unday, 20 November 2011 01:14
ဗိုလ်ရဲထက်
သူငယ်ချင်းတို့ရေ ဒို့တပ်မတော်ကြီး ဒီနေ့ခေတ်အခါမှာ ဘယ်လို အခြေအနေတွေ ဖြစ်နေလဲဆိုတာ မင်းတို့လည်း သိမှာပါ။
ငါတပ်ထားတဲ့ခေါင်းစဉ်လိုပဲ ဒို့ လက်အောက်ကနေ ဒို့တွေရဲ့ အမိန့်ကို နာခံနေကြတဲ့ငါတို့ တပ်မတော်ကြီးရဲ့ အဓိကအင်အားဖြစ်တဲ့ စစ်သားတွေဟာ ချိုင်းထောက်တွေနဲ့ဖြစ်နေကြပြီး လမ်းဘေးဝဲယာမှာ တောင်းရမ်းစားသောက်နေကြတဲ့ အခါမှာတော့ ဒို့တပ်မတော်ကြီးက ဗိုလ်ချုပ်တွေကော ဗိုလ်ချုပ်ဟောင်းတွေက တိုက်ဆောက်နေကြတဲ့ အခြေအနေတွေကို မင်းတို့လည်းသိ ငါလည်းအသိ တတိုင်းတပြည်လုံးလဲအသိပဲဆိုတော့ မင်းတို့လည်း သိမှာပါပဲကွာ။
ဘယ်လောက်ထိ တောင်ဖြစ်နေလဲဆို မင်းတို့ငါတို့ မဟာသိပ္ပံသင်တန်းတက်ခဲ့ကြတဲ့ ပြင်ဦးလွင်မှာကို ဗိုလ်ချုပ်ရွာဆိုတာကို အားလုံးကြားဖူး ကြမှာပါကွာ။ ဒါပေမယ့်ကွာ တပ်မတော်အတွက် နိုင်ငံအတွက် ပြည်သူအတွက် ကိုယ်လက်အင်္ဂါ ပေးဆပ်သွားကြသူတွေ ကတော့ ဘယ်လိုဘဝမျိုးနဲ့ ဖြစ်နေလဲဆိုတာ မင်းတို့ငါတို့ စာပေ(၂) ကိုအပြန်လမ်းရဲ့ လမ်းတနေရာကနေ တောင်းရမ်းစား သောက်နေရင်း ဒို့တတွေဖြတ်သွားတိုင်း ယနေ့အချိန်ထိ သူ့ရဲ့ အထက်အရာရှိများ နိုင်ငံရဲ့ အနာဂတ်ကာကွယ်ရေးကဏ္ဍ၊ တပ်မတော်ရဲ့ သားကောင်းတွေဆိုပြီး အသိအမှတ်ပြု လက်တင်အလေးပြုနေတဲ့ စစ်သားဟောင်းတွေကို မင်းတို့လည်း တွေ့ဖူးမယ်ဆိုတာကို ငါယုံကြည်ပါတယ်။
သူငယ်ချင်းရယ် ဒါက မင်းတို့ငါတို့ မြင်တွေ့နေတဲ့ သူတွေလောက်ပဲရှိသေးတယ်။ ငါတို့ မင်းတို့တွေ မတွေ့ရတဲ့ ဒို့ တတွေရဲ့ ရဲဘော်ရဲဘက် ညီနောင် စစ်သည်များဟာ အကြောင်းအမျိုးမျိုးကြောင့် တပ်ကနေ အငြိမ်းစားယူသွားတာပဲဖြစ် ဖြစ် ကိုယ်လက်အင်္ဂါ ပေးလှူလိုက်ရလို့ တပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်လို့မရတော့လို့ နားသွားရတဲ့သူတွေ ဘယ်လိုများ ဘဝကိုဖြတ်သန်းနေကြမလဲဆိုတာ မင်းတို့ငါတို့ အရာရှိပီပီ ခေါင်းဆောင်ပီပီ ဘယ်နှစ်ခါများ စဉ်းစားမိခဲ့ကြ သလဲ။
ဒါပေမယ့် ငါတို့တွေကတော့ ငါတို့ဟာ မဟာသိပ္ပံပြီးရင်တော့ အနည်းဆုံး တပ်ရင်းမှူးလောက်တော့ မှန်းလို့ရပြီ၊ ကြိုးစားပြီး (ခိုင်းတာလုပ်၊ ကြွေးတာစား) နေသွားရင် အနည်းဆုံး မဖြစ်ဘူးဆိုရင်တောင် တိုင်းမှူး၊ တပ်မမှူးလောက်တော့ မှန်းလို့ရပြီဆိုတဲ့ အနာဂတ်တွေနဲ့ ပျော်နေခဲ့ကြတယ်နော်။
အဲဒီအနာဂတ်တွေထဲမှာ တိုင်းပြည်အတွက် အလုပ်လုပ်ကြမယ်၊ ပြည်သူကို ကူညီကြမယ်၊ အနာဂတ်နိုင်ငံတော် ကာကွယ်ရေးကဏ္ဍမှာ ဦးဆောင်ဦးရွက်ပြုကြမယ် ဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ဒါပေမယ့် ငါတို့ ဒါကို နိုင်ငံရေးကဏ္ဍနဲ့ တခါမှ မတွေးခဲ့မိဘူး။
ငါတို့ ပြောပြောနေတဲ့ Admin (ထောက်ပံ့မှု) ခိုင်မှ စစ်နိုင်မယ် ဆိုတဲ့ စကားကို ငါတို့ ဘယ်လိုများ တွေးခဲ့ကြသလဲ။ ငါတို့လက်အောက်ကနေ ငါတို့နဲ့အတူ သေအတူရှင်မကွာ တာဝန်ထမ်း ဆောင်ကြတဲ့၊ သေစရာရှိရင် ဒို့ရှေ့ကနေ အသေခံကာကွယ်ကြတဲ့ ရဲဘော်တွေအတွက် အနာဂတ်တွေကို ငါတို့မတွေးပေး ခဲ့မိကြဘူးနော်။
တွေးတော့တွေးခဲ့ကြတာပေါ့။ သူတို့ရဲ့ မိသားစုအနာဂတ်တွေဘာတွေ ဆိုတာထိတော့ မပါခဲ့ကြဘူးနော်။ အလွန် ဆုံးစဉ်းစားပေးခဲ့ကြတာက ငါတို့လက်အောက်ကနေတာဝန်ထမ်းဆောင်တဲ့အခါ တရားမျှတရမယ်၊ ပျော်ရမယ်၊ သက်သာ ချောင်ချိမှုရှိရမယ် ဆိုတာတွေလောက်ပဲမလား။
နောက်ငါတို့ တွေးခဲ့တာက စစ်သားတွေအတွက်ပဲလေနော်။ ငါတို့ ဂိတ်တွေ တာဝန်ကျလို့ ရလာရင် ဒို့လက်အောက်က ရဲဘော်လေးတွေ ဆရာ ဆရာကြီးတွေ သက်သာချောင်ချိအောင် ပေးနိုင် မယ်ဆိုတာလောက်ကိုပဲ ငါတို့ တွေးခဲ့ကြတယ်နော်။
ငါတို့ ရလာတဲ့ပိုက်ဆံတွေရဲ့ မူရင်းပိုင်ရှင် ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်သွားမလဲ၊ ဒီလိုတရားမဝင် လုပ်လိုက်လို့ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေဘယ်လောက်ဆုံးရှုံးမလဲ၊ တရားဥပဒေ စိုးမိုးမှု ဘယ်အတိုင်းအတာထိ ပျက်ယွင်းသွားမလဲဆိုတာကို ငါတို့မတွေးခဲ့ကြဘူးနော်။
သူငယ်ချင်းရယ် ပြည်သူတွေဆီက ရလာတဲ့ပိုက်ဆံကို ငါတို့တွေးထားသလို သုံးနိုင်ခဲ့ရင်တော့ သိပ်မနစ်နာသေး ဘူးလို့ပဲ ငါဘက်လိုက်ပြောပါရစေ။ ပြည်သူတွေတော့ ကျေနပ်ချင်မှကျေနပ်မှာပေါ့။ မတတ်နိုင်ဘူးသူငယ်ချင်းရယ်၊ ငါသူတို့ရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ သူတို့သက်သာချောင်ချိအောင် လုပ်ပေးရမှာပဲ။ ငါတို့သစ္စာရှိတဲ့ တပ်မတော်ကြီး ကမှ ဒို့ရဲ့ ရဲဘော်တွေကို မကြည့်တာဘဲ။
