Tuesday, November 29, 2011

မစုစုနွေး နှင့် အင်တာဗျူး

မစုစုနွေးအင်တာဗျူးအသံဖိုင်...<a href="http://www.mediafire.com/?vlq45kqwd3xb6rt" target="_blank">http://www.mediafire.com/?vlq45kqwd3xb6rt</a>


မစုစုနွေး (၄၀)း “ဥပဒေဘောင်က လူ့အခွင့်အရေးအတွက် ဥပဒေကို မချိုးဖောက်ဘဲ ရုန်းကန်နေကြဆဲ”
မစုစုနွေးသည် အသက်(၄၀)နှစ်ရှိပြီး ၁၉၇၁ ခုနစ်တွင် ရန်ကုန်တိုင်း၊ ကော့မူမြို့နယ်၊ ထန်းမနိုင်ရွာ၌ ဖွားမြင်ခဲ့ပါသည်။ သူမသည် မြန်မာနိုင်ငံတွင် လူသိများသော ဒီမိုကရေစီအသွင်ပြောင်းလဲရေးရေဒီထဲမှ တစ်ယောက်ဖြစ်ပါသည်။ အလုပ်သမားအခွင့်အရေး၊ ကလေး လူငယ်များကို အတင်းအကျပ်စစ်မှုထမ်း ခိုင်းခြင်းများနှင့်ပတ်သက်သော လှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။ ၂၀၀၇ခုနှစ်တွင် နိုင်ငံတော်ကိုသစ္စာဖောက်မှုဟူ၍ ခေါင်းစဉ်တပ်ကာ ထောင်ဒဏ်(၈)နှစ် ချမှတ်ခြင်းခံခဲရ့သည်။ အောက်တိုဘာလ၊ ၂၀၁၁တွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသဖြင့် မတရားဖမ်းဆီးခံရာမှ ပြန်လည်လွတ်မြောက် လာခဲ့ခြင်းဖြစ်သည်။ မစုစုနွေး ထောင်ကလွတ်လာပြီး ရက်အနည်းငယ်ကြာ ကျွန်ုပ်တို့ သူမနှင့် ဆက်သွယ်ပြီး စကားပြောခဲ့သည်။
အမေး။  ။  မစုစုနွေး နေကောင်းပါသလား။ လွတ်မြောက်လာပြီးနောက် ကျန်းမာရေုးအခြေအနေကိုသိပါရစေ။
 “ကျွန်မလက်ရှိ ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ ဒေါက်တာဦးတင်မျိုးဝင်းနဲ့လည်း သွားစစ်ပြီပါပြီ၊ အီးစီဂျီပဲရိုက်ရသေးတာ၊ သွေးကတော့မစစ်ရသေးဘူး။ အီးစီဂျီရလဒ်က ကောင်းပါတယ်။”
အမေး။  ။ ယခုလက်ရှိမစုစုနွေး ဘယ်မှာ နေပါသလဲ။ မိဘတွေနဲ့လား ဒါမှမဟုတ် ဘယ်သူတွေနဲ့အတူတူနေ နေတာလဲ။
“ကျွန်မမိဘတွေက မရှိတော့ပါဘူး။ ညီကိုယ်မောင်နှမတွေက သူတို့အိမ်ထောင်နဲ့သူတို့ဆိုတော့ ကျွန်မ တစ်ယောက်တည်းပဲလေ။ ဒါကြောင့် လောလောဆယ် ရန်ကုန်မှာ NLDအဖွဲ့ဝင်တချို့နဲ့ အတူနေပါတယ်။”
အမေး။  ။ မစုစုနွေးအနေနဲ့ အကူအညီတွေ အလိုရှိပါသလား။
“လောလောဆယ် ကျွန်မအဆင်ပြေပါတယ်။ ဘာအကူအညီမှ မလိုသေးပါဘူး။”
အမေး။  ။ ထောင်ကနေ လွတ်တော့မယ်လို့ မစုစုနွေးကြိုသိပါသလား။ အာဏာပိုင်များက မစုစုနွေး လွတ်တော့မယ်ဆိုတာကို ဘယ်အချိန်မှ သတင်းပို့ခဲ့ပါသလဲ။
