Tuesday, November 1, 2011

ဦးဂမ္ဘီရ စိတ်ကျန်းမာရေး စိုးရိမ်ကြောင်း မိခင်ပြော

ကိုဝိုင်း 

ချင်းမိုင် (မဇ္ဈိမ) ။        ။ စစ်ကိုင်းတိုင်း ကလေးထောင်တွင် ရှိနေသော နိုင်ငံရေး အကျဉ်းသား ဦးဂမ္ဘီရ၏ စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်နေရကြောင်း မကြာသေးခင်က ထောင်ဝင်စာ သွားရောက် ပေးအပ်ခဲ့သော မိခင်ဖြစ်သူ ဒေါ်ရေးက ပြောသည်။

"မျက်နှာတွေ အသားအရေတွေ တော်တော်ကြမ်းသွားတယ်။ ရုပ်ပိုင်းဆိုင်ရာက ကြည့်ရတာ ဘာမှမဖြစ်သလိုပေါ့။ စိတ်ပိုင်းဆိုင်ရာကို အမေသိပ်မကြိုက်ဘူး” ဟု အသက် ၆၂ နှစ်ရှိပြီဖြစ်သည့် ဒေါ်ရေးက တယ်လီဖုန်းမှ တဆင့်ပြောသည်။ ထောင်ဒဏ် ၆၃ နှစ်ကျခံနေရသော ရွှေဝါရောင် ဦးဆောင်သံဃာတပါးဖြစ်သူ ဦးဂမ္ဘီရကို အောက်တိုဘာ ၂၈ ရက်နေ့တွင် မိခင်ဖြစ်သူက မိနစ် ၄ဝ ခန့် တွေ့ခွင့်ရခဲ့သည်။

"မနေ့က ထပ်ကြားတဲ့သတင်းက ခန္တီးကနေ ကလေးကို ရွှေ့လာတာ နှစ်ရက်ခရီးမှာ မော်တော်ပေါ်မှာ နှိပ်စက်ခံရ
သေးတယ် ပြောတယ်။ လက်ထိပ်ကို နောက်ပြန်ခတ်တယ်တဲ့။ အိတ် အမဲကြီး စွပ်တယ်တဲ့ ခေါင်းကို။ ပြောတဲ့လူ ကတော့ စာရိတ္တ ကောင်းပါတယ်။ အရပ်က လေးစားရတဲ့ ကျောင်းဆရာပါ။” ဟုလည်း မဇ္ဈိမကို ပြောပြသည်။

အင်္ဂါနေ့တွင် မိတ္တီလာမြို့သို့ပြန်မည်ဖြစ်ပြီး ဦးဂမ္ဘီရ ပြင်ပဆရာဝန်များနှင့် ဆေးကုသခွင့်ရရေး သက်ဆိုင်ရာဌာနများသို့ စာတင်ရန် စီစဉ်မည်ဟုလည်း ဒေါ်ရေးက ဆိုသည်။

0 comments:

Post a Comment