ဒါပေမယ့်ကွာ ဒီပိုက်ဆံတွေ ဘယ်လိုသုံးလိုက်ရသလဲဆိုတာ မင်းတို့ငါတို့ စစ်သားတိုင်းသိတာပါပဲ။ ငါတို့တွေးသလို အလွန်ဆုံးသုံးမိ ၁၀ ရာခိုင်နှုန်းပေါ့ကွာ။ ဒါတောင်ငါတွက်တာ များနေဦးမယ်။ ဘယ် နေရာတွေရောက်သွားလဲ ငါတို့တပ်ရံပုံငွေအနေနဲ့ ပြန်သွင်းတယ်။ ဒီငွေကို လူကြီးတပ်စစ်လာတော့ ကန်တော့ရတာနဲ့၊ ဧည့်ခံစားရိတ်နဲ့တင် ကုန်တာပဲမလား။
ဒါတင်ဆိုမပြောလိုပါဘူး။ ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ သက်ကြီး ဝါကြီးကို ပူဇော်ကန်တော့တာက မမှားသေးပါဘူး။ ဒါပေမယ့် မဆီမဆိုင် သွားပြီး ကန်တော့တာ (တပ်ရင်းမှူးများမှ တပ်ရင်းအတွက် သက် သာသော လုပ်ငန်းများသာ လုပ်ဆောင်နိုင်ရန်၊ ဝန်မပိစေရန် (ဒါကလည်း တပ်ဝန်ပိရင် ကိုယ့်ရဲဘော်တွေပဲ ပင်ပန်းတာကိုး) ဒါဆိုတော်သေးတာပေါ့ကွာနော်။ ဒါပေမယ့် သူတို့ရာထူးတက်ရေးအတွက် အထက်လူကြီးဆီက မျက်နှာသာရရေးအတွက် ကန်တော့) ကြလို့ ကုန်တယ်ဆိုတာ မင်းတို့လည်း သိမှာပါပဲ။
ဒီလိုဆိုရင်က နည်းနည်းတော်သေးတာပေါ့နော်။ ဒါပေမယ့် မင်းတို့လည်းကြားဖူးမှာပဲ ဘယ်တပ်က ဘယ်လောက် ကန်တော့၊ ဘယ်တပ်ကတော့ ဘာလုပ်ပေး စသဖြင့် ခိုင်းတာတွေကိုလည်းမင်းတို့ မြင်ဖူး ကြားဖူးမှာပါ။ ကဲ ဒီလိုဆိုရင် ငါတို့ တွေးထားသလို အတွေးနဲ့ ပြည်သူဆီက မိုက်မိုက်ကန်းကန်း တောင်းရမ်းတာဟာ တန်ရဲ့လား။ မင်းတို့ငါတို့ စဉ်းစားသင့်ပြီ နော်။
နောက် ငါတို့ကိုကြတော့ ငပိစားပြီးတိုက်တယ်လေးဘာလေးနဲ့၊ စစ်သား စစ်သားစားသလိုပဲစား နောက်ဆုံးကွာ ကိုယ်နဲ့အကြောင်းပါလို့ ဇနီးမယားဖြစ်လာတဲ့ မိန်းမများတောင် ငါတို့ ယောက်ျားရင့်မာကြီးများလို စားရသောက်ရတယ်။ သူတို့များ တပ်စစ်လာတော့ ပင်လယ်စာလေးစားချင်ရတာနဲ့၊ မြန်မာ့ရိုးရာ မုန့်လေးစားချင်ရတာနဲ့ အိုကွာ အနည်းဆုံးတော့ ဟင်းပွဲ (၃၀) လောက်တော့ ပြင်ထားပေးရတာပဲမလား။
နောက် အချိုတဲဖို့ကလည်း လုပ်ပေးရတာနဲ့ နောက်ဆုံး နိုင်ငံတော် ကိုယ်တိုင်က မီးမပေးနိုင်တဲ့နေရာမှာ အဲယားကွန်းလေးနဲ့မှဆိုတာမျိုး အနည်းဆုံးတော့ ပန်ကာလေးဖွင့်ပေးရတာနဲ့။ နိုင်ငံတော်ကိုယ်တိုင်က မီးမရောက်သေးတဲ့နေရာဆိုတော့ စဉ်းစားကြည့်လေ လျှပ်စစ်မီးကို ဘယ်လိုဖန်တီးမလဲ။ မီးစက်ပဲ မောင်းရတာပေါ့သူငယ်ချင်းရယ်။
