Sunday, December 25, 2011

မပြောချင်ပဲပြောရအုံးမယ်…..အပိုင်း(၁)


မပြောချင်ပဲပြောရအုံးမယ်…..အပိုင်း(၁)

          အခုတလော ရွှေည၀ါဆရာတော်ကိစ္စနဲ့ပတ်သတ်ပြီး မ ဟ န ဆရာတော်ကြီးများ အကြောင်း ကို တော်တော် များများ ဝေဖန်ပြောဆိုရေးသားလာကြတယ်။ပြောနေကြသူတွေ အားလုံးကိုမေးကြည့်ရင် မပြောချင်ပဲပြောနေကြရတာဖြစ်ပါတယ်။ကိုယ့်သာသနာရဲ့ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကို မည်သူမဆိုကောင်းသတင်းကိုသာပြောချင်ကြပေမည်။မကောင်းသတင်းကိုမပြောချင်လို့အောင့်အီးသည်းခံခဲ့ ကြသည်မှာကာလတော်တော်ကြာခဲ့ပါပြီ။ကြာလေဆိုးလေဖြစ်လာလို့အခုတော့အားလုံးကမပြောချင်ပဲပြောလာ ကြရပေပြီ။ စာရေးသူကိုလည်း သတင်းဌာနတစ်ခုကမေးလို့ မပြောချင်ပဲပြောလိုက်ရသေးတယ်။မပြောမပြီးမတီးမမြည်၊ ပြောရေးရှိက ပြောအပ်လှ၏ဆိုသလို ပြောမှပြီးမည့်အရာများကို မပြောချင်လည်းပြောကိုပြောရပေမည်။မြတ်စွာဘုရားရှင်၏ ဂုဏ်တော် ကိုးပါးမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ သုဂတ ဂုဏ်မှာ မြတ်စွာဘုရားရှင်သည် စကား ၆ ခွန်းရှိသော်လည်း ၄ ခွန်းကိုပယ်ပြီး ၂ ခွန်းကိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ပြောဆိုပါတယ်။
          မြတ်စွာဘုရားပြောဆိုတဲ့စကားနှစ်ခွန်းကတော့ (၁) မှန်တယ် သူများမနှစ်သက်ဘူး အကျိုးရှိတယ် စကားတစ်ခွန်း။
(၂)မှန်တယ် သူများနှစ်သက်တယ် အကျိုး၇ှိတယ် စကားတစ်ခွန်း နှစ်ခွန်းဖြစ်ပါတယ်။ နံပါတ်တစ်စကားနဲ့ပတ်သတ်ပြီး မြတ်စွာဘုရားကို ပုဏ္ဏားတစ်ယောက်က မေးဘူးတယ် မြတ်စွာဘုရား မှန်တယ် အကျိုးရှိတယ် ဆိုတာတော့ဟုတ်ပါပြီ ဒါပေမဲ့ သူများမှမကြိုက်နှစ်သက်တာ ဘာလို့ပြောတာလဲဘုရားလို့လျှောက်ပါတယ်။မြတ်စွာဘုရားက ဥပမာပေးပြီးပြန်မေးပါတယ်။ အသင်ပုဏ္ဏား သင်ရဲ့ရှေ့မှာ ကလေးတစ်ယောက်က အိုးချမ်းကွဲတစ်ခုကိုမျိုချလိုက်တယ်ဆိုပါစို့ လည်ချောင်းမှာတစ်နေရင် သင်ဘယ်လိုလုပ်မလဲတဲ့…ပုဏ္ဏားကတပည့်တော်ရအောင်ကြိုးစားထုတ်ရမယ်ဘုရား။ကလေးရဲ့ခေါင်းကိုသေ သေချာချာကိုင် ထားပြီးသွေးတံရဲရဲနဲ့ပဲရအောင်ထုတ်ရမယ်လို့လျှောက်ပါတယ်။ကလေးမနှစ်သက်ပဲနဲ့ ဘာလို့အဲဒီလိုလုပ်ရပါသလဲပုဏ္ဏားလို့ မေးတော့ ကလေးရဲ့ချမ်းသာရရေး အကျိုးကိုကြည့်ပြီး မနှစ်သက်ပေမဲ့လုပ်ရပါတယ်ဘုရားလို့လျှောက်တော့ မြတ်စွာဘုရားက ဟုတ်တယ်ပုဏ္ဏား တစ်ခါတစ်ရံမှာ မကြိုက်နှစ်သက်လဲ အကျိုးကိုကြည့်ပြီးပြောရတယ်လို့မိန့်ဆိုခဲ့ဘူးပါတယ်။
          အခုလဲ မ ဟ န ဆရာတော်ကြီးများကို သာသနာ့အကျိုးနိုင်ငံအကျိုးကို ကြည့်ပြီးမပြောချင်လဲပြောရအုံးမှာဖြစ်ပါတယ်။
ဦးဇင်းရဲ့ဆရာတော် တစ်ပါး မ ဟ န ဆရာတော်တွေနဲ့ပတ်သတ်ပြီးပြောပြတာလေးကို အမှတ်ရနေမိပါတယ်။ဆရာတော်က မြတ်စွာဘုရားလက်ထက်က ဒေ၀ဒတ်သည် မြတ်စွာဘုရားထံမှာ သံဃာတော်တွေကို အုပ်ချုပ်ဖို့ အာဏာလွဲပေးဖို့တောင်းတော့ မြတ်စွာဘုရားကပြောတယ် ..ငါ့ရှင်ဒေ၀ဒတ် ငါဘုရားကိုယ်တော်တိုင် သံဃာတော်တွေကို အာဏာထားပြီးမအုပ်ချုပ်ဘူး ၊သူတို့ မှာကိုယ်စီကျင့်ကြံဖို့ ဓမ္မနဲ့ဝိနယ ၇ှိနေတယ်လို့ ပြောခဲ့ပါတယ်။မြတ်စွာဘုရားကိုယ်တိုင်မလွဲခဲ့တဲ့အာဏာ မ ဟ န ဆရာတော် တွေလက်ထဲရောက် ပျက်ပြီပေါ့ကွ။ဒီအဖွဲ့ကြီးပေါ်လာပြီးတဲ့နောက်ပိုင်း ကောင်းကျိုးထက်ဆိုးကျိုးကပိုများတယ်လို့ဆရာတော် ကဆိုပါတယ်။ကျောင်းလှုမှုတွေ ပိုများလာတယ်။မလိုလားအပ်ပဲ ကျောင်းတွေကိုအာဏာသုံးပြီးချိတ်ပိတ်ပြစ်လာတယ်။ သမိုင်းကိုပြန်ကြည့်ပြန်ရင်လည်း အမြဲတမ်းလိုလို သံဃာတော်များဘက်က သာသနာတော်ဘာက်က မကြည့်ဘဲ န အ ဖ စစ်ဗိုလ်ကြီးများခိုင်းတဲ့အတိုင်း အမြဲတမ်းလိုက်လုပ်တာကိုတွေ့ရပါမယ်။
   မန္တလေးမှာ ၁၉၉၀ ခုနှစ်တုန်းက ကျဆုံးသွားကြတဲ့သံဃာတော်တွေ ကျောင်းသားပြည်သူတွေ ကိုရည်စူးပြီး သံဃာ့ဒါန ဆွမ်းလောင်လှူပွဲကြီလုပ်ပါတယ်။ဒါကို န အ ဖ စစ်အစိုးရက စစ်တပ်ကိုလွှတ်ပြီးသေနတ်နဲ့ပစ်သတ်ခိုင်းလို့ သံဃာ တော်တွေ သွေး မြေကျခဲ့ရတာကြောင့် ထင်၇ှားကျော်ကျားသော ဆရာတော်ဦးကောဝိဒါဘိဝံသ၊ ဆရာတော်ဦးရာဇာဓမ္မဘိဝံသ စသည့် ဆရာတော်ကြီးများကိုယ်တိုင်ဦးဆောင်ကာ န အ ဖ စစ်အစိုးရကို မြတ်စွာဘုရားရှင်၏၀ိနည်းကံနှင့်အညီ သပိတ်မှောက်ခဲ့ပါ တယ်။ရန်ကုန်၊ပဲခူး၊ပြည်စသည့်မြို့းကြီးများပါပူးပေါင်းပါဝင်လာကာ သပိတ် မှောက်ကျပါတယ်။န အ ဖ စစ်တပ်က သာရေးနာရေး ဘယ်လိုပဲ ပင့်ပင့် မလိုက်ကြပါဘူး။ သပိတ်ရဲ့ကြီးမားကျယ်ပြန့်လာမှုကိုအရမ်းကြောက်သွားတဲ့ န အ ဖ စစ်အစိုးရဟာ သူ့ရဲ့လက်ကိုင်ဒုတ်ဖြစ်နေတဲ့ သံဃာ့မဟာနာယက အဖွဲ့ကြီးကို ခုတုံးလုပ်ပြီး အမိန့်ထုတ်ခိုင်းပါတော့တယ်။မဟာနာယကတွေကလည်းသူတို့အာဏာတည်မြဲရေးကလွဲပြီးဘာမှမစဉ်းစားဘူး သံဃာတောတွေရဲ့မျက်နှာ ဘုရားရှင်ရဲ့မျက်နှာ ဘာကိုမှ မကြည့်တော့ဘဲ အမိန့်ထုတ်ပေးလိုက်ပါတော့တယ်။အဲဒီအမိန့်ကြော်ငြာစာနဲ့ သံဃာတော်ဖမ်းပွဲကြီးစတင်ပါတော့တယ်။ ရန်ကုန်မြို့ ဆရာတော်ဦးသုမင်္ဂလာလင်္ကာရ တိပိတကဓရကောဝိဒ ၊ဆရာတော်ဦးတိလောကာဘိဝံသ ရွာမပရိယတ္တိစာသင် တိုက်၊ ဦးစန္ဒနသိရီဘိဝံသ ပထမကျော် ညောင်တုန်းစာသင်တိုက်၊ အလုံအောင်မင်္ဂလာ ဆရာတော် ၊မန္တလေးမြို့ ဦးကောဝိဒါဘိဝံသ မစိုးရိမ်တိုက်ဟောင်းဆရာတော်၊ဦးရာဇာဓမ္မာဘိဝံသ မစိုးရိမ်တိုက်သစ်ဆရာတော် စသည့် ရန်ကုန် ၊မန္တလေး ထင်ရှားကျော်ကြား သော ဆရာတော်ကြီးများနှင့်သံဃာကြီးငယ်လတ်စုံစွာ သံဃာ့သပိတ်မှာပါဝင်သော သံဃာ အများအပြားကို ဖမ်းစီးထောင်ချနှိပ်  စက်ခဲ့ကြပါတယ်။ တချို့သံဃာတော်တွေထောင်ထဲမှာ နှိပ်စက် ညှင်းပန်းဒဏ်မခံ နိုင်လို့ ပျံလွန်တော်မူကြခဲ့ရပါတယ်။တချို့ဆရာတော်တွေထောင်ကပြန်လွှတ်ပြီးမကြာမီမှာပဲ ထောင်ထဲက ဒဏ်တွေကြောင့် ပျံလွန်တော် မူခဲ့ကြရပါတယ်။ အဲဒီကစလို့ န အ ဖ စစ်အစိုးရဟာသံဃာတော် တွေကို နည်းမျိုးစုံသုံးပြီးနှိပ်စက်ဖြိုးခွင်းလာပါတယ်။သူတို့စည်းရုံးလို့မရတဲ့ သူတို့ကိုတော်လှန်တဲ့ သံဃာ တော်တွေကို ထောင်ထဲကို နည်းမျိုးစုံကလိမ်ကကျစ်ကျပြီးသွင်းပါတယ်။သူတို့စည်းရုံးလို့ရတဲ့ကိုယ်တော်တွေကို ကျောင်းကြီးတွေဆောက်ပေးတာ သစ်ပါမစ် ၊ဘိလပ်မြေပါမစ်၊ သံပါမစ်၊ကားပါမစ်ပေးတာတွေ လုပ်လာပါတယ်။ဘွဲ့လက်မှတ်တွေကိုလည်း တအားပေါများစွာပေးလာ ပါတယ်။ဘွဲ့လက်မှတ်ရဖို့ မဟန ဆရာတော်ကြီးတွေကို ပိုက်ဆံလာဘ်ထိုးရတာတွေ ၊မ ဟ န ဆရာတော်ကြီးများကိုကြိုးကိုင်ပြီး ခိုင်းနေတဲ့ ဦးအံ့မောင်ကို လာဘ်ထိုးရတာတွေ နဲ့သံဃာတော်တွေအကျင့်ပျက်လာပါတယ်။သံဃာတောတွေ သြဇာပါဝါကျလာအောင် ကျောင်းတိုက်တွေထဲမှာ တရားဝင် လောင်းကစားထိုင်တွေ ခွင့်ပြုလာပါတယ်။ဒါကို မဟန ဆရာတော်ကြီးတွေသိသိကြီးနဲ့လစ်လျူ၇ှုထားခဲ့ကြပါတယ်။၁၉၉၆ ခုနှစ်မန္တလေးမှာ မဟာမြတ်မုနိဘုရားကြီးကို န အ ဖ စစ်ဗိုလ် ချုပ်ကြီးများ ညဘက်သိပ်စိပ်စွာ ခိုးကြောင်ခိုးဝှက် ဗိုက်ဖေါက် ရတနာများခိုးယူတာနဲ့ပတ်သတ်ပြီး သံဃာတော်များကမကျေနပ် ကြပါဘူး။မန္တလေး လေးပြင်လေးရပ်၇ှိသံဃာတော်များ စုဝေးပြီး သပိတ်မှောက်မဲ့ အနေအထားဖြစ်လာတော့ န အ ဖ က အကွက် ဆင်ကာ ကုလားနဲ့လှည့်ပြီးရန်တိုက်ပေးပါတော့တယ်။သူတို့ကြံ့ဖွတ်တွေကို ကတုံးတုံး သင်္ကန်းဝတ်ပေးပြီး ဗလီတွေကို လိုက် ဖျက်ဆီးခိုင်းပါတော့တယ်။အဓိကရုဏ်းကိုကြီးထွားအောင်သူတို့ကိုယ်တိုင်ဖန်တီးပြီး သံဃာဖမ်းပွဲကြီးစတင်ပါတော့တယ်။ ပြီးတော့ သံဃာတွေတစ်နှစ်လုံး စာမေးပွဲဖြေဖို့ကြိုးစားလာခဲ့ကြတာကို စာမေးပွဲမဖြေရဆိုပြီး မတရားအမိန့်ထုတ်ခဲ့ပါတယ်။ သံဃာတော်တွေဘက်က မိအေးသုံးခါနာဖြစ်ခဲ့ရပါတယ်။အထင်အ၇ှားဘုရားကြီးဗိုက်ဖေါက်အခိုးခံခဲ့ရတယ် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သံဃာတောတွေအဖမ်းခံခဲ့၇တယ်။စာမေးပွဲဖြေခွင့်တစ်နိုင်ငံလုံးအပိတ်ခံခဲ့၇တယ်။ဒီပြဿနာအရေးအခင်းမှာလဲပဲ သံဃာ့မဟာနာယကဆရာတော်ကြီးများ သံဃာတော်များဘက်မှာ ဘာမှမလိုက်ခဲ့ဘာမှမကာကွယ်ခဲ့ပဲ န အ ဖခိုင်းတဲ့အတိုင်း လုပ်ခဲ့တာကိုပဲတွေ့ရပါတယ်။ 
သံဃာ့မဟာနာယက ဆရာတော်ကြီးများအကြောင်းကို အပိုင်းလိုက်ဆက်လက်ရေးသားဖေါ်ပြပါမည်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment