မည်သူမဆို ညအိပ်ရာဝင်ချိန်၌
အနက်အိပ်ရာထချိန်ထက်နည်းနည်းဖြစ်စေအသိဉာဏ်ပညာပိုရှိနေရမည်၊ သို့မဟုတ်ပါကလူသားတစ်ဦးအနေနှင့်အကြီးမားဆုံးပြစ်မှုကိုကျူးလွန်ခဲ့ရာရောက်သည်တဲ့။ လီယိုဗတ်စကာဂလီယာကဆိုသည်။ မှန်သည်။
လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။
မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။
အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။
သည်အတွက် ဘယ်လိုလုပ်မည်နည်း။
တစ်နည်းသာ ရှိသည်။
"စာဖတ်ပါ"၊ ဒါပဲ။
နေ့စဉ်ဖတ်ပါ။ စာကောင်းပေကောင်းကို ရွေးဖတ်ပါ။ ကိုယ့်အလုပ်အတွက် ကိုယ့်ဘ၀အတွက် အသုံးဝင်မည့်အရာကို ဦးစားပေး ရွေးဖတ်ပါ။ ညအိပ်ရာဝင်ကာနီးတိုင်း သည်ကနေ့ ငါ့မှာ ဘာအသိဉာဏ်ပညာ တိုးသလဲ ကိုယ့်ကိုကိုယ် စစ်ဆေးမေးမြန်းပါ။
တချို့က ပြောသည်။ အလုပ်တွေများလွန်းလို့စာအုပ်ဆိုတာ ကောက်တောင်မကိုင်နိုင်ဘူးတဲ့။ဟုတ်ရဲ့လား။ဘယ်လောက်တောင် အလုပ်များနေလို့လဲ။ပါမောက္ခ အော်စလာထက်တော့ ပိုမများနိုင်ဘူးထင်သည်။ပါမောက္ခအော်စလာ (Sir William Osler) (၁၈၄၉-၁၉၁၉) ဟူသည်က ကမ္ဘာ့ဆေးလောကမှာ ကျော်ကြားသည့် ကနေဒါလူမျိုး သမားတော်ကြီး ဖြစ်သည်။ ဆေးပညာ ပါမောက္ခတစ်ဦးအဖြစ် ဆေးပညာရှင် အမြောက်အမြားကိ ကိုယ်တိုင်လေ့ကျင့် ပျိုးထောင်ပေးခဲ့သည်။ သူရေးသားပြုစုသည့် ဆေးကျမ်းများကို ဖတ်ရှု၍ ဆရာဝန်ဖြစ်လာသူတို့ကား ရေတွက်၍ပင် ရမည်မထင်။
သူ့အကြောင်းကို အတ္ထုပ္ပတ္တိဆရာများစွာတို့ ချီးပဂုဏ်တင် ရေးသားခဲ့ကြသည်။ သို့သော် ၎င်းပုဂ္ဂိုလ်တို့သည် သူ့အား ဆေးပညာရှင်တစ်ဦး ဖြစ်ရုံမျှအတွက် ဂုဏ်ပြုမှတ်တမ်းတင်ကြခြင်း မဟုတ်။
သူသည် ဆေးပညာအရာ၌ ကြီးကျယ်သူဖြစ်သည်မှန်၏။ သို့သော် ပို၍ကြီးကျယ်သည်ကား သူ၏ နက်ရှိုင်းကျယ်ဝန်းလှသော ပညာဗဟုသုတဖြစ်၏။
အော်စလာသည် ဆေးပညာသာမဟုတ် အသိပညာဟူသမျှကို နှစ်ခြိုက်ခုံမင်သူဖြစ်သည်။ ခေတ်အဆက်ဆက် လူတို့ တွေးခဲ့ကြံခဲ့ လုပ်ကိုင်ခဲ့သမျှကို သူသိချင် ကြားချင်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံး၏ တန်ဖိုးအရှိဆုံး အတွေ့အကြုံများကို သူမှတ်သားနာယူချင်သည်။
သည်အတွက် အကောင်းဆုံးနည်းသည် စာဖတ်ခြင်းပင်ဖြစ်ကြောင်း သူသိသည်။
သို့သော် သည်ကိစ္စအတွက် သူ့မှာ အခက်အခဲရှိသည်။ အခက်အခဲက သည်ကနေ့ စာဖတ်ချင်လျက် မဖတ်နိုင်ဖြစ်နေရသည်ဆိုသူတွေ ပြောလေ့ရှိကြသည့် အလုပ်မအားခြင်း သို့မဟုတ် အချိန်မရှိခြင်း။
ဆေးကုသရသည်။ ဆေးပညာသင်ကြားပို့ချရသည်။ ဆေးသုတေသန လုပ်ငန်းများ၌လည်း အာရုံစူးစိုက်ရသေးသည်။
