Wednesday, August 31, 2011

ပြည်တော်ပြန်အရေး ခွေးသိန်းစိန်စကားနားမယောင်လေနဲ့

ကိုညီညီအောင်တို့  ပြည်တော်ပြန်ဝင်ဖို့  ဆိုတာ “အဝေးမြေမှ ညီအစ်ကိုတို့ ရေ..ပြန်လာချင်စိတ် ရှိခဲ့ရင်လည်း အောင့်အီးသည်းခံ နေပေးကြပါဦး။

မြန်မာနိုင်ငံအနှံ့  ထောင်အသီးသီးမှာ ရှိနေကြတဲ့ ကျွန်တော်တို့ ရဲ့  ရဲဘော်ရဲဘက် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့အချိန်ထိပေါ့။

ကျေးဇူးမမေ့ပါဘူး။” ဖေ့ဘွတ်မှာ လွန်ခဲ့တဲ့ ၃ ရက်က ကျွန်တော်ရေးခဲ့တဲ့ စာသားလေးပါ။

နိုင်ငံရေးမှာ သံယောဇဉ်တို့ ၊ ခံစားမှုတို့ ဆိုတာ ရှိကိုရှိရမယ်လို့  ကျွန်တော်ခံယူထားပါတယ်။ ဦးနှောက်နဲ့ 

စဉ်းစားရမယ်၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ် ဆိုတဲ့ ကြွေးကြော်သံကို ကျွန်တော့်ဘဝ

တလျောက်လုံး ငြင်းပယ်ထားပါတယ်။ ၁၉၈၈ ခု၊ စစ်အာဏာသိမ်းအစိုးရရဲ့  အသားလွတ်ရင့်သီးနှိပ်စက်မှုတွေ

ကို ထိုက်သင့်သလောက် ကျွန်တော်ခံခဲ့ရပါတယ်။ ကျွန်တော့်ကို ဖမ်းမမိလို့  အဖေနဲ့  ကျွန်တော့်ဇနီးကို

စမ်းချောင်းရဲစခန်း၊ အင်းစိန်အကျဉ်းထောင်တို့ ကို ပို့ ပြီး ယုတ်မာရက်စက်စွာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာတွေ

ကို ကျွန်တော် ဘယ်လိုဖျောက်ဖျက်ရပါ့မလဲ။ အဖေနဲ့ ဇနီးဟာ တစ်ချက်မှ မငြီးငြူခဲ့ပါဘူး။

အဲဒီလိုဖြစ်စဉ်မျိုးတွေ၊ တွေးလိုက်တိုင်း တနုံ့ နုံ့  နာကျင်နေရတာမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာ ဒုနဲ့ ဒေးပါ။

သား၊ သမီးတွေက နိုင်ငံရေးကြောင့် ထောင်ကျချိန်မှာ မိဘတွေက ကွယ်လွန်တိမ်းပါးသွားတာတွေ၊ မိဘတွေက

အကျဉ်းထောင်ထဲရှိချိန်မှာ မိဝေးဘဝေးစွာနဲ့  ကြီးပြင်းခဲ့ရတဲ့ ရင်နှစ်သည်းချာတွေရဲ့ ဘ၀တွေ၊ နောက်ဆုံးထွက်

သက်တွေကိုမတွေ့ လိုက် မမြင်လိုက်ရဘဲ ထာဝရဝေးကွာသွားခဲ့ကြတဲ့ နိုင်ငံရေးမိသားစုဝင်တွေ လမ်းတိုင်း

ရပ်ကွက်တိုင်းမှာ မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး။ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုရအောင်လည်း

ခက်လှပါတယ်။

.................

