Thursday, October 27, 2011

ဝါးလုံးထိုး ရေဆင်းလာပြီးနောက်

မျိုးသိဏ်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၅၅ မိနစ်

ရန်ကုန် (မဇ္ဈိမ)။        ။ အောက်တိုဘာလ ၂၁ ရက် သောကြာနေ့ မွန်းလွဲပိုင်း ဖြစ်သည်။ ပခုက္ကူမြို့ ရွှေချောင်း သဲချောင်းအနီးတွင် လူများ ဝိုင်းအုံနေကြသည်။ သက်တမ်း နှစ်ပေါင်းနှစ်ဆယ်နီးပါးရှိပြီ ဖြစ်သည့် တံတားကြီး ကျိုးပျက်သွားခြင်းကို လာရောက် ကြည့်ရှုနေကြခြင်း ဖြစ်သည်။
ပခုက္ကူမြို့ အရှေ့ပိုင်းမှ ဧရာဝတီမြစ်တွင်း စီးဝင်သော ရွှေချောင်း ချောင်းပေါ်မှ ပခုက္ကူ-မန္တလေး ကူးသန်းသွားလာ
ရေး ဆက်ကြောင်းဖြစ်သည့် ရွှေချောင်းတံတားကို အပိုင်းပိုင်း ကျိုးပျက်လျက် အနေအထားဖြင့် တွေ့မြင်ရသည်။
ရွှေချောင်းသည် သဲချောင်း ဖြစ်၍ ရွှေချောင်း တံတားသည် မြစ်ဝနှင့် ကိုက် ၂၅၀-၃၀၀ ခန့်သာ ကွာဝေးသည်။
ရွှေချောင်းတံတားမှ ချောင်းအထက်ပိုင်း ကိုက် ၁၀၀ ခန့်အထိ တိုးဝင်နေသည့် ဧရာဝတီမြစ်ရေမှအပ ချောင်း တလျှောက်လုံး သဲပြင်ချည်းသာ ဖြစ်သည်။

တံတားအထက်ပိုင်း သဲချောင်းတလျှောက် လူရာနှင့်ချီ သွားလာ လှုပ်ရှားနေသည်ကိုလည်းတွေ့နေရသည်။ အချို့ က ဥဒဟို သွားလာနေကြသပြီး တချို့က ဟိုတစု ဒီတစု စုဝေးဝိုင်းအုံနေကြသည်။ ယူနီဖောင်းဝတ် ရဲများ၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများနှင့် မီးသတ်အဖွဲ့ဝင်များလည်း တွေ့ရသည်။
pakhukuu1
ရေတိုက်စားမှုကြောင့် ကျိုးပျက်သွားသည့် ပခုက္ကူမြို့ အရှေ့ဘက် ပခုက္ကူ-မန္တလေး ကားလမ်းပေါ်ရှိ ရွှေချောင်း ချောင်းကူး ကွန်ကရစ်တံတားကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ )

အမှတ် (၃) ရပ်ကွက်အနီး သဲချောင်းပေါ်တွင် အော်ဟစ်ငိုကြွေးနေသည့် အမျိုးသမီးတဦးကို လူအများ ဝိုင်းအုံ ကြည့်ရှုနေကြသည်။ အမျိုးသမီး၏ လက်ထဲတွင် ထွေးပိုက်ထားသည်က သဲအလိမ်းလိမ်း ဖုံးအုပ်နေသည့် အမေအို တဦး၏ ရုပ်အလောင်းတခု။

“အမေရယ်။ အမေ့ကို သမီးတို့ ရှာနေကြတာ။ ဆေးရုံကော၊ ရင်ခွဲရုံကော။ အလောင်းတွေ့တယ် ဆိုတိုင်း သမီးတို့
ပြေးကြည့်နေကြတာ။ အမေရယ်ကံဆိုးလိုက်တာ။ သမီးတို့ကို ထားခဲ့ပြီပေါ့ အမေရယ်။”

မိခင် အလောင်းကို ဖက်ရင်း ရေရွတ် ငိုကြွေးနေသည့် သမီးဖြစ်သူ၏ မချိတင်ကဲအသံက မြင်သူတိုင်း ရင်ကို ဆို့နင့်
စေသည်။ စာနာတတ်သူတို့က ရုပ်အလောင်းအား ဆေးကြော သန့်စင်ပေးရန် ရေသွားခပ်ပေးကြသည်။ အနီးနား တွင်ရှိသည့် ရဲတဦးက သေဆုံးသူ အဘွားအို၏ အမည်နှင့် အသက်ကို မေးမြန်းနေသည်ကိုလည်း တွေ့ရသည်။

မကြာမီ အခြား မိသားစုဝင်များ ရောက်လာကြပြီး အလောင်းကို နေအိမ်သို့ ပြန်လည် သယ်ဆောင်ရန် ပြင်ဆင်ရာ
စောင့်ကြပ်နေသည့် ရဲတဦးက အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်ပြီးမှ နေအိမ်သို့ ပြန်လည် သယ်ဆောင်ခွင့်ပြု မည်ဟု ပြောဆိုလိုက်သည်။

ကြာသပတေးနေ့ မနက်အစောပိုင်းက ပခုက္ကူမြို့နယ် ရွှေချောင်းတွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း မကြုံဘူး သည့် အဖြစ်အပျက် ဖြစ်ပွားခဲ့သည်။ ချောင်းအထက်ပိုင်းမှ ရေလုံးကြီးများ ဝါးလုံးထိုး စီးဆင်းလာပြီး သဲချောင်း
ပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ်များ၊ အချို့နေရာများ၌ ချောင်းနှင့် ကိုက် ၂ဝဝ၊ ၃ဝဝ ခန့် ဝေးသည့်
နေရာများမှ နေအိမ်၊ လူသူ၊ ကျွဲနွားတိရစ္ဆာန်များကို အဟုန်ပြင်းစွာ တိုက်စား ခေါ်ဆောင်သွားခဲ့သည်။
pakhukuu2
ရေစီးဒဏ်ကြောင့် ကျိုးပျက်သွားသည့် ပခုက္ကူမြို့ အရှေ့ဘက် ပခုက္ကူ-မန္တလေး ကားလမ်းပေါ်ရှိ ရွှေချောင်း ချောင်းကူး ကွန်ကရစ်တံတားကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ )

“ရေစဝင်လာတော့ ကျမက ထမင်းအိုးချက်နေတာ။ အိမ်ထဲ ရေတွေဝင်လာလို့ အိမ်အနောက်ပဲရုံမှာ အလုပ်လုပ်
နေတဲ့ အမကို သွားခေါ်တာ အနားရောက်တော့လေ ပဲရုံဂိုထောင်ကြီး ပွင့်ထွက်သွားပြီး ရေလုံးကြီးက ဝုန်းဆို ထွက်လာတာ။ တော်တော်ကြောက်စရာ ကောင်းပါတယ်ဗျာ။ ပဲရုံကနေ အနောက်ဘက်ကို ကူးမိလို့ ပဲရုံကြီးထဲမှာ ဆို ကျမလည်း သေမှာ။ ဘာပစ္စည်းမှကို ယူချိန်မရတာ။ ဖိနပ်တောင် မပါဘူး။ အဲ့ပစ္စည်းတွေ ယူရင်လည်း ကျမ
သေမှာ။” ဟု အမှတ် (၃) ရပ်ကွက်၊ သုံးလမ်းနေ အသက် ၂၃  နှစ်ရှိ မသင်းသင်းခိုင်က အမဖြစ်သူနှင့် တူဖြစ်သူတို့ ဆုံးရှုံးခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည် ရှင်းပြသည်။

ရွှေချောင်းတံတားမှ ချောင်းအထက်ပိုင်း မြောက်အရပ်တွင် အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များ အစဉ်လိုက်ရှိပြီး၊ တံတားနှင့် ခန့်မှန်း ကိုက် ၃,ဝဝဝ ခန့် အကွာအဝေးရှိ အမှတ် (၃) ရပ်ကွက်သည် ပခုက္ကူမြို့၏ ရပ်ကွက် ၁၅ ခု အနက်လူဦးရေအများဆုံး၊ ဆင်းရဲနွမ်းပါးသူ လက်လုပ်လက်စား အများဆုံးဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရပြီး ပခုက္ကူမြို့၌ အိမ်ခြေပျက်စီးမှု အများဆုံး၊ သေဆုံး၊ ပျောက်ဆုံး ဦးရေ အများဆုံး ရပ်ကွက်ဖြစ်သည်။

၁ဝ ပေမှ ၁၅ ပေအထိ မြင့်သည့် ရေလှိုင်းလုံးကြီးများ ရုတ်တရက် ရိုက်ခတ်မှုကြောင့် ဇနီးနှင့် သားသမီးများ အပါအဝင် မိသားစုဝင် ခြောက်ဦးအထိ ဆုံးရှုံးခဲ့သူ တဦးက “အလောင်းတွေ့တယ် မြစ်ထဲမှာအလောင်း ပေါ်တယ် ကြားရင် ဆိုင်ကယ်ငှားပြီး ပြေးပြေးကြည့်နေတာ။ တချို့တွေက အလောင်းတွေ တွေ့တာကို သေပြီဆိုပြီး ပြန်ပြန် ထိုးလွှတ်၊ မျှောလွှတ်လိုက်ကြတယ်တဲ့။” ဟု ဆိုသည်။
pakhukuu3
ရေစီးနှင့် အတူပါသွားသည့် နေအိမ် နေရာဟောင်းတွင် ရွှေ၊ ငွေ ပစ္စည်း ရှာဖွေနေသူ တဦးကို ပခုက္ကူမြို့ အရှေ့ဘက် ရွှေချောင်း အတွင်း သောကြာနေ့က အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ )

ပခုက္ကူမြို့အနီးမှ အဖြတ် ချောင်းရိုး ကွေ့ကောက်နေမှုကြောင့် အချို့နေရာများတွင် အကျယ် ကိုက် ၂၀၀ မှ ၃၀၀ ခန့်၊ အနက် ၁၅ ပေခန့် မြေပြင် နိမ့်ကျသွားသည်ထိ ရေလုံးကြီးများက တိုက်စားသွားခဲ့သလို အချို့နေရာများတွင်
မြေပြင်မှ ၁ဝ ပေ၊ ၁၅ ပေခန့်အထိ သဲများဖြင့် ဖုံးအုပ်ပစ်လိုက်သည်။ ဒေသခံများ အဆိုအရ ကြာသပတေးနေ့ နံနက်ပိုင်းက စတင်စီးဆင်းခဲ့သည့် ချောင်းရေမှာ ညနေပိုင်းအထိ အဟုန်ပြင်းစွာ စီးဆင်းနေခဲ့ပြီး သောကြာနေ့ နံနက်ပိုင်းတွင် ခန်းခြောက်သွားခဲ့ကြောင်း သိရသည်။

သဲများ ဖုံးအုပ်ခံလိုက်ရသည့် နေအိမ် နေရာဟောင်းနေရာကို တူးဆွနေသူများလည်း တွေ့ရသည်။ ဆင်းရဲသား လူတန်းစားများသည့် ရက်ကွက်ဖြစ်ရာ ရတတ်သမျှ အတိုအထွာ ပစ္စည်းများ လိုက်လံ ကောက်ယူရာမှ အချင်းများ
နေသူများကိုလည်း တွေ့ရသည်။

“အိမ်ပြင်ဆောက်နေလို့ ဒီနားမှာ လာပြီး ယာယီအိမ်ဆောက် နေကြတာ။ မိသားစု ရှစ်ယောက် ပါသွားတယ်။ သဲထဲ ကနေ ဆိုင်ကယ်တစီးနဲ့ စက်ဘီးတစီး တွေ့တယ်။ အိမ်က ပြိုနေတာဆိုတော့ အထဲမှာ လူကျန်မလား ဆိုပြီး တူးကြည့်နေတာ။ အလောင်းပြန်ရရင် ကောင်းကောင်းမွန်မွန် သဂြုင်္ိဟ်လို့ရတာပေါ့။” ဟု ဆွေမျိုးသားချင်းများ၏ ရုပ်အလောင်းကို ရှာဖွေနေသူတဦးက ဆိုသည်။
pakhukuu4
ရေစီးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်ပျက်ရှေ့တွင် ထိုင်နေသည့် အမျိုးသမီး တဦးကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ )

ပခုက္ကူမြို့မှ အာဏာပိုင်တဦးက “အခုအချိန်အထိ (အောက်တိုဘာ ၂၁ မွန်းလွဲပိုင်း) ဘယ်သူဘယ်ဝါလို့ Identify လုပ်နိုင်တဲ့ အလောင်းတော့ ၅၈ လောင်း ရှိပြီ။ ဘယ်သူဘယ်ဝါ မခွဲနိုင်သေးတဲ့ တခြား အလောင်းတွေလည်း ရှိတယ်။ အဲ့တာတွေတော့ စာရင်းထဲ မထည့်သေးဘူး။ ချောင်းအထက်ပိုင်းက ပါလာတာလည်း ဖြစ်နိုင်တယ်။ အမှတ် (၃) ရပ်ကွက်က ဒီချောင်းဘေးမှာ နေတာတွေက ကျူးကျော်လို ဖြစ်နေတော့ စာရင်းအတိအကျ ဖြစ်ဖို့တော့ ခက်မယ်။” ဟု ဆိုသည်။

