Friday, December 16, 2011

ချွတ်ချော်နေသော နိုင်ငံတော်သံဃနာယက


ချွတ်ချော်နေသော နိုင်ငံတော်သံဃနာယက

"အခုက တရားဟောတာ မဟုတ်ဘူးလေ။ စကားပြောတာပဲ။ ဥပဒေကို ခုတစ်မျိုး တော်ကြာတစ်မျိုး ဗလောင်းဗလဲလုပ်နေတာ ကိုယ့်ရှေ့မှာလူတွေအများကြီးရယ်။  ဘာကြောက်စရာရှိလို့လဲ။ အဲဒီတော့ တရားဟောတာမဟုတ်ဘူး။ စကားပြောတာ၊ စကားပြောတဲ့ကိစ္စပဲ။ တို့အရပ်သားအစိုးရကြီး ပေါ်ပေါက်နေပြီ၊ ဒီမိုကရေစီလည်းရနေပြီ၊ အခုထိကြောက်ရဦးမယ်ဆိုတော့ ခက်တော့ခက်သားပဲ"
ရွှေည၀ါဆရာတော်
အထက်ပါစကားကို ရွှေည၀ါဆရာတော်ကြီးမှ စက်တင်ဘာလ(၁၅)ရက်၊ ကြာသပတေးနေ့တွင် မန္တလေးတိုင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
 မန္တလေးအဖွဲ့ချုပ်၌ ဆရာတော်ကြီး ပြောကြားခဲ့သော ရုပ်သံမှ အထက်ပါစကားချပ်ကို သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ဆရာတော်ကြီး၏ ဒကာ၊ ဒကာမအပေါင်းတို့ သိသာ မြင်သာစေရန်ဖော်ပြခြင်းဖြစ်သည်။ ရွှေည၀ါဆရာတော်ကြီးအားအရေးယူခြင်းနှင့်ပါတ်သတ်ပြီး နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးမှ (၄၇)ပါးသော ထေကြီး၊ ၀ါကြီး၊ သိက္ခာကြီးသော သံဃာတော်များသည် သီလ၊ သမာဓိ၊ ပညာပါကြီးဖို့ အထူးလိုအပ်လှပေသည်။ တစ်နိုင်ငံလုံးရှိ သံဃာတော်များ၏ လုံခြုံရေး၊ သာသနာသန့်စင်ရေး၊ ဖွံဖြိုးရေး၊ ထွန်းကားရေး အစရှိသော တာဝန်ကြီးများကိုယူ၍ ကြီးသည်အမှုကိုငယ်အောင်၊ ငယ်သည့်အမှုကိုလုံးဝ ပပျောက်သွားအောင် အထူးသတိပြု ဆင်ခြင်ပြီး လိမ္မာပါးနပ်စွာ တရားတော်နှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ရမည့် အဖွဲ့ကြီးအနေနှင့် ယခုကဲ့သို့ သတိချွတ်ယွင်း တရားကင်းစွာ ပြုမူဆောင်ရွက်ချက်သည် တစ်နိုင်ငံလုံးရှိ သီလ၊ သမာဓိ၊ သိက္ခာအထူးစင်ကြယ်သန့်ရှင်းသော သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များကိုသာမက သာသနာတော်ကြီးကိုပါ မျက်ကွယ်ပြု စော်ကားရာရောက်လွန်းပေသည်။ အဘယ့်ကြောင့်ဆိုသော် ရွှေည၀ါဆရာတော်ကြီး ကိုယ်တိုင်ကပင် မန္တလေးအဖွဲ့ချုပ်၌ စကားပြောကြားစဉ် အခမ်းအနားတစ်ခု၏ထုံးစံအတိုင်း စကားပြောဆိုသောနေရာတွင်ထိုင်ကာ လူတိုင်းအတွက် အကျိုးရှိသော ရိုးရှင်း သန့်စင် မွန်မြတ်သည့် စကားများကိုသာ အနာဂတ်ကိုရှေးရှု၍ သြ၀ါဒပေးကြားသည့်ပုံစံတောင်မဟုတ်ပဲ စကားပြောကြားခြင်းသာဖြစ်သည်ဟု လူပရိတ်သတ်များစွာ ရှေ့တွင် အတိအလင်းပြောကြားခဲ့သည်မှာ ရုပ်သံများတွင် ကြည့်ရှုနိုင်ပေသည်။ ထိုကဲ့သို့ သိသာထင်ရှားလွန်းလှသောအချက်သည် နိုင်ငံတော်သံဃနာယက