Sunday, October 9, 2011

အငြင်းပွားမှုအကြားက တရုတ်၏ ပညာရေး ဟန်ပြအလှူ


မြစ်ဆုံဆည်တည်ဆောက်မှုကို ခေတ္တ ရပ်တန့် ထားရပြီး နောက်ပိုင်း ရခိုင်ကမ်းလွန် ဒေသမှ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းကိုလည်း ရပ်တန့်ရန် တောင်းဆိုမှုများ ပြင်းထန်လာဆဲကာလတွင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC က ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက် လိုင်းကြောင်း တလျှောက်ရှိ ဒေသကြီးများနှင့် ပြည်နယ်များတွင် စာသင်ကျောင်း ၈ ကျောင်းကို တည်ဆောက်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၃၂ သန်းကို ပေးလှူထားကြောင်း သတင်းရရှိပါသည်။ မြန်မာအာဏာပိုင်များနှင့် CNPC တာဝန်ရှိသူများက စာချုပ်ချုပ်ဆိုခဲ့ပြီး ကန်ထရိုက်တာများသို့
လွှဲပြောင်းပေးထားကြောင်းဆိုပါသည်။

ပြီးခဲ့သည့်လက ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ ကိုဝင်းအောင်က ဘန်ကောက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ အစီရင်ခံစာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ အစီရင်ခံစာတွင် ယခုကဲ့သို့ ပြင်းထန်နေသည့် တိုက်ပွဲ ပဋိပက္ခအကြားမှာပင် တရုတ်နိုင်ငံသည် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို အရှိန်အဟုန်မြင့် တိုးချဲ့ လုပ်ကိုင်နေခြင်းသည် ပြည်သူများအတွက် အလွန်စိုးရိမ်မှုကြီးတရပ် ဖြစ်ပါကြောင်း ဖေါ်ပြထားသည်။
ဂတ်စ်ပိုက်လိုင်းကြောင်း
ဂတ်စ်ပိုက်လိုင်းကြောင်း
၎င်းအပြင် ရခိုင်ဒေသခံများကို စစ်တပ်နှင့် ရဲတို့၏ အဓမ္မခိုင်းစေခံနေခြင်း၊ တရုတ် ဝန်ထမ်းများက အမျိုးသမီး များကို စော်ကား ခြင်း၊ စီမံကိန်းပါ ကုမ္ပဏီများက ဒေသခံအာဏာပိုင်များနှင့် ပေါင်း၍ လယ်မြေများကို လျော်ကြေး အနည်းငယ်ပေးကာ သိမ်းယူ ခြင်းများ ပြုလုပ်နေသည်ဟု အစီရင်ခံစာတွင် ဓာတ်ပုံ၊ စာရွက်စာတမ်း မိတ္တူများနှင့် တကွ ဖော်ပြထားသည်။အစိုးရအနေဖြင့် ဂတ်စ်ပိုက်လိုင်းဖြတ်သန်းသွားမည့် တိုင်းရင်းသားဒေသများတွင် တည်ငြိမ်အေးချမ်းမှု ရှိမှ လုပ်ဆောင်သင့်သည် ဟု ကိုဝင်းအောင်က ပြောသည်။
" တိုင်းရင်းသား ဒေသတွေမှ မငြိမ်မသက်မှုတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြည်သူတွေ အနေနဲ့ လည်း လုံခြုံရေး အတွက် အခက်အခဲ ဖြစ်နေကြတယ်။ နိုင်ငံရေး အကျပ်အတည်းတွေလည်း ဖြစ်လာ နေတယ်။ အခုလို ဖြစ်နေတာဟာ ရေရှည်မှာ အထူးစိုးရိမ်စရာ ဖြစ်တဲ့ အတွက် အခုအချိန်မှာ တရုတ် အစိုးရ အနေနဲ့ ဆက်မလုပ်သင့်ပါဘူး။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ၊ ဒေသခံတွေ ပူးပေါင်း ပါဝင်မှုနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်လာမှုတွေ၊ တာဝန်ယူမှု တာဝန်ခံမူတွေ ရှိဖို့ လိုအပ် ပါ တယ်။ အဲဒီ အချိန်ကာလ မရောက်သရွေ့ ခုလို သယံဇာတတွေကို ရောင်းထုတ်နေတာ ရပ် တန့် ထားသင့်ပါတယ်။"
ယခု တည်ဆောက်မည့် ဂတ်စ်ပိုက်လိုင်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် တရုတ်မှ တည် ဆောက်နေသော Crude Oil Tanker Port ရေနံတင် ဆိပ်ကမ်းမှ စပြီး ပြည်တွင်း၌ ကီလိုမီတာ ၈ဝဝ ခန့် ဖြတ် သွားမည် ဖြစ်ပြီး ထိုမှတဆင့် ရေနံ သန့်စင် စက်ရုံ တည်ရှိမည့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် မြို့တော် ကူမင်ထိ ဆက်သွယ်ဖေါက်လုပ်မည့် ပိုက်လိုင်းဖြစ်သည်။
မောက္ခသတင်း
Ref: နိရဉ္စရာ & CNPC

0 comments:

Post a Comment