“ဟုတ်ကဲ့ ကျွန်မလွတ်မယ်လို့ ကြိုသိပါတယ်။ သြဂုတ်လကတည်းက တစ်ခါပြောပါတယ်။ စက်တင်ဘာမှာ ထောင်ပိုင်တွေက အောက်တိုဘာလမကုန်ခင် နိုင်ငံတော်ကလာမည်။ မစုစုနွေးတို့အရှေဆုံးကနေ ပြန်လွတ်တော့မယ်လို့ပြောပါတယ်။ ဒါကြောင့် ကျွန်မ ကျန်းမာရေးကို ဂရုစိုက်ပါ။ ဒါပေမယ့် တရားဝင် ကျိန်းသေလွတ်မယ်လို့ ညွှန်ကြားချက်နဲ့ပြောတာ မဟုတ်ဘူးပေါ့။ သူတို့ ခန့်မှန်းပြီးပြောခဲ့တာလေ။”
အမေး။  ။ ထောင်မှာ ဘယ်လောက်ကြာကြာ နေခဲ့ရတာလဲ။
“ကျွန်မ ထောင်မှာ (၄)နှစ်နီးပါး နေခဲ့ရတယ်။ သည်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ဆိုရင် (၄)နှစ်ပြည့်ပါပြီ။”
အမေး။  ။ ထောင်ထဲမှာ မစုစုနွေးကို ရိုက်တာမျိုးတွေ၊ နှိပ်စက်တာမျိုးတွေရှိခဲ့ပါသလား။
“ရုပ်ပိုင်းဆိုင်ရာတော့ အနှိပ်စက်မခံရပေမဲ့ စိတ်ပိုင်းဆိုင်ရာကျတော့ ဖိအားပေးပြီး ထောင်ပုံစံအရ ထိခိုက်သွား အောင် ဆက်ဆံတာမျိုး။ လူသားချင်းအပေါ် စာနာမှုမရှိဘဲ ဆက်ဆံပြောဆိုတာမျိုးတွေ လူသားမဆန်စွာ တိုက်ခိုက်တာမျိုးရှိပါတယ်။”
အမေး။  ။ မစုစုနွေးနေခဲ့သောထောင်မှာ အခြားနိုင်ငံရေးအကျဉ်းသာတွေကျန်သေးလား။
“သိပ်ကျန်တာပေါ့။ ကျွန်မအပါအဝင် နိုင်ငံရေးအကျဉ်းသား (၁၇)ယောက်ရှိတယ်။ ကွန်မတို့ခြောက်ယောက် အခုလွတ်လာတော့ ဆယ့်တစ်ယောက်က အထဲမှာပဲ ကျန်နေတုန်းပဲလေ။ အဲဒီဆယ့်တစ်ယောက်မှာ ထောင်ဒဏ် အနှစ် (၆၀) ကျခံရတဲ့ မန္တလေးက ဘုန်းကြီးတစ်ပါးရှိတယ်။ ကျွန်မ ဘုန်းဘုန်းရဲ့ဘွဲ့ကိုလည်း မသိပါဘူး။ ဒါ့အပြင် သူ့မှာထောင်ဝင်စာလာတွေ့တဲ့သူ တစ်ယောက်မှ မရှိဘူး။ ကျွန်မ ဘုန်းဘုန်းကို နေ့တိုင်း ဆွမ်းကပ်ပါတယ်။ ရှိတာလေးနဲ့ လှူ၍သော်လည်းကောင်း၊ ပံ့ပိုး၍သော်လည်ကောင်း ပြုခဲ့ပါတယ်။ ကျွန်မက ထောင်မှာ အဲဒီဘုန်းကြီးရဲ့ဒကာမပေါ့။”
အမေး။  ။ မစုစုနွေး ထောင်ထဲမှာရှိတုန်းက မိသားစုတွေ၊ ထောင်ဝင်စာလာတွေ့တာ ရှိလား။ တခြားအဖွဲ့ တွေကရော ဘယ်ကလာပို့တာလဲ။
