Sunday, December 18, 2011

သတ္တိရှိသော ပညာရှိသူရဲကောင်းဦးဘိုးလှိုင်

အတွေးအမြင် အမှတ် (၂၃၆)

သန့်ရှင်းသောအစိုးရနှင့် ယောမင်းကြီး
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်းများကို လေ့လာပြီးပြောရလျှင် လတ်တလော အချိန်တွင် မြန်မာနိုင်ငံ၌ ကောင်းမွန် သန့်ရှင်းသော အစိုးရတစ်ရပ်ကို ဖော်ထုတ်ကာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရယူရန် ကြိုးပမ်းနေသည့် လက္ခဏာရှိသည်။
          ကောင်းမွန်သော အုပ်ချုပ်ရေး(good governance) ဆိုသည်မှာ အစိုးရ လုပ်ငန်းများ ဆောင်ရွက်နေသူတို့၏ အရည်အချင်းအရည်အသွေးပိုင်းနှင့် သက်ဆိုင်သည်။သန့်ရှင်းသောအစိုးရ (clean government)ဆိုသည်မှာ အဂတိတရား လိုက်စားမှုကင်းစင်ခြင်း၊တစ်နည်းအားဖြင့် ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သည်။
     အကျင့်ပျက်ခြစားမှု လုံးဝကင်းစင်သူများ ဖြစ်သောငြား လုပ်ငန်းဆိုင်ရာ အရည်အချင်းပြည့်ဝသူများ မဟုတ်ပြန်လျှင် တိုင်းပြည်မတိုးတက်နိုင်ချေ။လုပ်ငန်းဆိုင်ရာ အရည်အချင်းအလွန်ပြည့်ဝ ကျွမ်းကျင်သူများ ဖြစ်သော်လည်း အကျင့်မကောင်း သူများဖြစ်နေပြန်လျှင်လည်း တိုင်းပြည်ကြီး ပို၍နစ်နာမည် ဖြစ်ပေသည်။
          သန့်ရှင်းသော အစိုးရ အင်္ဂါရပ်ထဲတွင် အဆင့်ဆင့်သော တာဝန်ရှိသူအားလုံး အကျင့်ပျက်ခြစားမှု ကင်းစင်ရေးသည် ပဓာနအကျဆုံးဖြစ်သည်။´ခေါင်ကစပြီး မိုးမလုံရင်တစ်အိမ်လုံး စိုရွှဲနေမည်´ ဟူသောမြန်မာဆိုရိုးစကား၏ အဓိပ္ပါယ်သည်အဆင့် ဆင့်သော တာဝန်ရှိသူအားလုံးသန့်ရှင်းဖို့ လိုသည်ကိုရည်ညွှန်းပေသည်။
          အကျင့်ပျက်ခြစားမှုသည် အာဏာ၇ှိသူများနှင့် နီးစပ်သူများ၊ အခွင့်ထူးခံများ၊လုပ်ပိုင်ခွင့်အာဏာရှိသူကို လာဘ်လာဘ ပေး၍ ဖျားယောင်းသွေးဆောင်ဖျက်ဆီးသူများကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။
          လွန်ခဲ့သော နှစ်တစ်ရာကျော်က မင်းတုန်းမင်းကြီးလက်ထက် ပညာရှိအမတ် ယောမင်းဦးဘိုးလှိုင်သည် ´´အစ်မနှမ ၊ သမီးကလျှင်၊ စ၍ဆက်နှင်း လက်ဆောင်သွင်း၍၊စိုးမင်းချစ်မြတ်၊ထိုအမတ်သည်၊အတတ်မရှိ၊သတ္တိကင်းကွာ ၊ဘုန်းကြီးလှာမူ၊ ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း….´´ဟူသော လင်္ကာကို စီကုံး၍ ဆက်သွင်းခဲ့ရာ မင်းတုန်းမင်းကြီးသည် ဒေါသအမျက် ချောင်းချောင်းထွက်ခဲ့လေသည်။ ယောမင်းကြီးက အစ်မနှစ်မ သမီးစသဖြင့် ဆက်နှင်းပေးကမ်းပြီး အခွင့်ထူးခံဖြစ်လာသူတွေ ဘန်းတန်ခိုး ကြီးလာရင် တိုင်းပြည်ပျက်မှာပဲဟု တည့်တည့်ကြီး ဝေဖန်လိုက်ခြင်းကြောင့် အမျက်ထွက်သွားသောဘုရင်က တုံ့ပြန်ပုံကို မှော်ဘီဆရာသိန်းကြီး၏ ´´ ပညာရှိကြီးများအကြောင်း´´ စာအုပ်(ပညာအလင်းပြထုတ်) တွင်အောက်ပါအတိုင်း ဖေါ်ပြထားပေသည်။
