(သေးသေးဖွဲ့ဖွဲ့)မဟုတ်ပါ။သမ္မာဒိဋ္ဌိ ဗုဒ္ဓ ဘာသာဝင် အဖြစ်ခံယူသူတိုင်း ပထမဆုံးရွတ်ဆိုမှသာ ဗုဒ္ဓဘာသာဝင် ဖြစ်ခွင့်ရှိပါတယ်။သာသနာ့ဘောင်ဝင်ဖို့ ရှင်သာမဏေ ပြုတယ်ဆိုရင်လဲ ဒီသရဏဂုံကို ပီပြင်အောင် မရွတ်ဆိုနိုင်လျှင် ရှင်သာမဏေမဖြစ်ပါ။ မြတ်စွာဘုရားလက်ထက်တော်က ရဟန်းပြုသောအခါ ကမ္မဝါစာ မဖတ်ရဘဲ ဤသရဏဂုံသုံးပါးဖြင့် ရဟန်း ဖြစ်ခွင့်ရသူများ ရှိခဲ့ကြသည်။

ဤသရဏဂုံသုံးပါးဂါထာအနက်ကို အနက်အဓိပ္ပါယ်ဆိုက်အောင် ဖြေးဖြေးချင်း လေးလေးနက်နက်စဉ်းစား ပြီး ရွတ်ဆိုလျှင် ဗုဒ္ဓါ နုဿတိ၊ဓမ္မနုဿတိ၊သံဃာနုဿတိ ကမ္မဋ္ဌာန်းသုံးမျိုးဖြစ်တာပါ။သရဏဂုံတည်တဲ့ အတွက် ယခုဘဝရော နောက်ဘဝအတွက်ပါ မကောင်းကျိုးတွေကို ဖယ်ရှား၊ကောင်းကျိုးတွေ ဖြစ်ပွား အောင် ဘေးအန္တရာယ်မှန်သမျှ တားဆီးဖယ်ရှားပေးတတ်တာကို “သရဏ”လို့ခေါ်ပါတယ်။သရဏဂုံသုံးပါး ရွတ်ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် သရဏဂုံရှင်အပေါ်မှာ ကျရောက်လာမည့် ဘေးအန္တရာယ်မှန်သမျှ ပယ်သတ်ပစ်နိုင်သော အစွမ်းသတ္တိရှိပါတယ်။


မြတ်စွာဘုရားတရားတော်တွေထဲက သရဏဂုံသုံးပါးလောက်ကိုပဲ တကယ်ယုံကြည်ပြီး အဟုတ်စွဲမြဲတဲ့ ပုဂ္ဂိုလ်များဟာ ကောင်းကျိုးတွေကို ခံစားကြရတယ်။သရဏဂုံနှင့်သေရင် နတ်ပြည်ရောက်ဖို့ ကျိန်းသေသလို သရဏဂုံကိုသာရွတ်နေလျှင် အဘယ်ဥပစ္ဆေဒက ဘယ်သေချင်းဆိုးနှင့်မျှ မသေစေရပါဘူး။လူတစ်ချို့ဟာ ဓာတ်တွေ ယတြာတွေ နတ်တွေ ဘိုးတော်တွေဘက် မျက်နှာမူကုန်ကြတော့ သရဏဂုံညှိုးနွမ်းပြီး ရတနာ သုံးပါးမစွမ်းဘူးဖြစ်ကြကုန်တာပါ။ရည်ရွယ်ချက် လုပ်ဆောင်ချက် ကိုးကွယ်မှု အံချော်နေသလို ပုတီးစိပ်ကြ ရွတ်ဆိုကြတာတွေကလဲ အစစ်အမှန်ကနည်းနည်း ဘုရားဟောမူရင်း မုခပါဌ်တွေ မဟုတ်တော့ဘူး။ ဆန်းတကာ့ဆန်းဆိုတာတွေလိုက်ပြီး ဒီဂါထာက ဘိုးဘိုးအောင်ရဲ့ ပထမံဂါထာ၊ ဒုတိယံဂါထာ၊ဒါက ဘယ်ဘုရား စမ္မခဏ် ဘယ်ထီးတော်က ဂါထာဆိုပြီး ရည်ရွယ်ချက် ဦးတည်ချက် မဟန်သလို ရွတ်ဆို ပွားများတဲ့ဟာတွေကလဲလွဲနဲ့ အလွဲလွဲ အချော်ချော်တွေဖြစ်ကုန်ကြတာပါ။