မှ ရွှေည၀ါဆရာတော်ကြီးအား စွဲချက်တင်ခြင်းအပေါ် အဓိပ္ပါယ်မဲ့လွန်းလှကြောင်း ရှင်းရှင်းလင်းလင်းကြီး ထောက်ပြ နေပေသည်။ ထို့အတူ အထက်ဖော်ပြပါ တရားဟောပြောခွင့် ပိတ်ပင်ထားခြင်းအပေါ် အခမ်းအနားတစ်ခုတွင် စကားပြောကြားခြင်းကြောင့် (၄၇)ပါးသော ထေကြီး၊ ၀ါကြီး၊ သိက္ခာကြီး ဆရာတော်အကြီးစားကြီးမှ အရေးယူ ပြစ်ဒဏ်အဖြစ် ချမှတ်လိုက်သော အချက်(၃) ချက်သည် လွန်စွာပြင်းထန်လှသည့်အတွက် အလေးအနက်ထားစဉ်းစားစရာကောင်းလှပေသည်။ အဆိုပါအချက်သုံးချက်မှာ-
 (က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်..။

(ခ) သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်။

(ဂ) နိုင်ငံတော် သံဃမဟာနာယအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရန်။ 
                               စသည်တို့ဖြစ်သည်။
အထူးသဖြင့် ရွှေည၀ါဆရာတော်ကြီးအား သံဃအဖွဲ့အစည်းအဆင့်ဆင့်၏ဆုံးဖြတ်သည်ကို မနာခံသဖြင့် ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ရန် ဟူသောအချက်မှာ လွန်စွာအံချော်လှသော မှားယွင်းသော မတရားသောအချက်ကြီးတစ်ချက်ဖြစ်သည်။ စင်စစ်အားဖြင့် ရွှေည၀ါဆရာတော်ကြီးသည် မန္တလေးတိုင်းအဖွဲ့ချုပ်မှ အခမ်းအနားတွင် စကားပြောကြားပေးပါရန် ဖိတ်ကြားသဖြင့်သာ ကြွရောက် ပြောဆိုခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းအဖွဲ့ချုပ်မှ တရားပွဲပင့်ခြင်းမဟုတ်သလို ရွှေည၀ါဆရာတော်ကြီးမှလည်း တရားပွဲကြွ ရောက်ခြင်းမဟုတ်ပေ။ ထို့အတူ ရွှေည၀ါဆရာတော်ကြီးအနေနှင့် အခမ်းအနားတွင် သြကာသကန်တော့ခန်းဖွင့်ခြင်း၊ သီလပေးခြင်း၊ တရားဟောခြင်း၊ ရေစက်ချအမျှဝေပေးခြင်းစသည့် တရားပွဲတစ်ခု၏ အင်္ဂါရပ်များကိုလည်း ပြုလုပ်ခဲ့ခြင်းမရှိသည့်အပြင် ဆရာနှင့်ဒကာ သာမန်စကားပြောဆိုခြင်းလောက်သာ ပြုမှုခဲ့ခြင်းကို မှတ်တမ်းရုပ်သံများတွင် သံဃာပရိတ်သတ်၊ လူပရိတ်သတ်တိုင်း အထင်အရှား တွေ့မြင်နေကြရသည်။ သို့ဖြစ်ပါလျက် နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးမှ (၄၇) ပါးသော ထေရ၊ ၀ါရ ၊ သိက္ခာရ အကျော်အမော် သံဃာတော်များမှ ရွှေည၀ါဆရာတော်ကြီးအား အဘယ်ကြောင့်အရေးယူရပါသနည်း။ သံဃာတော်များ၏ အရေးကို စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးမည့် သံဃာတော်အပေါင်းတို့မှယုံကြည်ရသော၊ တစ်နိုင်ငံလုံးရှိ သံဃာတော်များမှ ကိုယ်စားပြုရွေးချယ် တင်မြှောက်ထားသော၊ သံဃာတော်အားလုံးမှ တညီတညွတ်တည်း အသိအမှတ်ပြုထားသော သီလ၊ သမာဓိ၊ ပညာ သိက္ခာ အထူးစင်ကြယ် မွန်မြတ်လှသည့် ဆရာတော်၊ သံဃာတော်များနှင့် ဖွဲ့စည်းထားခြင်း မဟုတ်သောကြောင့်ဖြစ်ပေသည်။ တစ်နိုင်ငံလုံးရှိ သံဃာတော်များကို လိုအပ်သလို လွယ်ကူစွာ ထိန်းချုပ်ကိုင်တွယ်နိုင်စေရန် အစိုးရမှ သူတို့နှင့် အကြောင်းသင့်အကျိုးသင့်သော၊ အစိုးရမှ လိုအပ်သလို မြှောက်စား ချဉ်းကပ်၍ အပြန်အလှန်အသုံးချနိုင်သော သတိချွတ်ယွင်း ၀ိနည်းကင်းသည့် သင်္ကန်းခြုံပုဂ္ဂိုလ်များဖြင့်သာ နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးဟူ၍ သူတို့ဆန္ဒအလျောက်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထို့အတူ အဆိုပါ နိုင်ငံတော်သံဃနာယကအဖွဲ့ကြီး၏ နောက်ကွယ်တွင် ယခင် သာသနာ ညွှန်ကြားရေးမှူးလုပ်စားခဲ့ဖူးသော ယခုသာသနာရေးအကြံပေးဆိုသောတာဝန်ကိုယူကာ ဘွဲ့လတ်မှတ်များကိုရောင်းစားခြင်း၊ ဘုန်းကြီးကျောင်းများကိုရောင်းစားခြင်းအစရှိသည့် မကောင်းမှုမျိုးစုံကို တွင်တွင်ကျယ်ကျယ် ကြီးပြုလုပ်နေသူ ဦးအံ့မောင်ဆိုသူက ဝေစား မျှစား သံဃာပါးကြီးများနှင့် နိုင်ငံတော်သံဃာနာယကအဖွဲ့ကြီးတစ်ခုလုံးကို ထင်သလို ကြိုးကိုင်ခြယ်လှယ်လျက်ရှိပေသည်။
                                        ယနေ့အချိန်ထိ နိုင်ငံတော်သံဃနာယကအဖွဲ့ကြီးမှ သာသနာတော်ကြီးနှင့် သံဃာတော်များအတွက် မည်သည့်အရာများပြုလုပ်ဆောင်ရွက်ခဲ့ပါသနည်း။ ၁၉၉၀ ခုနစ်တွင် မန္တလေးရှိ ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့က အရေးအခင်းကာလတွင် ကျဆုံးသွားကြသော သံဃာတော်များ၊ ပြည်သူများအတွက် ဆွမ်းဆောင်းပွဲကြီးကျင်းပပြုလုပ်ရာ သံဃာတော်များက ကြွရောက် ချီးမြှင့်ခြင်းအပေါ် တပ်မတော်သားများမှ ဆွမ်းခံကြွရောက်လာသော သံဃာတော်များကို သေနတ်ဖြင့် ပစ်သတ်အကြမ်းဖက် ရက်စက်ယုတ်မာခဲ့လေသည်။ ထို့ကြောင့် မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မ၊ တိုက်ဟောင်းဆရာတော် ဦးကောဝိဒါဘိဝံ နှင့် ဆရာတော်၏တပည့်ကြီးများစသော နာယက ဆရာတော်ကြီးများမှ ဦးဆောင်ကာ သပိတ်မှောက်ခဲ့ကြလေသည်။ ထို့အတူ ရန်ကုန်တွင်လည်း ဦးသုမင်္ဂလာလင်္ကာရ(တိပိဋကဓရကောဝိဒ)၊ ရွာမပရိယတ္တိစာသင်တိုက်ဆရာတော် ဦးတိလောကာဘိဝံ ၊ဦစန္ဒသီရိဘိဝံသ(ပထမကျော်)ညောင်တုန်းကျောင်းတိုက်၊ အလုံအောင်မင်္ဂလာကျောင်းဆရာတော်အစရှိသော ဆရာတော်ကြီးများမှ ဦးဆောင် သပိတ်မှောက်ကြသောကြောင့် ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲ့လှသည့်အတွက် သံဃာတော်အပေါင်းတို့မှ အထူးကြည်ညို လေးစားရသည့် ဆရာတော် ဦးဝိစိတ္တသာရဘိဝံသကိုပင့်ရလေတော့သည်။ ဆရာတော်ကြီးမှ သံဃအားလုံးတညီတညွတ်တည်း သပိတ်မှောက်နေသည့်အတွက် ရန်ကုန်သို့ မကြွနိုင်ကြောင်းမိန့်ဆိုသောအခါ တပ်မတော်အစိုးရမှ မကြွရင် ကြွသည့်နည်းလမ်း အတိုင်းပင့်ရမည်ဟု ဆိုကာ ဆရာတော်ကြီးအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းရာမှ ဆရာတော်ကြီးသည် ပညာရှိပီသစွာ အားလုံးမနစ်နာစေရေးအတွက် စိတ်လေးလံပင်ပန်းစွာကြွခဲ့ရသည်။ ဆရာတော်ကြီးရန်ကုန်ရောက်သည်နှင့်တပြိုင်နက် နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးမှ သပိတ်မှောက် သံဃာတော်များကို ရပ်လျှင်ရပ်၊ မရပ်လျှင်ဖမ်းဆီးမည်ဟု အသိမပေးပဲအမိန့် ထုတ်ပြန်ခဲ့ခြင်းကြောင့် ဘွဲ့ရ၊ ပညာတတ် ဆရာတော်များအပါအ၀င် များစွာသော သီလ၊ သမာဓိ၊ သိက္ခာပုဒ်တို့နှင့် ပြည့်စုံသော ထေကြီး ၀ါကြီး သံဃာတော်ကြီးများ၊ အနာဂတ် သာသနာတိုးတက်စည်ပင်ထွန်းကားရေးအတွက် အားကိုးအားထားပြုရမည့် အညွန့်တလူလူ တက်နေသော  စာသင်သား သံဃာတော်များစွာတို့ပါ ဖမ်းဆီး၊ ထောင်ချခြင်းခံရသောကြောင့် ဆရာတော်ကြီးသည်လည်း များစွာစိတ်နှလုံး ညှိုးငယ်ပင်ပန်းခဲ့ရသလို ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသော သံဃာတော်များစွာတို့သည်လည်း ဒုက္ခဆင်းရဲပင်ပန်းကြီးခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော်သံဃနာယကအဖွဲ့သည် သံဃာတော်များနှင့် သာသနာတော်ကိုစော်ကားပြုမူသောအရေးထက် အစိုးရ၏ ရပ်တည်ရေးကိုသာ လိုအပ်သလို ရှေးရှုပြုမူဆောင်ရွက်ခဲ့သည်မှာ ထင်ရှားလှသည်။ ၂၀၀၇ ခုနစ် တွင် သံဃာတော်များကို ဓါတ်တိုင်တွင်ကြိုးတုတ် ရိုက်နှက်စော်ကားခဲ့ပြီး ပြန်လည်ဝန်ချမတောင်းပန်သည့်အတွက်ကြောင့် သံဃာတော်များက ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်းလမ်းလျှောက် ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ဘုန်းကြီးကျောင်းများသို့ ညဘက်တွင် ရန်သူစခန်းစီးသလိုဝင်စီးခြင်း၊ ဘုန်းကြီးကျောင်းရှိ သံဃာပိုင်ပစ္စည်းများကို ဖျက်စီးခြင်း၊ သံဃာတော်များအား သွေးထွက်သံယိုသည်အထိ ရိုက်နှက်ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည့် အပေါ်တွင်လည်း သာသနာနှင့် သံဃာတော်များ၏ဘက်မှ မားမားမတ်မတ်ရပ်တည်၍ တရားသဖြင့် ဆောင်ရွက်ခဲ့ခြင်းလည်းမတွေ့ရပေ။ ထို့အတူ ယခုနှစ် နိုဝင်ဘာလတွင် မန္တလေး၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော သံဃာတော်များကိုလည်း သံဃနာယကအဖွဲ့မှ တွေ့ဆုံဆွေးနွေးကာ မိမိတို့ကျောင်းတွင် သုံးရက်တိတိသီတင်းသုံးဟောပြောခွင့်ပြုမည့်အပြင် မည်သည့် အာဏာပိုင်အဖွဲ့အစည်းကမှ ဖမ်းဆီးနှောင့်ယှက်ခြင်းအလျှင်းမရှိစေရန်၊ မန္တလေးတွင် လွတ်လပ်စွာသီတင်းသုံးနိုင်ရန် တာဝန်ယူပါသည်ဟု ကတိပေးပြောဆိုကာ မူလနေရာမှ ရွှေ့ပြောင်းစေခဲ့သည်။ လက်တွေ့တွင်မူ သုံးရက်တိတိဟောပြောခွင့်သည် တစ်နာရီတိတိအဖြစ်သာ ပြောင်းလဲသွားခဲ့သည်။ မန္တလေးတွင် လွတ်လပ်စွာသီတင်းသုံးနိုင်ပါသည်ဟူသောကတိသည် မုံရွာမြို့သို့ချက်ချင်း ရွှေ့ပြောင်း သီတင်းသုံးရမည်ဟူ၍ဖြစ်လာသည်။ ထိုမျှသာမက မုံရွာမြို့ရှိကျောင်းတိုက်များကိုလည်း ဆန္ဒပြသံဃာတော်များကို လက်မခံရအမိန့်စာ ထုတ်ထားခြင်းကြောင့် ယခုအခါ ဆန္ဒပြသံဃာတော်များသည် မိမိတို့နေရပ်သို့ပြန်ကာ သီတင်းသုံးနေရသည်။ မည်သည့်အာဏာပိုင်များမှ လာရောက်ဖမ်းဆီးခြင်း မပြုသော်လည်း အထက်ပါသံဃာတော်များသည် မိမိတို့ကျေးရွာမှအပ အခြားမည်သည့်နေရာကိုမှ ကြွရောက်သွားလာခွင့်မရှိဘဲ အကျယ်ချုပ်ဖမ်းဆီးခြင်းခံထားရပေသည်။ သံဃနာယကအဖွဲ့ဟူ၍ ခေါင်းစဉ်တပ်ကာ အကြီးအကဲနေရာ၌ တာဝန်ယူဆောင်ရွက်နေသော သံဃာတော်များသည် ထူးကဲစွာ ကတိတည်ရပေမည်။ ထို့အတူ မိမိသံဃာတော်များ လွတ်လပ်စွာတရားဟောဖော်ညွှန်ပြဆိုဆုံးမခွင့်မရလျှင် ရအောင်၊ မတရားစော်ကားနှိပ်စက်ခံရလျှင် အဆိုပါဒုက္ခမှလွတ်မြောက်အောင်၊ သာသနာတိုးတက်စည်ပင်ထွန်းကားလာရေးအတွက် ဗုဒ္ဓစာပေများကို စနစ်တကျပို့ချနိုင်မည့် တက္ကသိုလ်၊ ကောလိပ်များ တိုးချဲ့ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ရမည့်အစား အဆိုပါကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်နေသည့် သံဃာတော်များကိုသာ မတရားလိုက်လံဖိအားပေးအရေးယူဆောင်ရွက်နေသည်မှာ လွန်စွာ ၀မ်းနည်းဖွယ်ကောင်းလှသည်။ ထို့အတူ ရွှေည၀ါဆရာတော်ကြီးအား အရေးယူရန်အတွက် အမိန့်ထုတ်ပြန်ခဲ့ခြင်းကို နိုင်ငံတော် သံဃနာယကဥက္ကဠဖြစ်သော ဗန်းမော်ဆရာတော်ကြီးအားအသိမပေးပဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်လေသည်။ စင်စစ်အားဖြင့် ရွှေည၀ါ ဆရာတော်ကြီးသည် ဗန်းမော်ဆရာတော်ကြီး၏ တပည့်ရင်းဖြစ်ပြီး မိမိအားအသိပေးခြင်းမရှိပဲ ထုတ်ပြန်ခဲ့သည့်အတွက် ဗန်းမော်ဆရာတော်ကြီးသည်များစွာ စိတ်ညှိုးနွမ်းလျက်ရှိပေသည်။