တစ်နေ့ ၂၄ နာရီသည် သူ့အတွက် အလွန်နည်းနေခဲ့သည်။
စာဖတ်ချိန်ရချင်လျှင် အိပ်ချိန်ထဲက ဖဲ့ယူရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့။
သို့နှင့် ညအိပ်ရာဝင်တော့မည်ဆိုသည့် အချိန်တွင် စာ ၁၅ မိနစ်ဖတ်သည့် အလေ့အကျင့်တစ်ခု သူအစပြုခဲ့သည်။ ည ၁၁ နာရီ အိပ်တော့မည်ဆိုလျှင် စာအတွက် ၁၅ မိနစ် အချိန်ထပ်ယူ။ ၁၁ နာရီ ၁၅ ကျမှအိပ်။ အလုပ်များ၍ ည ၁၂ နာရီ ထိုးသွားလျှင်လည်း နောက်ထပ် ၁၅ မိနစ်တိုး၊ သန်းကောင်ကျော်ပြီး ၁၅ မိနစ်မှာအိပ်။
အိပ်ကာနီး ၁၅ မိနစ် စာဖတ်သည့် အလေ့အကျင့်ကို လူလတ်ပိုင်းအရွယ် အလုပ်များသော ဆရာဝန်ကြီး ဖြစ်စကာလမှာပင် သူရရှိခဲ့ပြီး ကွယ်လွန်ကာနီးအချိန်ထိ နေ့စဉ်မပျက် ကျင့်သုံးခဲ့ရာ အနှစ် ၇၀ မျှ ရှည်လျားသော သူ့သက်တမ်းကာလအတွင်း စာအုပ်စာတမ်း ကျမ်းပေါင်းများစွာကို ဖတ်ရှုဖြစ်ခဲ့သည်။
ပြီးပြီးရော ဖတ်ရှုခြင်းမျိုး မဟုတ်။
ကိုယ်တိုင်ဖတ်ရုံဖြင့် မတင်းတိမ်၊ နောက်လူများအတွက်ပါ ညွှန်းသွားခဲ့သေး၏။ စာဖတ်ရန်အတွက်နည်းတူ အချိန်ကုတ်ကတ် ရယူကာ သူရေးသားပြုစုခဲ့သည့် သူ၏ စာအုပ်အညွှန်းကျမ်းကြီး၌ စာအုပ်စာတမ်းကျမ်းပေါင်း (၇၇၈၇) အုပ်ကို စနစ်တကျ ညွှန်းဆိုဖော်ပြသွားခဲ့သည်။
အဲဒါ ပါမောက္ခအော်စလာ၏ စာဖတ်နည်း ဖြစ်သည်။ သင်ရော တစ်နေ့မှာ ၁၅ မိနစ်လောက် အချိန်ရှာမရနိုင်ဘူးလား။ အိပ်ရာဝင် မဟုတ်လျှင် အိပ်ရာထ၊ ဒါမှမဟုတ် နံနက်စာမစားမီ၊ သို့မဟုတ် စားပြီး နေ့လည်၊ ဒါမှမဟုတ် ညနေ။
ကိုယ်ဖတ်မည့် စာအုပ်တွေကို သတ်မှတ်ရွေးချယ်ထား။ အိတ်ထဲဆောင်လို့ရတာ အိတ်ထဲမှာ၊ သို့မဟုတ် လွယ်အိတ်ထဲမှာ၊ သို့မဟုတ် ရုံးစားပွဲ အံဆွဲထဲမှာ၊ ဧည့်ခန်းမှာ၊ အိပ်ခန်းမှာ၊ .....။
အဲသလိုထားမည်ဆိုက စာဖတ်ချိန်လေးတွေ ငါးမိနစ်၊ ဆယ်မိနစ်၊ ဟိုနည်းနည်း သည်နည်းနည်း စုပေါင်းကာ တစ်နေ့ ၁၅ မိနစ်မက ရမှာသေချာသည်။
၁၅ မိနစ်ပဲ ဖတ်နိုင်သည်ထားဦး၊ နေ့စဉ်မှန်မှန်သာဆိုက သင်ရရှိမည့် အကျိုးရလဒ်သည် မသေး။
တွက်ချက်ထားသူတို့ အဆိုအရ တစ်နေ့ ၁၅ မိနစ်ဖတ်လျှင် တစ်လမှာ စာအုပ်ထူထူနှစ်အုပ် ဖတ်ပြီးနိုင်သည်။ တစ်နှစ်မှာ ပျမ်းမျှ ၂၀-၂၅ အုပ် ဖတ်နိုင်လျှင် တစ်သက်တာအတွင်း စာအုပ်ပေါင်း ၁၀၀၀ တော့ သင်ဖတ်ဖြစ်ခဲ့ပေမည်။
တစ်ထောင်ဆိုတာ နည်းသလား။
တစ်ခုပဲ သတိထားဖို့လိုသည်။ တကယ် တန်ဖိုးရှိသည့် စာအုပ်ကောင်းတွေ ရွေးချယ်ဖတ်ရှုမိဖို့ပင်။
(ဖေမြင့် ၏ "စာဖတ်သမား၏ မှတ်စုများ" စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။

0 comments:
Post a Comment