Saturday, December 24, 2011

တာဝန်နှင့် ၀တ္တရား

တာဝန်နှင့် ၀တ္တရား
ကျွန်တော်တို့ နေ့စဉ်ပြောဆိုသုံးစွဲနေသော တာဝန်၊၀တ္တရား ဟူသည့် ဝေါဟာရနှစ်ခုအကြောင်းကို အနည်းငယ်တင်ပြပါရစေ။ တာဝန်ဆိုသည်မှာ လူတစ်ဦးတစ်ယောက်က မိမိအပေါ်တစုံတစ်ခုသော အလုပ်မျိုးကို မိမိလုပ်ဆောင်ရန်ပေးဆောင်လာသော အရာတစ်ခု(သို့)ထိုအလုပ်ကို မိမိမလုပ်လျှင် မိမိအတွက်သာကို အကျိုးများဆုပ်ယုတ်ပျက်စီးတတ်၍ မလုပ်မဖြစ်ရသော အလုပ်ဖြစ်ပြီး၊ ၀တ္တရားဆိုသည်မှာတော့ မည်သူတစ်ဦးတစ်ယောက်မှ ပေးအပ်ထားခြင်းမရှိဘဲ မိမိအသိစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သည့်အရာဟု ကျွန်တော်မှ အဓိပ္ပါယ် ဖွင့်ချင်သည်။
အရွယ်ပမာဏ အလွန်သေးငယ်သော ပုရွက်ဆိတ်ကလေးများ၊ ပျားပိတုန်းများ၊ ချကောင်များ နှင့် စာကလေးငှက်များတို့ကား မိမိတို့၏ နေစရာအဆောက်အဦနှင့် စားစရာ စားနပ်ရိက္ခာများကို သူတို့အားလုံးကိုယ်စီကိုယ်ငှ စုပေါင်းဆောင်ရွက်၍ တာဝန်ထန်းဆောင် ကြရသည်။