ဒီတော့ တပ်စစ်များလာရင် အနည်းဆုံးတော့ ၂ ရက်ပဲဆိုတာ မင်းတို့ငါတို့ အသိတွေပါကွာ။ ဒီတော့ ငါတို့သုံးနေတဲ့ မီးစက်များရဲ့ ဆီစားနှုန်းနဲ့ ၂ ရက်စာဆိုရင် ဆီဘယ်လောက်များကုန်မလဲ။ ဒီအတွက်ကော ဘယ်ကနေများ ငါတို့ဖန်တီးကြသလဲ။
အဲဒီလိုနဲ့ ဒို့ဗိုလ်ချုပ်များ စည်းစိမ်ခံစားနေကြချိန်မှာ ဒို့စစ်သားတွေမှာတော့ အရာရှိတန်မဲ့ လစာစားရိတ် မလောက် ငှရတာနဲ့။ အခြားအဆင့်အိမ်ထောင်ထည်လိုင်းခန်းတွေမှာလည်း မိသားစုတခုနဲ့တခု ဆန်ချေးနေရတာနဲ့ ဆီချေးနေရတာနဲ့ ဘယ်လောက်များ ရင်နာစရာ ကောင်းလိုက်သလဲဗျာ။
ဒါလေးကို ကျနော်ဘာလေးနဲ့ ယှဉ်တွဲစဉ်းစားမိသလဲဆိုရင်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေနဲ့ သွားပြီးယှဉ်တွဲစဉ်းစားမိတယ်။ ကိုယ်တိုင်မိသားစုမှာတောင် ဝက်အူ ချောင်းလေး ၅ ချောင်းကို တမိသားစုလုံးစားနေခဲ့ရတာ။ ငါ ခေါင်းဆောင်ပဲဆိုပြီး ရာထူး အာဏာကို အလွဲသုံးစားမလုပ်ဘူး။ နောက်ဖြစ်ရပ်မှန်လေးတခုသိပ်ကို ရင်နာစရာကောင်းတယ် အဲဒါလေးကို စာပေဟောပြောပွဲ တခုကို နားထောင်ရင်းနဲ့ သိ ခဲ့ရတာပါ။ အဲဒီဖြစ်ရပ်လေးကတော့......
ဗိုလ်ချုပ်ရဲ့အိမ်မှာ ဗိုလ်ချုပ်ရဲ့ ကိုယ်ရံတော် ရဲဘော်လေး အယောက် ၂၀ ခန့်ဟာ အမြဲရှိနေပါတယ်။ ဒီလိုနဲ့ တနေ့ မှာ သူ့ရဲဘော်လေးတွေကို ကျွေးတဲ့ထမင်းက တော်တော်ကို ကြမ်းတယ်လို့ဆိုပါတယ်။ ဘယ်လောက်ထိကြမ်းသလဲဆိုရင်ဖြင့် အဲဒီထမင်းခဲကို ပန်းကန်ထဲထည့်လိုက်ရင်ဖြင့် ဂေါင်ကနဲ မြည်တယ်လို့ဆိုပါတယ်။ ဒါနဲ့စားဖို့ဟင်းကလည်း ခရမ်းချဉ် သီးဟင်းလေးသာ ပါတယ်လို့ဆိုပါတယ်။
ဒါနဲ့ ရဲဘော်လေးတွေက အဲဒီနေ့တော့ စဉ်းစားမိကြတယ်။ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ဟာ ငါတို့ကိုတော့ဒီလိုပဲကျွေးပြီး သူတို့ကတော့ ဟင်းပွဲ ၂၀၊ ၃၀ လောက်နဲ့များ စားနေကြလေမလားလို့တွေးပြီး ဗိုလ်ချုပ်တို့ရဲ့ ထမင်းစားခန်းကို ဝင်သွားတော့ ရဲဘော်လေးတွေ မျက်ရည်ကျခဲ့ရတယ်တဲ့။ ဘယ်လိုကြောင့်လဲဆိုတော့ဖြင့် ဗိုလ်ချုပ်တို့ လင်မယားကိုယ်တိုင်က သူတို့ကိုကျွေးတဲ့ထမင်းနဲ့ သတို့ကို ကျွေးတဲ့ဟင်းကိုပဲ နယ်ဖတ်စားနေကြတယ်လို့ ဆိုပါတယ်။