          ထိုအခါ မင်းကြီးက လလှိုင်…သည်လှံကိုကြည့်စမ်း၊ ဘယ်သူကိုင်တဲ့လှံတုန်း..ဟုမေး၏။ ဦးဘိုးလှိုင်က အရှင်ခမည်း တော်ကိုင်သော လှံ ဖြစ်ကြောင်းလျှောက်၏။ဒီလှံနဲ့ဘယ်သူ့ကို စီရင်ခဲ့သလဲ ဟု အမေးရှိပြန်ရာ ကျွန်တော်မျိုး၏ ကျေးဇူးရှင် ဖခင်ကိုစီရင်ပါကြေင်း လျှောက်တင်၏။ မင်းကြီးက ဒီလှံနဲ့မောင်မင်းစီရင်ခြင်းခံလိုသလားဟု ထပ်မေးပြန်ရာ ဦးဘိုးလှိုင်က ရင်ကို မားမားကော့၍ ထိုးတော်မူပါဘုရားဟု မတွန့်မဆုတ်မတုန်မလှုပ် လျှောက်၏။ ထို့ကြောင့် နောက်တစ်နေ့တွင် အကျယ်ချုပ်ဖြင့် ရာထူးနှုတ်ပယ် ခံရပြန်လေသည်။
          ယောမင်းကြီးဟု ထင်ရှားသော ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်သည် သာယာဝတီမင်းလက်ထက်က နန်းရင်ပြင်တွင် ရှင်ဘုရင်ကိုယ်တိုင်က လှံနှင့် ထိုးသတ်ခံခဲ့ရသူ၏ သားဖြစ်စေကာမူ ထိတ်လန့် နောင်ကြဉ်ခြင်း အလျဉ်းမရှိ၊ ရင်ကို ကော့ပေးပြီး   
ထိုးပါဟုဆိုဝင့်ခြင်းမှာ တိုင်းပြည်ကို အသက်နှင့်လှဲဝင့်ပေးဝင့်သော အာဂသတ္တိ၇ှင်ပေတည်း။
          ´´ လှံနှင့်ထိုးသတ်၍ သေရခြင်းက မြတ်၏။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော် နိုင်ငံတော် ပျက်စီးယိုယွင်းခြင်းဖြစ် ရလေသည်ဟုဤနာမည်မျိုးကျန်ရစ်လျှင် သေကျိုးမနပ်ဖြစ်မည်၊ ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းလှသည်။ မှူးမတ်ဆိုသည့်အတိုင်း တည့်တည့်မတ်မတ် ဖြစ်အောင် စီမံခန့်ခွဲလျှက် လျှောက်တင်ခွင့်၇ှိက အသက်ကိုစွန့်၍ ရဲရဲဝင့်ဝင့် လျှောက်တင်ကြရမည်။သို့မှ မှူးမတ်နှင့် တူသည်…ဟူ၍.. …. ဦးဘိုးလှိုင်က ကျန်ဝန်ကြီးများကို ပြောပြလေသည်။´´
          ထိုမှ နှစ်နှစ်ခန့်ကြာသော် ပြင်သစ်နှင့် ကင်းဝန်မင်းကြီး ချုပ်ဆိုခဲ့သော ကျောက်တွင်း အရောင်းအ၀ယ်စာချုပ်ကို ဖျက် သိမ်းလိုသည့်အခါ မင်းတုန်းမင်းသည် အကျယ်ချုပ်ခံနေရသူ ယောမင်းကြီးဟောင်း ဦးဘိုးလှိုင်ကို ပြန်ခေါ်၍ အကူအညီတောင်း ရပြန်သည်။
          ရာထူးရပြီးနောက် ဦးဘိုးလှိုင်သည် သက်ဦးဆံပိုင် ဘုရင်အုပ်ချုပ်ရေး စနစ်မှ ဥပဒေနှင့်အညီ အုပ်ချုပ်သော ဘုရင်စနစ် သို့ပြောင်းလဲရန် ရာဇဓမ္မ သင်္ဂဟကျမ်းကို ပြုစုလေသည်။ သို့သော် သီပေါမင်းလက်ထက်ရောက်မှ ဘုရင်ကိုဆက်သနိုင်ခဲ့၍ ဦးဘိုးလှိုင်ရော တိုင်းပြည်ပါ ကံဆိုးခဲ့ရပေသည်။ ဘုရင်နှင့်မိဘုရားများက အမျက်တော်ရှကာ ဦးဘိုးလှိုင်အား အပြီးတိုင် ရာထူး မှထုတ်ပယ်လိုက်လေသည်။
                   ဤမှာဘက် ခေတ်တွင် ရာဇဓမ္မ သင်္ဂဟကျမ်းကို တည်းဖြတ် ထုတ်ဝေသော စာရေးဆရာကြီးမောင်ထင်က ``အာဏာရှိသူတို့အား ပညာရှိတို့က ဆုံးမရခြင်းသည် ဒုက္ခတစ်ခုဖြစ်သည်။ ဦးဘိုးလှိုင်၏ဘ၀ဖြစ်စဉ်သည် ထိုဒုက္ခတို့ကို ခံလိုက်၇သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်´´ ဟုသူ၏နိဒါန်းတွင် ရေးသားခဲ့ပေသည်။

အတွေးအမြင် အမှတ်(၂၃၆) နိုဝင်ဘာလ ၂၀၁၁
စာအုပ်မှကူးယူဖေါ်ပြပါသည်။။
အမှန်တရားအတွက် ဦးဘိုးလှိုင်ကဲ့သို့ အသက်ပေးစွန့်နိုင်အာဇာနည်သူရဲကောင်းများပေါ်ပေါက်နိုင်ကြပါစေ။

0 comments:

Post a Comment