ရွှေချောင်းတံတား ကျိုးပျက်မှုတွင် လူနှင့် စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်များ ပါဝင်သွားကြောင်း၊ အများစုမှာ တဝေါဝေါ ကျဆင်းနေသည့်ရေကို တံတားပေါ်မှ ကြည့်ရှုနေခြင်း ဖြစ်ကြောင်း၊ ခန့်မှန်း လူဦးရေ ၁၅ ဦးခန့် တံတားပေါ်တွင် ရှိနေချိန် နံနက် ၇ နာရီ ဝန်းကျင်အချိန်ခန့်၌ တံတားကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့ သူများက ဆိုသည်။

ရွှေချောင်းတံတားမှာ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးတပ် ကားကြီးများ ဖြတ်သန်းခွင့်မပြုဘဲ ခြောက်ဘီးနှင့် အောက် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ရသည်ဟု သိရပြီး ကုန်ကားကြီးများအနေဖြင့် အမှတ် (၃) ရပ်ကွက် သုံးလမ်းအနီး ပခုက္ကူလေယာဉ်ကွင်းအနီးသို့ ပေါက်သည့် သဲချောင်းအတွင်းမှ ဖြတ်သန်းရကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါနေရာကို မြေတူးစက်၊ မြေကော်စက်များဖြင့် ယာယီ ယာဉ်သွားလာနိုင်ရန် အာဏာပိုင်များက အရေးပေါ် ပြင်ဆင်ခဲ့ရာ ညနေပိုင်းတွင် ယာဉ်များ ပြန်လည် သွားလာနိုင်ခဲ့သည်။
pakhukuu5
သဲများ အပြည့်ဖုံးအုပ်သွားခဲ့သည့် နေအိမ် နေရာဟောင်းတခုတွင် ပျောက်ဆုံးနေသူများနှင့် ပစ္စည်းများ ရှာဖွေနေသည့် ဆွေမျိုးသားချင်းတစုနှင့် ဝိုင်းအုံကြည့်ရှုနေသူများကို ရွှေချောင်း အနီး တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ )

ရေဘေး ဒုက္ခသည်များအတွက် ပခုက္ကူမြို့ပေါ်ရှိ တိလောကရာမ၊ မိုးကုတ်၊ မတထောင်၊ ကျောက်မီး စသည့် ဘုန်းကြီးကျောင်း လေးခုတွင် ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီး တိလောကရာမနှင့် မိုးကုတ်
ကျောင်းများတွင် အများဆုံးဖြစ်ကာ မိုးကုတ်ကျောင်းတွင် တရားဝင် စာရင်းဇယားများအရ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းအထိ အိမ်ထောင်စုပေါင်း ၁၃ဝ နှင့် ဒုက္ခသည်ပေါင်း ၇ဝဝ ကျော် ရှိနေသည်။

“ကျနော်တို့လမ်းက အိမ်ခြေ ၅ဝ ကျော်ပါသွားတယ်။ လူက ၃၃ ယောက်ပျောက်နေတယ်။ ပြန်ရတဲ့ အလောင်းက ၁၁ လောင်း ရှိတယ်။” ဟု အမှတ် (၃) ရပ်ကွက်၊ နှစ်လမ်းမှ ကိုခင်မောင်ထွေးက ပြောသည်။

ပခုက္ကူမြို့ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတဦးက သေဆုံးသူ ၅၈ ဦးနှင့် ပျောက်ဆုံးနေသူပေါင်း ၃၂၀ ကျော် ရှိကြောင်း ပြောဆိုခဲ့သော်လည်း အောက်တိုဘာ ၂၃ ရက် တနင်္ဂနွေနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင်
ရွှေချောင်း ရေလျှံမှုကြောင့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၈ ဦးသာ ပျောက်ဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။

ပခုက္ကူမြို့ ရေဘေးဖြစ်စဉ်အပေါ် ရန်ကုန်မြို့မှ သတင်းသမား အများအပြား သွားရောက် သတင်းယူရာတွင် အာဏာပိုင်များက တားဆီး ပိတ်ပင်ခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းကို တားမြစ်ခြင်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ဝင် များက လိုက်လံ မေးမြန်း နှောက်ယှက်ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
pakhukuu6
ရွှေချောင်း တံတားအစား ပခုက္ကူ-မန္တလေး သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲရန် သဲချောင်းကူးလမ်းတခု ယန္တရားများ အသုံးပြု တည်ဆောက်နေသည်ကို ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် ရွှေချောင်း အနီး တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ)