ဒါလေးကို နာထောင်ပြီးတော့ ကျနော့်ရင်ထဲမှာလည်း ဗိုလ်ချုပ်တို့အတွက် မျက်ရည်ကျမိရတယ်။ စဉ်းစားကြည့် တယ်၊ ဘာကြောင့်များ ဗိုလ်ချုပ်နောက်ကနေ တတိုင်းပြည်လုံးလိုက်ခဲ့ရတာလဲ။ ဒီလောက်ထိ ဆင်းရဲခံပြီး ကိုယ့်လက် အောက်နဲ့တသားတည်းနေတဲ့ ဗိုလ်ချုပ်နောက်မှ တတိုင်းပြည်လုံးမလိုက်ရင်ဖြင့် ဘယ်သူ့နောက် လိုက်ကြလေမလဲ။
ထို ခေတ် ထိုအခါမှာလည်း အခြားခေါင်းဆောင်တွေ ဗိုလ်ချုပ်ထက်ဝါရင့်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ရှိနေကြတာပဲ။ ဗိုလ်ချုပ်ရဲ့ ရိုးသားမှုနဲ့ လက်အောက်ကို ကြည့်မှုလေးတွေကြောင့် ဗိုလ်ချုပ်နောက်ကို တတိုင်းပြည်လုံး လိုက်ခဲ့ကြတာပါ။ ထိုနည်းတူစွာ ဗိုလ်ချုပ်ရဲ့ စစ်ထွက်မိန့်ခွန်းလေးကိုလည်း အကျဉ်းချုပ် ကြည့်ရအောင်။
"ရဲဘော်တို့ ငါတို့ဒီနေ့စစ်မြေပြင်ကိုထွက်မယ်။ မင်းတို့အတွက် ရမယ့်ဆုလာဘ်က သေမယ်၊ ငတ်မယ်၊ ပြတ်မယ်။ အနီးကပ်ဆုံးရန်သူကိုရှာတိုက်ကြ။ ငါလည်းမင်းတို့နဲ့ အတူလိုက်မယ်" သိပ်ကောင်းတဲ့မိန့်ခွန်းဗျာ။ မိန့်ခွန်းအစစ်ကတော့ ရှည်ပါတယ်။ ကျနော်ကတော့ အကျဉ်းချုံးဖော်ပြခြင်းဖြစ်ပါတယ်။
ဒီမိန့်ခွန်းမှာ သဘောအကျဆုံးကတော့ ငါလည်းမင်းတို့နဲ့ အတူလိုက်မယ် ဆိုတဲ့စကားစုလေးကိုပါပဲ။ ဦးဆောင်ရဲတယ် လုပ်ရဲတယ်။ မင်းတို့လုပ်ကြ ငါကတော့ စည်းစိမ်ခံမယ် ဆို တာမျိုးမဟုတ်ဘူး။ ဒီနေ့ခေတ်တော့ဖြင့် ဒို့ဗိုလ်ချုပ်တွေများ ပြောတော့ဖြင့် တမျိုး လုပ်တော့တဖုံနဲ့ ရဲဘော်တွေငတ်တော့ ငပိစားပြီးတိုက်တဲ့ တပ်မတော်တဲ့၊ ပင်ပန်းဆင်းရဲခံနိုင်တာတဲ့။ သူတို့တိုက်တွေကားတွေစီးပြီး ဟိုတယ်ပေါ်တက်စားတာက တော့ သူ့အဆင့်နဲ့သူတဲ့။ သိပ်တရားကျစရာကောင်းတာပဲကွာ။
နောက်တခုကွာ ဗိုလ်ချုပ်ရဲ့ ရုံးသွားရုံးပြန်လမ်းလေးတခုမှာ အကြော်ရောင်းနေတဲ့ လင်မယားရှိတယ်။ ဗိုလ်ချုပ်က မနက်တိုင်းကို သေချာဂရုတစိုက်ကြည့်မိပြီးတနေ့တော့ မနေနိုင်တော့တာနဲ့ သူ့ကားဒရိုင်ဘာကို ဒီနားမှာခဏရပ် လို့ပြော ပြီးကားပေါ်ကဆင်းသွားတယ်။ ဒီတော့ မနက်ခင်းဆိုင်ထွက်တဲ့ အကြော်သည်လင်မယားက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတော့တာပေါ့။ ဖြစ်မယ်ဆိုလည်း ဖြစ်မှာပဲလေ သူတို့ဆီကို ဦးတည်လာနေသူက မြန်မာတမျိုးသားလုံးက ချစ်ခင် လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတယ်။