“ယခုအချိန်သည် အချင်းချင်းငြင်းခုံနေရမည့်အချိန်၊ တစ်ဥိးနှင့်တစ်ဦး၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ အပြစ်ရှာ၊ အပြစ်

ပြောနေကြရမည့် အချိန်မဟုတ်တော့ကြောင်း....၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုရောက်နေကြတဲ့

မြန်မာနိုင်ငံသား တိုင်းရင်းသားတွေကိုလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သွားတာ မရှိဘူးဆိုရင် အချိန်မရွေး

ပြန်လာနိုင်ဖို့  ကျွန်တော်တို့  စဉ်းစားပေးမှာဖြစ်ပါတယ်”

သြဂုတ်လ (၁၇)ရက်နေ့ က မြန်မာနိုင်ငံသမ္မတဦးသိန်းစိန် ပြောသွားတဲ့ အထက်ပါ စကားတချို့ နဲ့ ပက်သက်

ပြီး ပြည်ပကိုရောက်နေကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့  အမြင်သဘောထားတွေကို မီဒီယာတွေမှာ

ဆက်တိုက် တွေ့ လာရပါတယ်။ ၁၉၈၈ ခုနှစ်၊ ၈၈၈၈ အရေးတော်ပုံကြီးဖြစ်ပြီးကတည်းက ဒီမိုကရေစီရေး

တိုက်ပွဲအတွက် ပြည်ပကို ထွက်ခွာသွားကြတဲ့သူတွေထဲမှာ ကျွန်တော့်သူငယ်ချင်း မြောက်များစွာရှိပါတယ်။

နော်ဝေး၊ ထိုင်း၊ အမေရိကန်၊ကနေဒါ၊ အင်္ဂလန်၊ သြစတေးလျ စတဲ့နိုင်ငံတွေမှာ ရပ်တည်အခြေချပြီး မြန်မာပြည်

ဒီမိုကရေစီရေးအတွက် လှုပ်ရှားရုန်းကန်နေကြသူများရဲ့  ခံစားချက်တွေကို ကိုယ်ချင်းစာနိုင်ကြဖို့  သိပ်အရေးကြီး

ပါတယ်။

တယ်လီဖုံး၊ အီးမေး၊ ဖေ့ဘွတ်တွေက တစ်ဆင့် သူတို့ ရဲ့  အမြင်တွေ၊ ရှုထောင့်တွေ၊ ဆန္ဒတွေကို ကျွန်တော်

သိခွင့်ရခဲ့ပါတယ်။ မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့  ကင်းကွာပြီး နိုင်ငံရပ်ခြားမှာ ဘ၀အခြေချရှင်သန်ဖို့ ဆိုတာ

ပြည်တွင်းမှာ ထိုင်နေပြီး “လွယ်ပါတယ်” လို့  လက်လွတ်စပယ် ငါ့စကားနွားရ ပြောလို့ မဖြစ်ပါဘူး။ သူတို့ တတွေ

ရဲ့ ရုန်းကန်မှုတွေ၊ ပင်ပန်းဆင်းရဲစွာ အံကြိတ်ကြိုးစားရတာတွေ၊ အနှိမ်ခံအပြောခံပြီး လက်စမသတ်နိုင်သေးတဲ့

ပညာရေးကို ပြီးမြောက်အောင် လုံ့ လစိုက်ထုတ်ရတာတွေ၊ တရိပ်ရိပ်တက်လာတဲ့ အိမ်အလွမ်းစိတ်တွေကို

မျက်ရည်စတွေနဲ့  ကြိတ်မှိတ်အနားသတ်လိုက်ရတာတွေ စသဖြင့် နေ့ နေ့ ညည ခံစားချက်တွေကို ကျွန်တော်တို့ 

နားလည်ပေးရပါလိမ့်မယ်။ သူတို့  မပျော်ကြဘူးလို့  ကျွန်တော် တစ်ထစ်ချ ယုံတယ်။

အမေက ထောင် (၆) နှစ်၊ ညီမက ထောင် (၆၅) နှစ်၊ နောက်ညီမ တစ်ယောက်က ထောင် (၁၁) နှစ်၊ ညီမ

ခင်ပွန်းက ထောင် (၁၁) နှစ်၊ နောက်ညီမ ခင်ပွန်းသည်တစ်ယောက်က ထောင် (၁၄) နှစ်.. သူကိုယ်တိုင်က

၈၈ ခုနှစ်ကတည်းက မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်ပမှာ ရှင်သန်ရေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုညီညီ

အောင်ရဲ့ အိပ်မက်မျိုးတွေကို ဘယ်သူက ဝေမျှမက်ဘူးမှာလဲ။ ညီညီအောင်ရဲ့  မိတ်ရင်းဆွေရင်းတွေဖြစ်တဲ့

ဌေးကြွယ်၊ မင်းဇေယျ၊ လှမျိုးနောင်၊ အံ့ဘွယ်ကျော်၊ သော်ဇင်၊ ကြီးသန်းတို့  အားလုံးလည်း လက်ရှိအစိုးရရဲ့ 

ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ပါ။ ကိုညီညီအောင်လို သံတူကြောင်းကွဲ

ဘ၀မျိုးတွေနဲ့  ပြည်ပမှာ အခြေချနေရတဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်များရဲ့  ညီညာတဲ့အသံတွေကို ရင်းနှီးစွာ

ဂရုပြု နားစွင့်သင့်ပါတယ်။

...................

ဗီယက်နမ်အစိုးရက သူ့ နိုင်ငံစီးပွားရေးကို တရှိန်ထိုးဦးမော့လာအောင် စေတနာရှိရှိနဲ့  ဆောင်ရွက်ချင်တဲ့အခါ

ပြည်ပရောက်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ထူးထူးကဲကဲ ဖိတ်ခေါ်မှုမရှိဘဲ “နေချင်ရင်လည်း ဆက်နေကြပါ၊

ပြည်ပမှာ ရောက်နေတဲ့ သူ့ နိုင်ငံသားတွေဟာ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ဗီယက်နမ်နိုင်ငံအတွက်ပါဘဲ”လို့ 

ဗီယက်နမ်ကွန်မြူနစ်ခေါင်းဆောင်များက နားလည်မှုအပြည့်ခံယူပြီး တစ်ဘက်ကလည်း လက်တွေ့ လိုအပ်တဲ့

အမေရိကန်အစိုးရနဲ့  အပေးအယူမျှတစွာ ပူးပေါင်းဆောင်ရွက်တဲ့အပြင် ပြည်ပရောက် သူ့ နိုင်ငံသားတွေ အလိုလို

ပြန်လာချင်စိတ်ပေါက်လာအောင် လိုက်လျောညီထွေတဲ့ ရေခံမြေခံကောင်းတွေကို မိန့် ခွန်းတွေပေး၊ ကြွေးကြော်

ရေးတွေ မလုပ်ဘဲ ကမ္ဘာက အံ့သြသွားရတဲ့အထိ မှန်မှန်ကန်ကန်လုပ်ပြနိုင်ခဲ့ပါတယ်။ ဒီလို တစ်ပါတီစနစ်နဲ့ 

မောင်းနှင်တဲ့ အရှေ့ တောင်အာရှနိုင်ငံငယ်တစ်ခုမှာတောင် ဆယ်စုနှစ်တစ်ခုစွန်းစွန်းအတွင်းမှာ ဖွံ့ ဖြိုးမှုဆီ ရောက်

ဖို့ သွားကြရာမှာ ပြည်ပရောက်နိုင်ငံသားတွေအပေါ် ထားအပ်တဲ့ အစိုးရရဲ့ အမြင်ရှုထောင့်ကို လေ့လာကြည်သင့်

ပါတယ်။

ကျွန်တော်တို့ လို ပါတီစုံစနစ်နဲ့  ဒီမိုကရေစီနိုင်ငံကို မရောက် ရောက်အောင်ချီတက်ကြမယ်လို့  စိတ်ပိုင်းဖြတ်

ထားတဲ့ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့  ကွန်မြူနစ်ဗီယက်နမ်အစိုးရထက် သာလွန်ကောင်းမွန်အောင် လုပ်ပြ

နိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ ဗီယက်နမ်နဲ့ နိုင်ငံရေးဘက်ဂရောင်းမတူဘူးလို့  အကြောင်းပြလို့ မရပါဘူး။ အစိုးရ

ဆိုတာ ကျန်တဲ့ သဘာဝမတူတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတွေထက် လုပ်ပိုင်ခွင့် ပိုရှိသလို၊ ဖြစ်ပျက်ခဲ့မှုအားလုံးအပေါ်