ကျွန်တော်တို့၏ အိမ်တစ်အိမ်၊ မိသားစုတစ်စုတွင် ပထမဆုံး အဖေ နှင့် အမေရှိသည်။ ပြီးလျှင် ကျွန်တော်တို့၏ ညီအစ်ကို မောင်နှမများ ရှိနိုင်သည်။ အဘိုးအဘွားများလည်းရှိချင် ရှိနိုင်သည်။ ထိုမိသားစုအားလုံးတွင် တာဝန်ကိုယ်စီနှင့် ရှိကြသည်။ ဤတွင် အဖေသည် အိမ်ထောင်ဦးစီး ဟူသည့် ဂုဏ်ပုဒ်နှင့်အညီ သားသမီးတို့၏ စံဖြစ်ရမည်။ သားသမီးတို့ကို လမ်းမှန်ရောက်အောင် အမြဲတမ်း သွန်သင်ဆုံးမ နေသင့်သည်။ ဤသည်မှာ ဖခင်၏ တာဝန်ဖြစ်သည်။ ဖခင်နည်းတူ ကလေးမှစ၍ အဘိုးအဘွား ထိတိုင် အိမ်သားအားလုံး တာဝန်ကိုယ်စီယူကြရသည်။ ထိုကဲ့သို့ အိမ်တွင် မည်သူမျှ မိမိတာဝန်ကို မလှစ်ဟင်းဘဲ ကိုယ်စီထမ်းဆောင်သွားလျှင် ထိုအိမ်သည် သာယာစည်ပင်ဝပြောသော၊ ဘေးအိမ်များက စံထားလောက်သော အိမ်တစ်အိမ်ဖြစ်လာမည်မှာ မလွဲပေ။
ထို့အတူပင် ကုမ္ပဏီတစ်ခု(သို့)ရုံးတစ်ရုံးတွင် ကုမ္ပဏီမန်နေဂျာမှသည် သန့်ရှင်းရေးသမားအထိ မိမိတို့၏ ဆိုင်ရာတာဝန်များကို ထမ်းဆောင်ကြရသည်။ မန်နေဂျာက တာဝန်ကျေနေပြီး ရုံးဝန်ထမ်းများက ထာဝန်မဲ့နေလျှင်လည်း ရုံးအတွက် နစ်နာမည်သာ။ အပြန်အလှန်အားဖြင့် ရုံးဝန်ထမ်းအားလုံးမှ တာဝန်ကျေပြီး မန်နေဂျာက မိမိတာဝန်ကို မကျေပြန်လျှင်လည်း ထိုကုမ္ပဏီ(သို့) ရုံးအတွက် သင့်မြတ်ကောင်းမွန်မည်မဟုတ်ပေ။
ကျန်ရှိသေးပါသည်။ စာသင်ကျောင်းတစ်ကျောင်းတွင်လည်း ကျောင်းအုပ်ကြီး၊ ကျောင်းဆရာ၊ဆရာမများ၊ ကျောင်းသူကျောင်း သားများ နှင့် ကျောင်းသန့်ရှင်းရေးသမားများ အစရှိသဖြင့်ရှိကြသည်။ ကျောင်းအုပ်ကြီးလုပ်သူမှာ မိမိကျောင်းတွင်ရှိသော ကျောင်းဆရာ၊ ဆရာမများ နှင့် ကျောင်းသားကျောင်းသူတို့၏ အခြေအနေကို မကြည့်ရှုမစစ်ဆေးဘဲ ပေါ့ပေါ့ပင်ပင်နေထိုင်လျှင်လည်းကောင်း၊ ကျောင်းဆရာမများမှ ကျောင်းသူကျောင်းသူများအပေါ် မိမိတို့ သင်စရာရှိသည်များကို ဂရုတစိုက်မသင်ကြား၊ ဖြစ်ကတတ်ဆန်းသင်ကြား ပို့ချလျှင် ထိုကျောင်းဆရာများဘက်မှ တာဝန်မဲ့ရာကြ၏။ ကျောင်းသားကျောင်းသူများဘက်မှလည်း မိမိတို့၏ တစ်နေ့တာပေးလိုက်သော အိမ်စာများကိုလည်းကောင်း၊ မိမိတို့ အသင်းလိုက်ထမ်းဆောင်ရမည့် တာဝန်များ၊ စာမေးပွဲအတွက်ပြင်ဆင်စရာ များကို မလုပ်ဆောင်ပါ က မိမိတို့ တာဝန်မဲ့ရာကျတော့သည်။ ထိုအခါ ထိုစာသင်ကျောင်းကြီးသည် အများတကာကဲ့ရဲ့သော၊ ညံ့ဖျင်းသော ကျောင်းကြီးဟူ၍ နာမည်ဆိုးဖြစ်ပေါ်လာပေတော့မည်။
ဤသည်တို့မှာ အဖွဲ့အစည်းတစ်ခုနှင့် နေထိုင်လာလျှင် အများနည်းတူလုပ်ဆောင်ရမည့်တာဝန်များဖြစ်သည်။ ချဲ၍ကြည့်မည် ဆိုလျှင် မိမိတို့နေထိုင်ရာ နိုင်ငံကြီးသည်လည်း လူအဖွဲ့အစည်းဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်လေသည်။ နိုင်ငံတစ်နိုင်ငံတွင် အစိုးရနှင့် ပြည်သူဟူ၍ နှစ်မျိုးရှိသည်။အစိုးရတွင်လည်း မိမိလုပ်ဆောင်ဖွယ်ရာ တာဝန်ရှိသည်။ ပြည်သူများတွင် လည်း မိမိတို့လုပ်ဆောင်ရမည့် တာဝန်ရှိပါသည်။ အစိုးရမှ ပြည်သူများ၏ လူနေမှုအဆင့်အတန်း၊ စီးပွါးရေး၊ ပညာရေးတို့ကို ဘက်စုံ ပြည့်စုံအောင် တာဝန်ယူဆောင်ရွက်စရာရှိသည်။ တဖန် ပြည်သူများသည်လည်း မိမိတို့၏ တိုင်းရင်းသားညီအစ်ကို မောင်နှစ်မများအချင်း ချင်း စည်းလုံးညီညွတ်သင့်မြတ်ကြရန်၊ မိမိတို့၏ အမျိုး၊ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု တို့ကို မတိမ်ကော မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှေက်ရန်တာဝန်ရှိသည်။
ဤသည်တို့မှာ ကျွန်တော်တို့ အားလုံးလုပ်ဆောင်ကြရမည့် တာဝန်အကြောင်းဖြစ်သည်။ ၀တ္တရားကိုကြည့်မည်ဆိုလျှင် ဗုဒ္ဓမြတ်စွာဘုရားက သိင်္ဂါလောဝါဒသုတ်တော်တွင် ကျွန်တော်တို့လူသားများအတွက် ဆိုင်းရာဆိုင်ရာ ၀တ္တရားများကို ဟောကြားဆုံးမ ထားသည်ကို တွေ့ရမည်ဖြစ်သည်။ အထက်တွင်ပြောခဲ့သည့်အတိုင်း ၀တ္တရားသည် မိမိ၏ အသိစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးခြင်းကို ဆိုလိုပါသည်။ ဘုရားဟော သိင်္ဂါလေ၀ါဒသုတ်ကို သင်္ဂဇာဆရာတော်ကြီးက မိဘ၀တ်၊ သားသမီးဝတ်၊ ဆရာ့ဝတ်၊ တပည့်ဝတ် စသည့်ဖြင့် ဆောင်ပုဒ်များဖွဲ့ထားခဲ့သည်မှာ ကျွန်တော်တို့အမှန်တကယ်လိုက်နာရန်ဖြစ်သည်။ ထိုဝတ္တရားများနှင့်ပက်သက်၍ အကျယ်ချဲ့ ပြော၍ လိုမည်မထင်ပါ။
လူ့ဘ၀တွင် လူတိုင်း တာဝန်နှင့်ဝတ္တရားကို ရှောင်လွဲ၍မရပေ။ တာဝန်ဟူသည်မှာလည်း ကျွန်တော်တို့အတွက်ဝန်ထုတ်ဝန်ပိုး တစ်ခုမဟုတ်ပါ။ အချို့သည် တာဝန်ကို ရှောင်ကြဉ်ကျသည်။ အချို့ကလည်း တာဝန်ကိုအကြောက်ကြီးကြောက်ကြသည်။ ထို့အတူပင် အချို့သောသူများမှာ မှာလည်း မိမိတို့၏ အမိအဖ အဘိုးအဘွား၊ ဆရာသမားတို့အပေါ် လုပ်ဆောင်ပေးရန် ၀တ္တရားတို့ကို မေ့လျော့နေကြ၏။ထားပါတော့။ ကျွန်တော်တို့တတွေအားလုံး ကိုယ်စီကိုယ်ငှ မိမိတို့၏ဆိုင်ရာတာဝန်များကို တာဝန်သိစွာ လိုက်နာ ထမ်းရွက်သွာမည်။ထိုအခါ ကျွန်တော်တို့၏ ကမ္ဘာကြီးသည် လှပသော၊ နေချင့်စဖွယ်ကောင်းသော ကမ္ဘာမြေကြီးဖြစ်လာမည်မှာ မလွဲဧကန်ပင်တည်း။    ။
 မောင်ပြည်ချစ်...ကွမ်းခြံကုန်း

0 comments:

Post a Comment