ဒီမှာတင် ဒါကို ရိပ်မိတဲ့ဗိုလ်ချုပ်က အကြော်သည်မိန်းမကို ခင်ဗျား ဘာမှ မဖြစ်နဲ့ နေနေရတယ်။ နောက်တော့ အကြော်သည်ယောက်ျားကိုမေးတယ်။ ခင်ဗျားကို ကျနော် ကြည့်ကြည့်နေတာ မနက် တိုင်းပဲ ခင်ဗျားအလုပ်လုပ်တိုင်း အနွေးထည်လည်းမဝတ်ဘူး ဒီရာသီဥတုမှာ ခင်ဗျားမအေးဘူးလားလို့ မေးတယ်။ ဒီတော့ အကြော်သည်ယောက်ျားကလည်း ဟုတ်ကဲ့ဗိုလ်ချုပ်ခင်ဗျာ ကျနော်အေးပါတယ်။ ဒါပေမယ့် ရှိမှမရှိတာ ဘယ်တတ်နိုင်မှာလဲ။ ဒါပေမယ့် ဒီလိုပဲ မီးဖိုနားမှာ အလုပ်လုပ်ရင်းနဲ့ဆိုတော့ နွေးသွားတာပါပဲလို့ ပြန်ဖြေပါတယ်။ ဒီလိုလည်းပြောရော ဒို့ဗိုလ်ချုပ် ဘာလုပ်တယ်ထင်လဲ။
ခင်ဗျားဗျာတဲ့ ရော့ ကျုပ်ရဲ့ အနွေးကုတ်ကိုယူထားဆိုပြီး ဗိုလ်ချုပ်ရဲ့ တထည်တည်းသော ကုတ်ကို ချွတ်ပေးသွား တယ်ဗျာ။ ကြည့်စမ်းပါဦး။ ဗိုလ်ချုပ်စိတ်ဓာတ်ကို။ သူဟာ နိုင်ငံခေါင်းဆောင် သူ့ပြည်သူတွေ အဝတ်အထည်မရှိတာ စားစရာ မရှိတာ သူနဲ့ဆိုင်တယ်။ သူခေါင်ရှောင်လို့မရဘူး။ သူဟာ ခေါင်းဆောင်ဆိုတဲ့ စိတ်ဓာတ်နဲ့လေ။ သိပ်ကိုလေးစား အားကျစရာ ကောင်းလိုက်တဲ့ အပြုအမူလေးကွာ။ ဒို့တတွေရဲ့ ဗိုလ်ချုပ်များနဲ့တော့ ကွာပလို့ပဲ ပြောရတော့မှာပဲ။
နောက်ဆုံးတခုကတော့ကွာ ဒို့တပ်မတော်သားတွေနဲ့ သိပ်ကိုပတ်သက်တဲ့ကိစ္စလေးတခုပေါ့။ တနေ့ ဗိုလ်ချုပ်က စစ်စခန်းတခုကို သွားတော့ ဂိတ်စောင့်တဲ့ရဲဘော်လေးက စစ်ဆေးနေတာပေါ့။ ဘယ်သူလဲ ဘယ်ကလဲ ဘာကိစ္စလဲစသဖြင့် ပေါ့။ ဗိုလ်ချုပ်က ဘယ်သူဘယ်ဝါဆိုတာမပြောဘဲ တိုင်းပြည်ရေးကိစ္စလို့ပဲပြောသတဲ့။ အဲဒီအချိန်မှာ တပ်ကြပ်ကြီးတ ယောက်ရောက်လာပြီး ဟာ ဗိုလ်ချုပ်ခွင့်လွှတ်ပါခင်ဗျာ သူက ခုမှစရောက်လာတဲ့ ရဲဘော်သစ်လေးမို့ပါ မသိလို့ပါခင်ဗျာ ဆိုပြီး တောင်းပန်သတဲ့။ ဒါနဲ့ဗိုလ်ချုပ်လည်း အထဲဝင်သွားတယ်။
ရဲဘော်လေးစိတ်ထဲမှာလည်း တော်တော်တော့လန့်နေသ တဲ့။ ဘာလို့ဆို သူစစ်မေးနေတာက မြန်မာနိုင်ငံရဲ့ခေါင်းဆောင်လေ။ တပ်ကြပ်ကြီးကလည်း မင်းတော့ဒုက္ခရောက်တော့ မယ် ဗိုလ်ချုပ်ကိုတောင်မင်းမသိရဘူးလား ဘာလားပေါ့။ အဲဒီအချိန်မှာပဲ ဗိုလ်ချုပ်ရုံးခန်းက ရဲဘော်လေးကို ခေါ်တယ်ဆိုပြီး လာခေါ်ပါလေရော။