တာဝန်ခံမှုအပိုင်းမှာ အခရာ ပိုကျပါတယ်။ ဟိုးတုန်းက တန်းတူရှိခဲ့တဲ့နိုင်ငံတွေ၊ ကျွန်တော်တို့ ထက် နောက်ကျခဲ့

တဲ့နိုင်ငံတွေဟာ ဒီကနေ့  ကျွန်တော်တို့ ကို ကျော်ဖြတ်သွားရတဲ့ ၀မ်းနည်းနာကျည်းဖွယ်ဖြစ်အင်တွေ အပြီးသတ်

ချင်တယ်ဆိုရင်ဖြင့်၊ သမ္မတကြီးမိန့် ခွန်းပါအတိုင်း အပြစ်မရှာပါနဲ့ ဆိုရင်ဖြင့် မြန်မာနိုင်ငံအနှံ့  ထောင်အသီးသီးမှာ

အကျဉ်းချခံထားရတဲ့ နိုင်ငံရေးသမား ၂၀၀၀ ကျော်ကိစ္စက ကြီးစွာသော သဘောကွဲလွဲမှုနဲ့  အစိုးရရဲ့ လုပ်ဆောင်မှု

ှုတွေအပေါ်မပြေးသော်ကန်ရာရှိ သံသယပွားစရာဖြစ်နေပါတယ်။ စိတ်ဝမ်းကွဲမှုရဲ့  ဇစ်မြစ်ဖြစ်နေပါတယ်။

ဒါကို မတူတဲ့ အရေးလို့  မှတ်ယူပြီး လောလောဆယ် ဘေးဖယ်ထုတ်ထားလို့  လုံးဝမဖြစ်နိုင်ပါဘူး။

လတ်တလော အရေတကြီး ဆောင်ရွက်ရမယ့် အထူးတလှယ်ကိစ္စလို့ မြင်ပါတယ်။ ဒါမှသာ လက်ရှိအစိုးရအနေနဲ့ 

အခြားတစ်ဘက်ကို အပြစ်ရှာ အပြစ်မပြောတော့ဘူးရယ်လို့  ကျွန်တော်တို့  ၀မ်းမြောက်စွာ ကောက်ချက်ချနိုင်

ပါလိမ့်မယ်။ ရှစ်ဆယ့်ရှစ်ကို ခါးခါးသီသီးဖြတ်သန်းလာခဲ့ရတဲ့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ အညှိုးအတေးစိတ်နဲ့ 

နာကျင်မှုတွေကို အထိုက်အလျောက် လျော့ပါးစေပါလိမ့်မယ်။ ဒီကမှ တစ်ဆင့်ပြီးတစ်ဆင့် နိုင်ငံရေးဟာမိုနီ

ပိုဖြစ်လာပါလိမ့်မယ်။ တိုင်းပြည်အတွက် ပြန်လည်သင့်မြတ်ရေး အပေါင်းလက္ခဏာတွေ အပြိုင်းအရိုင်း ပေါ်

ထွက်လာပါလိမ့်မယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားတဲ့ အစိုးရဘက်ကသဘောထားတွေ ပြောင်းလဲလာ

သလိုမျိုး ထောင်ထဲက ရဲဘော်ရဲဘက်တွေအပေါ် သဘောထားတွေ မပြောင်းနိုင်တော့ဘူးလား။ တကယ်ဆိုရင်

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ကျွန်တော်တို့ က ဒေါ်အောင်ဆန်းစုကြည်ထက် အချိန်ပိုစောခဲ့ပါတယ်။

တချို့ သူငယ်ချင်းတွေဆို ထောင်သက်ပိုကြာပြီး တချို့ ဆို ကြေကွဲဖွယ်ရာ အသက်ကိုတောင် ပေးခဲ့ရပါတယ်။

ဒါတွေကို မေ့ပစ်လိုက်ချင်ပါတယ်။

အောင်မျိုးထွန်း

၂၀- ၈- ၂၀၁၁

0 comments:

Post a Comment