သရဏဂုံသုံးပါးကသာ ဒီဘဝမှာ ကျရောက်တတ်လာမည့် ဘေးရန်ကိုသာမက အလွန်ကြောက်စရာ ကောင်းတဲ့ အပါယ်လေးပါးဘေးကိုတောင် ရှောင်လွှဲပေးနိုင်စွမ်းရှိပါတယ်။ဒီဘဝမှာ တွေ့နေကြရတဲ့ ဘေးအန္တရာယ်ဆိုတာ အပါယ်လေးပါးဘေးလောက် ကြောက်စရာကောင်းမည်မထင်ပါ။ထိုမျှလောက် ကြောက်မက်ဖွယ်ရာဖြစ်တဲ့ အပါယ်လေးပါးဘေးကိုတောင် ဖယ်ရှားပေးနိုင်တဲ့ သရဏဂုံ စွဲမြဲရင် အပါယ် လေးပါးကိုမကျရောက်တော့ပါဘူး။သရဏဂုံစွဲမြဲရင် နတ်ပြည်ကိုရောက်ပါတယ်။သရဏဂုံစွဲမြဲတဲ့ နတ်သား ဟာ အခြားနတ်သားတွေထက် သာလွန်တဲ့ အကျိုးဆယ်မျိုးရပါတယ်။ထိုဆယ်မျိုးက
၁။အသက်ရှည်ခြင်း၊
၂။အဆင်းလှခြင်း၊
၃။ချမ်းသာကြီးခြင်း။
၎။အခြံအရံအကျော်အစောထင်ရှားခြင်း။
၅။အစိုးရခြင်း။
၆+၇=၈=၉+၁၀ နတ်တို့၌ဖြစ်တဲ့ အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့အထိ အာရုံငါးပါး အခြားနတ်သားတို့ ထက်သာလွန်ပါတယ်။လူများအနေနဲ့လည်းထိုနည်းတူစွာ သရဏဂုံတည်သူဟာ မတည်သူထက် သာလွန်ပါတယ်။
လက်ရှိဘဝ မှာလည်း စီးပွားတက်ခြင်း၊ရာထူးတက်ခြင်း၊ကျန်းမာရေးကောင်းမွန်ခြင်း၊အန္တရာယ်မျိုးစုံမှကင်း လွတ်ခြင်းစတဲ့အကျိုးတရားတွေကိုလည်းရရှိစေပါတယ်။ဒါကလောကီအကျိုးတွေပါ။လောကုတ္တရာအကျိုး တွေလည်းရှိပါသေးတယ်။ဘုရား၊တရား၊သံဃာ၊ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သိမှတ်ခြင်းရှိတဲ့သူဟာ ဆင်းရဲအမှန် “ဒုက္ခသစ္စာ” ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် “သမုဒယသစ္စာ” ဆင်းရဲမှလွတ်မြောက်ရာ အမှန် “နိရောဓသစ္စာ”၊ ဆင်းရဲငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအမှန် အင်္ဂါ ရှစ်ပါးရှိသော မြတ်သော မဂ္ဂသစ္စာ”ဟူသော အရိယသစ္စာလေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်ခြင်းဆိုတဲ့ လောကုတ္တရာ အကျိုးတရားများကိုလည်းရစေပါတယ်။လက်ရှိဘဝမှာ လူတွေပြောနေကြတဲ့အတိုင်း အဆောင်ကောင်း လိုချင်ရင်တော့ သရဏဂုံအဆောင်လောက်ကောင်းသော အဆောင်မရှိဘူးလို့ပြောချင်ပါတယ်။

သရဏဂုံဟာ ဗုဒ္ဓဘာသာအဆောက်အအုံကြီးရဲ့ အခြေခံပဲဖြစ်ပါတယ်။အခြေခံမခိုင်ရင်တော့ ဓာတ်စုံ နတ်စုံ ဘိုးတော်ယုံတွေဖြစ်ကုန်ကြမှာပါ။အနောက်နိုင်ငံတွေမှာ ဗုဒ္ဓဘာသာကို အထူးစိတ်ဝင်စားလာကြပြီး တစ်နေ့ တစ်ခြား တရားထိုင်တဲ့သူတွေ တိုးလာနေပါတယ်။သိပ္ပံပညာတိုးတက်နေတဲ့ ခေတ်မှာ နိုင်ငံခြားသားများက သရဏဂုံရွတ်ဆိုနေကြချိန်မှာ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဥုံတွေ သြောင်းတွေခံပြီး မနှဲလေး ၊ဦးမင်းကျော် သရဏံ ဂစ္ဆာမိလို့ ရွတ်ဆိုနေကြပုံများမှာ ရှက်ဖွယ်ပင်ဖြစ်ပါတယ်ဆိုတဲ့အကြောင်း၊ထိုနတ်တွေ ဘိုးတော်တွေထက် သရဏဂုံသုံးပါးကသာ မြင့်မြတ်တယ်ဆိုတဲ့အကြောင်း၊နတ်တွေ ဘိုးတော်တွေကိုးကွယ် လို့ အပါယ်ဒုက္ခမှကင်းလွတ်တာမဟုတ်ဘဲ သရဏဂုံသုံးပါးကို ကိုးကွယ်မှသာလျှင် အပါယ်ဒုက္ခမှကင်းလွတ် ပါတယ်ဆိုတဲ့အကြောင်း သရဏဂုံသုံးပါသည်သာလျှင် ဗုဒ္ဓဘာသာများအတွက် ကိုးကွယ်ရာအစစ်ဖြစ်တယ် ဆိုတဲ့အကြောင်း၊သရဏဂုံသုံးပါသည်သာလျှင် သံသရာအတွက် အရေးကြီးပါတယ်ဆိုတဲ့အကြောင်း၊ သရဏဂုံသုံးပါးကိုနေ့စဉ်နေ့တိုင်းပွားများသင့်တယ်ဆိုတဲ့အကြောင်းကို အသိပေးလိုက်ရပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

0 comments:

Post a Comment