ရဲဘော်လေးစိတ်ထဲမှာတော့ သေချာပါပြီပေါ့။ ငါတော့ဒုက္ခရောက်ပါပြီဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဗိုလ်ချုပ်ရုံးခန်း ရောက်သွားတော့ ဗိုလ်ချုပ်က အပြုံးလေးနဲ့ပဲ အေး မင်းစိတ်ထဲမှာ တခုခုဖြစ်နေမှာစိုးလို့ ခေါ်လိုက်တာ။ ဒါအတွက်မင်းစိတ် ထဲမှာ ဘာမှဖြစ်မနေနဲ့။ မင်းလုပ်တာမှန်တယ်။ ဆက်ကြိုးစားလို့ ပြောပြီးပြန်လွှတ်လိုက်တယ်တဲ့။ ခုခေတ်ဒို့များဗိုလ်ချုပ်တွေ ဆိုရင်တော့ကွာ သေချာပါပြီနော်။ ဘယ်လိုဖြစ်မလဲတော့မသိဘူး။ ဒို့စစ်တက္ကသိုလ်တက်တုန်းက အဖြစ်လေးပြန်အမှတ်ရမိ သေးတယ်။ သက်ဆိုင်ရာ လူကြီးတွေနာမည်၊ ရာထူးနဲ့ ဓါတ်ပုံကို တွဲပြီးကျက်ခဲ့ရတာလေးပေါ့။
ကဲ ဒီတော့သူငယ်ချင်းရယ် ဒို့တွေလက်ထက်ကြရင် ဒို့ဗိုလ်ချုပ်လို ဖြစ်အောင်ကြိုးစားကြရအောင်။ နောက်ပြီး တော့အဲလိုဗိုလ်ချုပ်တွေများများ ပေါ်ထွန်းလာဖို့ မင်းတို့ငါတို့ ကြိုးစားကြရမယ်။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင် တိုက်ပွဲဝင်ကြရမယ်သူငယ်ချင်းတို့။ စစ်သားတွေက ချိုင်းထောက်၊ ဗိုလ်ချုပ်တွေက တိုက်ဆောက်နေတာကို သိပါလျက်နဲ့ ခံနေရင်တော့ ခံနေတဲ့သူအပြစ်ပဲသူငယ်ချင်း။
ဒီတော့ ချိုင်းထောက်နဲ့စစ်သားတွေအတွက် အခွင့်အရေးရရှိဖို့ ချိုင်းထောက် မဖြစ်သေးတဲ့ ဒို့တွေရဲ့ သေဖော်သေဖက် ရှင်ဖော်ရှင်ဖက် ရဲဘော်စစ်သည်များရဲ့ ဒုက္ခတွေကင်းလွတ်ဖို့အတွက် တိုက် ဆောက်နေကြတဲ့ ဗိုလ်ချုပ်တစုကြောင့်ပြောခံနေရတဲ့ ဒို့တပ်မတော်ကြီးပြန်လည်ပြီးတော့ နာမည်ရဖို့အတွက် ဒို့တပ်မတော် သားအခွင့်အရေးတွေအတွက် ပြည်သူတွေဆုံးရှုံးထားရတဲ့ အခွင့်အရေးတွေအတွက် ငါတို့ တပ်မတော်သားတွေက ဦဆောင်လို့ တိုက်ပွဲဝင်ကြရအောင်လို့ပဲ ပြောလိုက်ပါရစေ။
စစ်သားတွေက ချိုင်းထောက် ၊ ဗိုလ်ချုပ်တွေက တိုက်ဆောက် တဲ့ခေတ်ကို ငါတို့ကျော်လွှားကြဖို့ အချိန်တန်ပါပြီ။ ကျော်လွှားနိုင်အောင်လည်း ကြိုးစားကြရအောင်ပါလို့ပြော တပ်မတော် သားညီအကိုများကို တိုက်တွန်းလိုက်ရပါတယ်။
ဗိုလ်ရဲထက်
(ရဲထက် ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြပါသည်။)
0 comments:
Post a Comment