ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းပေါ်ရှိ
အိုးအိမ်ဦးစီးဌာနအရှေ့တွင် ယနေ့ နံနက် ၉ နာရီ ၃၀ ခန့်က လယ်သမား ၅၀ ခန့်သည်
သိမ်းဆည်းခံထားရသည့် ၎င်းတို့လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့်ရရန် ဆန္ဒပြ
တောင်းဆိုကြသည်။
ယင်း ဆန္ဒပြပွဲကို မြင်တွေ့ခဲ့သူ တဦးက“လုံထိန်းကားတွေ ရဲတွေရောက်လာပြီး မင်းတို့အခု လူစုခွဲပြီး ထွက်သွားကြ၊ နားမလည် ဘူးလား ဒါ တရားမ၀င်တဲ့ အလုပ်လို့ အော်ဟစ်ပြီး လူစုခွဲခိုင်းတယ်”ဟု ပြောသည်။
အာဏာပိုင်များက ဆန္ဒပြသူများကို မိနစ်ပိုင်းအတွင်း လူစုခွဲခိုင်းပြီး အိုးအိမ်ရုံးရှေ့တွင် လုံခြုံရေးအပြည့်ချထားကြောင်း သိရသည်။
“ဆန္ဒပြတဲ့ လူတွေနောက် မလှမ်းမကမ်းက လုံထိန်းကား ၅ စီး လိုက်နေတာတွေ့တယ်”ဟုလည်း မျက်မြင် ရန်ကုန်မြို့ခံတဦးက ဆို သည်။
ဆန္ဒပြသော လယ်သမားများသည် တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်မှ လယ်သမားများဖြစ်ပြီး ၎င်းတို့ လယ်မြေများကို သိမ်းယူလိုက်ခံရ၍ လယ်လုပ်ခွင့်များ ဆုံးရုံးနေသောကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း တောင်ဒဂုံ ဆိပ်ကမ်း မြို့နယ် မှ လယ်သမားတဦးက ပြောသည်။
“အကြောက်တရားရှိပေမယ့် ငတ်တာတော့ မခံနိုင်ဘူး၊ လယ်လုပ်ခွင့်ပဲ ပြန်လိုချင်တယ်”ဟု ၎င်းက ဆိုသည်။
တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံ ဆိပ်ကမ်း စသည့် မြို့နယ်များမှ လယ်သမား ၁၀၀၀ ကျော်၏ လယ်ဧက၂၀၀၀၀ နီးပါးကို ၂၀၀၉ ခုနှစ်မှ စ၍ အာဏာပိုင်များက သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောဆိုကြသည်။
http://burma.irrawaddy.org/?p=1624
0 comments:
Post a Comment