“အိမ်ကမိသားစုက နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် လာတွေ့ပါတယ်။ ကျန်တဲ့အဖွဲ့အစည်းကတော့ သူတို့ ကျွန်မဆီ ပို့ချင်ပေမယ့် ထောင်ကလက်မခံပါဘူး။ ကျွန်မအမကြီးနှင့်သူ့ခင်ပွန်း လာတွေ့တာကို အမကြီး ခင်ပွန်းကို တွေ့ခွင့်မပေးဘူး။ အမကြီးတစ်ယောက်ပဲ ကျွန်မကို ထောင်ဝင်စာလာတွေ့လို့ရတာ။”
အမေး။  ။ ထောင်မှာတစ်နေ့သာ အချိန်တွေကို မစုစုနွေးဘယ်လိုဖြတ်သန်းပြီး ကုန်လွန်ခဲ့ပါသလဲ။
“ကျွန်မထောင်မှာ ရှိနေချိန်က မနက် (၃း၃၀) ထပြီး၊ (၄း၀၀) အထိ ဘုရားရှိခိုးပါရှိတယ်။ နံနက် (၆း၀၀)မှာ  ကျွန်မပြုခဲ့သော ကောင်းမှုကုသိုလ်အဝဝ၏အကျိုးကို ခံယူဘို့ အားလုံးအတွက် အမျှဝေတယ်။ (၇း၀၀) အထိ လေ့ကျင့်ခန်းလုပ်ပါတယ်။ မနက်စာကို (၇း၀၀) မှာစားတယ်။ အခန်းရှင်း၊ သန့်ရှင်းရေးလုပ်ပါတယ်။ ပြီးတော့ သနပ်ခါးလိမ်းတယ်။ ၈ နာရီကစပြီး ပုတီးစိပ်တယ်။ သတင်းစာဖတ်တယ်။ ၉ နာရီမှာ ရေချိုးတယ်။ ၁၀း၀၀ နောက်ပိုင်း နေ့လယ်စာ စားပြီး လမ်းလျှောက်တယ်။ စာဖတ်တယ်။ (၁၁း၃၀ကနေ ၁း၀၀)ထိ အနားယူတယ်။ ၂ ချက်မထိုးမီ တရားမထိုင်ခင်ထိပေါ့။ ကျန်းမာရေးကောင်းအောင် ()သုတ်တော်ကိုရွတ်ပြီး (၂း၀၀ နှင့် ၄း၀၀)အတွင်း စာဖတ်တယ်။ ညစာစားပြီးလျှင် ငါးနာရီမခွဲခင်ထိ စိမ်ပြေနပြေလမ်းလျှောက် ဒါမှမဟုတ် လိုက် လည်တယ်။ (၆း၁၀)တီးတာနဲ့ ကိုယ့်နေရာ ကိုယ်ပြန်ရတယ်။ ဒါနဲ့ အဲဒီအချိန်မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာပို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးဆုတောင်းပွဲလုပ်တယ်။ တစ်နိုင်ငံလုံးမှာ အကျဉ်းကျခံနေရသော သံဃာတော်အရှင်မြတ်တွေကို မေတ္တာပို့တယ်။ လွတ်မြောက်ပါစေလို့ ဆုတောင်းတယ်။ ပြီးရင် မောရသုတ်နှင့် မေတ္တာသုတ်ကို ရွတ်တယ်။ ၆း၁၀ဆိုရင် တန်းပိတ်ချိန်ရောက်ပြီလေ။ ကျွန်မ ထောင်မှာ အချိန်ဇယားဆွဲပြီး နေခဲ့ပါတယ်။”
အမေး။  ။ ဘယ်လိုယုံကြည်မှုတွေကြောင့် အခုလိုသတ္တိတွေ ခွန်အားတွေ ထောင်မှာ ရှိနေတာလဲ။
“ကျွန်မတို့ လိုချင်တာက ရှိသင့်ရှိထိုက်တဲ့ အမှန်တရား၊ လူ့အခွင့်အရေးတွေပေါ့။ ကျောင်းသူ၊ ကျောင်းသား ဆိုရင်လည်း ကျောင်းသူ၊ကျောင်းသားအခွင့်အရေးရှိရမယ်။ အလုပ်သမား၊လယ်သမားဆိုရင် အလုပ်သမား၊ လယ်သမားအခွင့်အရေးရှိရမယ်။ အမှန်တရားအတွက်ဆိုရင် ဖိအားပဲပေးပေး၊ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်။ ကျွန်မအပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး လူ့အခွင့်အရေးရရှိရေးနှင့် အမှန်တရားအတွက် တောင်းဆိုရန် ရပ်တည်ပေးမယ်။ သတ္တိရှိတယ်ဆိုတာ အာဏာပိုင်လက်ခုပ်ကြားမှာရှိနေခိုက် ကျွန်မတို့ လိုချင်သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို ကြောက်ကြောက်နဲ့ တောင်းဆိုပြီး တွန်းလှန်နေရတာပါ။”
အမေး။ ။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက မစုစုနွေးရဲ့ လွတ်မြောက်ရေးအတွက် သူတို့နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြတယ်။ အနောက်နိုင်ငံတွေမှာ မစုစုနွေး အတွက် campaigne လုပ်ပေးနေကြတယ်ဆိုတဲ့ သတင်းတွေကို မစုစုနွေး ရရှိပါသလား။
“ဘာမှမသိခဲ့ဘူး။ ဘာမှလဲ မကြားခဲ့ရဘူး။ ကျွန်မထောင်ထဲမှာရှိတုန်းက အပြင်သတင်း၊ ပြည်ပသတင်းတွေ မရဘူး။ ကျွန်မကို မိသားစုကနေ ထောင်ဝင်စာလာတွေ့လေ့ရှိတဲ့ အမကြီးကလည်း အပြစ်ကင်းစင်တဲ့တောသူ၊ တောင်သားဖြစ်တော့ နိုင်ငံရေးလည်း မပတ်သက်ဘူး။ ထောင်ပိုင်က သူ့ကို ပြင်ပအဖြစ်အပျက်တွေ လုံးဝ ယူမသွားရဘူးလို့တားတယ်။ ကျွန်မကိုလည်း တစ်ယောက်တည်းထားတယ်။ တခြားနိုင်ငံရေး အကျဉ်းသား တွေနဲ့ ပတ်သက်ခွင့်မရှိဘူး။ ထောင်အပြင်ရောက်လာတော့မှ ကျွန်မအဲဒီအကြောင်းတွေ သိခဲ့၊ ကြားခဲ့ပါတယ်။ ကျွန်မအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကိုယ်စား ပြည်တွင်း၊ ပြည်ပကနေ ဆုတောင်းပေးနေကြတဲ့သူအားလုံးကို ကျေးဇူးအထူးပဲတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။”
အမေး။  ။ နိုင်ငံရေးအကျဉ်းသားတွေက အာဏာပိုင်အဖွဲ့အစည်းအသီသီးဆီကို စာရေးပြီး၊ တောင်းဆိုမှုပြုလုပ်ခဲ့တဲ့အပေါ် မစုစုနွေး ဘယ်လိုမြင်ပါသလဲ။ အဲဒါတွေက လက်တွေ့အထောက်အကူ ပြု ပါသလား။
“နိုင်ငံတကာအထောက်အကူ၊ နိုင်ငံတကာမီဒီယာတွေတောင်းဆိုမှုနှင့် ပြည်တွင်း၊ပြည်ပ တောင်းဆိုမှု သည်လို ဖိအားတွေကြောင့် ကျွန်မလွတ်လာခဲ့တယ်လို့ ယုံတယ်။”