“တိလောက ကျောင်းမှာ ‘ကယ်ဆယ်ရေးစခန်း ဓါတ်ပုံမရိုက်ရ’ လို့ စာရေးထားတယ်။ ကျနော်တို့က သမ္မတက
တောင် သတင်းလွတ်လပ်ခွင့် ရှိရမယ် ပြောထားတာ။ နောက်ပြီး ဒီကိစ္စမှာ ဘာများ ပြဿနာတွေ ရှိနေလို့လဲ ဆိုတော့ ဝန်ကြီးက ဓါတ်ပုံပေးမရိုက်နဲ့လို့ ပြောထားတယ်တဲ့။ ဘယ်ဝန်ကြီးလဲမေးတော့ မကွေးတိုင်း ဝန်ကြီးချုပ် ကတဲ့။ ဒါဖြင့် ကျနော်တို့ သတင်းယူဖို့ ဘယ်သူ့ပြောရမလဲ ဆိုတော့ မြို့နယ်မှူးကို ပြောတဲ့။ မြို့နယ်မှူးရုံးက ကျိုးနေ တဲ့ တံတားရဲ့ ဟိုဘက်ကမ်းမှာ၊ ပြီးတော့ မြို့နယ်မှူးက လူကြီးလမ်းကြောင်းနဲ့ ပါသွားတယ်တဲ့။ ဒုက္ခသည် ဦးရေ
ပြောပါဆိုတော့ ဒုက္ခသည် မဟုတ်တာတွေကော အကုန်ရောနေလို့ စီစစ်ပြီးမှ ထုတ်ပြန်ဖို့ အထက်က မှာထားပါ တယ်တဲ့။ ဘယ်လိုပြောပြော မရလို့ လှည့်ပြန်ခဲ့ရတယ်။”ဟု သွားရောက် သတင်းယူခဲ့သည့် ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။

မကြုံစဖူး ရေအလုံးအရင်း ထိုးဆင်းလာမှုမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်ဟု အစိုးရ သတင်းစာတွင်
ဖော်ပြထားသော်လည်း ဒေသခံများမှာမူ ပခုက္ကူမြို့ အထက် ၂၇ မိုင်ခန့်အကွာရှိ မြိုင်မြို့ အနီးတဝိုက်မှ ဆည်များ ဆည်ရေ ဖောက်ချခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေအလုံးအရင်းနှင့် စီးဆင်းလာသည်ဟု ယူဆနေသည်။

“ကျနော်တို့ ဒီမှာနေတာ တသက်ပဲ။ ဒီလိုတခါမှ မရှိဘူး။ ချောင်းရေကျလည်း ဒီလောက်မများဘူး။ ခုလိုလည်း အရှိန်နဲ့ မကျဘူး။ အခု ကျနော်တို့ ကြားတာ မြိုင်အနောက်ဘက် သက်ကယ်ကန်ကို လုပ်ထားတဲ့ဆည် သက်ကယ်ဆယ်ပေါ့။ အဲ့ဒီဆည်က ရေဖောက်ချတယ် ကြားတယ်။ တခြား ဆည် ၅ ခု၊ ၆ ခုလည်း အဲ့ဒီနားမှာ ရှိသေးတယ်။”ဟု ပခုက္ကူမြို့ခံ တဦးက ဆိုသည်။

အောက်တိုဘာလ ၂၂ ရက် တနင်္လာနေ့တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စု ဝန်ကြီး များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများအဖွဲ့ ပခုက္ကူမြို့သို့ ရောက်ရှိလာခဲ့ပြီး ပခုက္ကူခရိုင်မှ ရေဘေးသင့်သူများ အတွက် ဒုတိယသမ္မတ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၁,၆၀၄ သိန်း အပါအဝင် ကျပ်သိန်း ၃,ဝဝဝ ကျော် လှူဒါန်းခဲ့ သည် ဟု အောက်တိုဘာ ၂၃ ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။

ပခုက္ကူခရိုင်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ရေဘေးသင့် ပြည်သူများအတွက် လူမှုရေးအသင်း အဖွဲ့များ
နှင့် ပုဂ္ဂလိက ကဏ္ဍများအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်သွားရန် ပြင်ဆင်လျက်ရှိနေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကူညီမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

0 comments:

Post a Comment