                                           ရွှေည၀ါဆရာတော်ဦးပညာသီဟသည် သာသနာတော် ထွန်းကားစည်ပင်ဖွံဖြိုးစေရေးအတွက် တစ်နှစ်ပတ်လုံး နေ့ရောညပါ မနားတမ်း ဗုဒ္ဓတက္ကသိုလ်ကြီးအားဖွင့်လှစ်ကာ စာဝါများပို့ချခြင်းတို့အပြင် လူမှုရေးလုပ်ငန်းများတွင်ပါ တက်တက်ကြွကြွ ကြိုးပမ်းနေသော သံဃအာဇာနည်တစ်ပါးဖြစ်လေသည်။ ဒုဗ္ဗစ ပုဂ္ဂိုလ်ဟူ၍ သတ်မှတ်ရန်မှာ ဗုဒ္ဓချမှတ်ခဲ့သော ၀ိနည်းတော်များကို ချိုးဖောက် ဂရုမစိုက် မလိုက်နာခြင်း၊ သိက္ခာပုဒ်နှင့်အညီ မနေထိုင်ခြင်း အစရှိသည့်အချက်များနှင့် စပ်လျဉ်းမှသာ သတ်မှတ်ခွင့်ရှိလေသည်။ ရွှေည၀ါဆရာတော်ကြီးသည် ၀ိနည်းလည်းတစ်စုံတစ်ရာမချိုးဖောက်၊ သိက္ခာပုဒ်နှင့်ချွတ်ချော်အောင် မပြုသည့်အပြင် နိုင်သည့်ဝန်ထမ်းကာ သာသနာတော်အတွက် စွမ်းစွမ်းတမံဆောင်ရွက်နေသည်မှာ တပည့်ပရိတ်သတ်အပေါင်း၊ ဒါယိကာ၊ ဒါယိကာမအားလုံး သိကြပေသည်။ တရားဟောပြောခွင့်ပိတ်ပင်ထားသည့်အပေါ် မလိုက်နာခြင်းကြောင့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ်သတ်မှတ်ကာ လူဝတ်လဲရန်အပြစ်ပေးသည်မှာ နိုင်ငံတော်သံဃနာယကအဖွဲ့အနေနှင့်လွန်စွာ အောက်တန်းကျလွန်းလှပေသည်။ အကယ်၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်သည့် ၀ိနည်းချိုးဖောက်သိက္ခာဖောက်အကျင့်ပျက်သံဃာတော်တောင်မှ သိမ်အတွင်းသို့သွားရောက်၍ သံဃာတော်များစွာတို့၏ရှေ့တွင် ကမ္မ၀ါဖတ်ခြင်း၊ နာခံပါ့မည်ဟု ၀န်ချတောင်းပန်ပါက အဆိုပါသံဃာတော်အား ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းမပြုနိုင်တော့ပေ။ ထို့ကြောင့် ရွှေည၀ါဆရာတော်ကြီးအား အပြစ်မရှိကြောင်းထင်ရှားပါလျက် မတရားစွပ်စွဲကာ အမိန့်ပေးအရေးယူသော နိုင်ငံတော် သံဃနာယကအဖွဲ့မှ (၄၇) ပါးသော သံဃာအချော်များသည် မိမိတို့၏ သီလ၊ သိက္ခာ၊ သမာဓိ ကို တတ်နိုင်သလောက် အဖတ်ဆယ်ပြီး အမိန့်ပေးအရေးယူထားချက်များကို အချိန်မီပြန်လည်ရုတ်သိမ်းရုံမျှမက မိမိတို့ထက် သီလ၊ သမာဓိ၊ သိက္ခာ အကျင့်တို့နှင့်ပြည့်စုံ၍ သံဃာတော်အပေါင်းနှင့် သာသနာတော်ကြီးစည်ပင်ပြန့်ပွားစေရေးအတွက်ပါမက ပြည်သူလူထုအတွက်ပါ အစွမ်းကုန်ကြိုးပမ်းနေသော ရွှေည၀ါဆရာတော်ကြီးကို စော်ကားခြင်းအမှုပြုမိသည့်အတွက် ပြန်လည်ဝန်ချတောင်းပန်သင့်ပေသည်။ အကယ်၍ နိုင်ငံတော်သံဃနာယကအဖွဲ့မှ ဆက်လက်မတရားပြုလုပ်မည်ဆိုပါက သာသနာတော်၏ အားတစ်ခုဖြစ်သော ရွှေည၀ါ ဆရာတော်ကြီးအတွက် ကျန်ရှိနေသော နိုင်ငံတစ်ဝှမ်းရှိ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့မှ မိမိတို့ ဘာသာ၊ သာသနာအတွက် အသက်စွန့်၍ ကာကွယ်ပေးရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်လိုက်ပေသည်။
                                                                                                                                           
ဒိဗာယ



0 comments:

Post a Comment