အမေး။  ။ ဒီဇင်ဘာ ၁၀ရက်၊ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ (၂၀၁၀) ခုနှစ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသားခွင့်အဖွဲ့ကြီးက မစုစုနွေးရဲ့လွတ်မြောက်ရေးအတွက် နိုးကြားထကြွနေကြတယ်။ ကမ္ဘာတစ်ဝန်း ရှိကြတဲ့လူတွေက မစုစုနွေးအတွက် စာတွေရေးပေးကြ၊ မီဒီဃာတွေက မစုစုနွေးနှင့် ပတ်သက်သော ခံစားချက်တွေ ပြောကြ၊ မစုစုနွေးရဲ့ဓာတ်ပုံကိုကိုင်ပြီး ဖယောင်းတိုင်များထွန်းညှိကာ ဆုတောင်းပေးနေကြ၊ ဆန္ဒပြနေကြတာကို မစုစုနွေးသိခဲ့ရပါသလား။ မစုစုနွေးရဲ့လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့သူတွေကို ဘာများစကားလက်ဆောင်ပါးချင်ပါသလဲ။
“မသိခဲ့ရပါဘူး။ အပြင်ရောက်တော့မှ ကြားခဲ့ရပါတယ်။ ကျွန်မအကျဉ်းကျခံနေတဲ့အတောအတွင်း ပြည်တွင်း ပြည်ပသတင်းတွေနဲ့ အဆက်အသွယ်ပျက်နေအချိန်မှာ ကျွန်မရဲ့လွတ်မြောက်ရေးအတွက် ကြိုးကြိုးစားစားနှင့် ဆောင်ရွက်ပေးတဲ့ ပြည်တွင်းပြည်ပနိုင်ငံရေးအဖွဲ့အစည်းအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အာဏာရှင်ရဲ့လက်ထဲမှာ ကျန်ရှိနေသေးတဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဆက်လက်တွန်းအားပေး၊ ကြိုးစားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ”
အမေး။  ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ အနောက်နိုင်ငံတွေက ဘယ်လိုလုပ်ပေးနိုင်မယ်ထင်ပါသလဲ။
“လူ့အခွင့်အရေးကို အထောက်အကူပေးနိုင်ဖို့ ကျွန်မတို့မြန်မာပြည်တွင်းကလှုပ်ရှားသူနဲ့ အဆက်မပြတ် ချိတ်ဆက်ပြီး၊ သတင်းမှန်တွေကိုလည်း အဆက်မပြတ်စေပဲ မျက်စိတောင့်ထောက် ကြည့်စေချင်တယ်။ ပြီးရင် မြန်မာနိုင်ငံတော်အစိုးရ၊ အခုသမ္မတဦးသိန်းစိန်ထံသို့ တောင်းဆိုဖို့လိုပါတယ်။ ကူညီချင်ရင်တော့ အထဲမှာ ဘာတွေဖြစ်ပျက်နေကြလဲဆိုတာကို ကောင်းကောင်းသိနေရမယ်။ လွန်ခဲ့သောတစ်ရက်၊ နှစ်ရက်က ဂျာနယ် တစ်ခုအတွက် လူတွေ့မေးမြန်းခံရတယ်။ ကျွန်မ သူတို့ကို အကျဉ်းကျခံရတုန်းက ထောင်အသီသီးပြောင်းခဲ့တဲ့ အတွေ့ကြုံလေးကိုပဲပြောပြတာ။ အမှန်ပြောခဲ့တာ အပိုတွေလည်းမပြောခဲ့ပါဘူး။ အဲဒါကို ဂျာနယ်ထဲ ပါဝင် ထုတ်ဝေခွင့်မပေးဘူး။ ဒါ့ကြောင့် လူ့အခွင့်အရေးဆိုင်ရာ သတင်းကို အမှောင်မချဘဲ အမှန်ထုတ်ဖော် ခွင့်ရအောင် ပြည်သူလူထုတွေသိစေဖို့ ပြောကြားပိုင်ခွင့်၊ ထုတ်ဝေပိုင်ခွင့်အတွက် လွတ်လပ်စွာ ဆောင်ရွက် စေချင်ပါတယ်။ တောင်းဆိုစေချင်ပါတယ်။”
အမေး။ ။ မစုစုနွေးလာမယ့် အနာဂတ်အတွက် ဘာတွေရည်ရွယ်ထားပါသလဲ၊ ဘာတွေရည်မှန်းချက်ထား ပါသလဲ။
“မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးအနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ အတွက် အသက်စွန့်စားခဲ့တယ်။ ဒီမိုကရေစီအနှစ်သာရဖြစ်တဲ့ လူ့အခွင့်အရေးကို ပြည်သူတစ်ရပ်လုံးရရှိဖို့ အတွက် ဆောင်ရွက်ဖို့ဆို ကျွန်မ အသက်ရှင်နေသ၍ နောက်ထပ် ထောင်ကျမှာကိုလည်းမကြောက်ဘူး။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်ဆိုရင် အနောက်ကနေရမယ်ပဲဖြစ်ဖြစ်၊ ဦးဆောင်ဖို့အရှေ့ကနေပဲဖြစ်ဖြစ် ရပ်တည်ဖို့အဆင်သင့်ပဲ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပြည့်အဝရရှိခံစားပိုင်ခွင့်အတွက် ကျွန်မဆက်ပြီး လှုပ်ရှားသွားမည်ဟု ပြည်တွင်း၊ ပြည်ပမြန်မာနိုင်ငံသားအားလုံးကို ကျွန်မကတိပေးပါတယ်။”
အမေး။  ။  မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့်လွတ်လပ်ရေးဟာ ဘယ်လိုနည်းနဲ့ကြိုးစားရင် ရမယ်လို့ထင်ပါသလဲ။
“လွတ်လပ်ရေးနှင့်ဒီမိုကရေစီရရှိဖို့ နိုင်ငံရေးလှုပ်ရှားမှုနှင့် နိုင်ငံရေးအဖွဲ့အစည်းတွေပဲ ကြိုးစားလို့လည်း မဖြစ်ပါဘူး။ လွတ်လပ်တဲ့ဒီမိုကရေစီ၊ လူ့အခွင့်အရေးပြည့်အဝတဲ့ဒီမိုကရေစီရရှိဖို့ဆိုရင် ပြည်သူတစ်ရပ်လုံး ပန်းတိုင်ရောက်အောင် အားလုံးဝိုင်းဝန်း၊ ပူးပေါင်းပါဝင်မှသာ ရမယ်လို့ကျွန်မယူဆပါတယ်။ စည်းလုံးညီညွတ် စွာ ပူးပေါင်းတိုက်ခိုက်လျှင် ကျွန်ုပ်တို့လိုချင်လှတဲ့ ဒီမိုကရေစီ၊ လွတ်လပ်ငြိမ်းချမ်းမှုနှင့် လူ့အခွင့်အရေးတွေကို မရစရာအကြောင်းမရှိပါဘူး။ အဖွဲ့အစည်းတွေကပဲ လှုပ်ရှားတောင်းဆိုပြီး၊ ပြည်သူတွေက ကြောက်နေမယ် ဆိုရင် ပန်းတိုင်ရောက်တော့မှာမဟုတ်ပါဘူး။ ဒါမှကျွန်မတို့ရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း အသက်နဲ့ရင်းခဲ့ ရတဲ့ အကျိုးတွေလည်း ပြန်ခံစားရာရောက်တယ်။ အပြစ်ဒဏ်ကို ကြောက်နေမယ်ဆိုရင် စစ်မှန်သောဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဘယ်တော့မှ ခံစားပိုင်ခွင့်ရမှာမဟုတ်ဘူး။ ကျွန်မတို့လိုချင်တဲ့ လူ့အခွင့်အရေးကိုရဖို့ ဥပဒေဘောင်ကနေ တောင်းဆိုနေပါတယ်။ ဒါက ဥပဒေအရ ကျွန်မတို့ ဥပဒေကို မချိုးဖောက်ပါဘူး။ ဒါပေမဲ့ အာဏာရှင်တွေက သူတို့ကိုယ်တိုင်ထုတ်ပြန်ထားသော ဥပဒေကို သူတို့ချိုးဖောက်တယ်။ ဥပမာ ပေးရမယ်ဆိုရင် လယ်သမားတွေဆီကနေ လယ်၊ မြေများကို သူတို့ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူတယ်။ ဒီကိစ္စလည်း ကာယအလုပ်သမားများကို အတင်းအဓမ္မဖိအားပေးရာရောက်တယ်။ ဒါ့အပြင် သူတို့စစ်တပ်မှာ ကလေးစစ်သားမရှိပါဘူးလို့တောင် အခိုင်အမာဆိုလိုက်သေးတယ်။ တကယ့် တကယ်မှာတော့ ကလေးစစ်သား အများကြီကျန်ရှိနေသေးတယ်လေ။ မြန်မာတစ်နိုင်ငံလုံး ကိုယ့်အခွင့်အရေးကို ကိုယ်သိရှိပြီး၊ တောင်းဆို ပေးကြပါလို့။ နောက်ထပ် စိတ်ရှိလက်ရှိလှုပ်ရှားဖို့လည်း အားလုံးကို တိုက်တွန်းချင်ပါတယ်။”
အမေး။  ။ အနောက်နိုင်ငံ NGO အဖွဲ့တွေအပါအ၀င် တခြားလူမှုရေးအဖွဲ့တွေမှာ အမျိုးသမီးတွေ တက်ကြွလှုပ်ရှားနေကြတာလည်းရှိပါတယ်။ မစုစုနွေးအနေနဲ့ အဲဒီအမျိုးသမီးတွေကို ဘာသတင်းစကားများ ပြောချင်ပါသလဲ။
“အမျိုးသမီးတွေဘက်ကနေပြီးတော့ အမျိုးသမီးအခွင့်အရေးတောင်းဆိုပြီး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ပြောချင်တာက ကျွန်မတို့မြန်မာနိုင်ငံမှာတော့ အမျိုးသမီးလွတ်လပ်ခွင့်၊ အမျိုးသမီးအခွင့်အရေး တွေ ဆုံးရှုံးနေပါတယ်။ အဲဒါကို မြန်မာပြည်သူ အမျိုးသမီးတွေဘက်ကနေ တောင်းဆိုပြီး၊ ကျွန်မတို့လည်း ကြိုးစားသွားမယ်။ ကျွန်မကိုယ်တိုင်ထောင်ထဲမှာ မိန်းမပျိုလေးတွေနှင့် အမျိုးသမီးကြီးတွေပါ အများကြီး တွေ့ခဲ့ရသလောက် သူတို့တွေဟာ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံနေရတယ်။ တကယ်ဝမ်းနည်းဖို့ ကောင်းတယ်။ ဒီလိုအဖြစ်မျိုးတွေမှာကိုယ့်အမျိုးသမီးတွေကို မဖြစ်စေချင်ဘူး။ အမျိုးသမီးအခွင့်အရေး အောင်မြင်စွာဖြစ်မြောက်ရေးကို ပြည်ပမှအမျိုးသမီးတွေဘက်ကနေ ဆက်လက်ပြီး ဆက်လှုပ်ရှားဖို့ ပြင်းပြင်းပြပြ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မလည်း ကျွန်မတို့အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင် သွားမယ်လို့လည်း ပြောချင်ပါတယ်။”



0 comments:

Post a Comment