Sunday, October 16, 2011

သပိတ်မှောက် အင်္ဂါရှစ်ပါး

ရဟန်းတို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်မှောက်ရမည်၊ (၁) ရဟန်းတို့အား လာဘ်မရစိမ့်သောငှါ အားထုတ်၏၊ (၂) ရဟန်းတို့အား အကျိုးမဲ့စိမ့်သောငှါ အားထုတ်၏၊ (၃) ရဟန်း တို့အား နေရာမရစိမ့်သောငှါ အားထုတ်၏၊ (၄) ရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏၊ (၅) ရဟန်းအချင်းချင်း ကွဲပြားစေ၏၊ (၆) မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို ပြော၏၊ (၇) တရား၏ ကျေးဇူးမဲ့ကို ပြော၏၊ (၈) သံဃာ၏ ကျေးဇူးမဲ့ကို ပြော၏၊ ရဟန်းတို့ ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်မှောက်ခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့ မှောက်ရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်-
၂၆၆။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဝဍ္ဎလိစ္ဆဝီ မင်းသားသည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အကြောင်းမရှိဘဲ သီလပျက်စီးခြင်းဖြင့် စွပ်စွဲ၏၊ သံဃာအား လျောက်ပတ်သော အခါရှိသောကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဝဍ္ဎ လိစ္ဆဝီမင်းသားအား သပိတ်မှောက်ရာ၏၊ သံဃာနှင့် မဆက်ဆံခြင်းကို ပြုရာ၏၊ ဤကား သိစေ ခြင်းတည်း။
 အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဝဍ္ဎလိစ္ဆဝီမင်းသားသည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အကြောင်းမရှိဘဲ သီလပျက်စီးခြင်းဖြင့် စွပ်စွဲ၏၊ သံဃာသည် ဝဍ္ဎလိစ္ဆဝီမင်းသားအား သပိတ်မှောက်၏၊ သံဃာနှင့် မဆက်ဆံခြင်းကို ပြု၏၊ ဝဍ္ဎ လိစ္ဆဝီမင်းသား အား သပိတ်မှောက်ခြင်း သံဃာနှင့် မဆက်ဆံမှု ပြုလုပ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဝဍ္ဎ လိစ္ဆဝီမင်းသားအား သပိတ်မှောက်ခြင်း သံဃာနှင့် မဆက်ဆံခြင်းကို ပြုအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်ဟု (သိစေရမည်ဟု မိန့်တော်မူ၏)။
ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဝဍ္ဎလိစ္ဆဝီမင်းသား၏ နေအိမ်သို့ ချဉ်းကပ်၍ ဝဍ္ဎလိစ္ဆဝီမင်းသားကို ''ငါ့သျှင် ဝဍ္ဎ သံဃာသည် သင့်အား သပိတ်မှောက်၏၊ သင်သည် သံဃာနှင့် ဆက်ဆံမှု မရှိသူ ဖြစ်၏''ဟု ပြော၏။ ထိုအခါ ''သံဃာသည် ငါ့ကို သပိတ်မှောက်သတတ်၊ ငါသည် သံဃာနှင့် ဆက်ဆံမှု မရှိသူ ဖြစ်သတတ်''ဟု (နှလုံးသွင်း၍) ဝဍ္ဎ လိစ္ဆဝီမင်းသားသည် ထိုနေရာ၌ပင် မိန်းမောလျက် လဲလေ၏။
ထိုအခါ ဝဍ္ဎလိစ္ဆဝီမင်းသား၏ အဆွေခင်ပွန်း ဆွေမျိုး သားချင်းတို့သည် ဝဍ္ဎလိစ္ဆဝီမင်းသားကို ''အချင်း ဝဍ္ဎ မသင့်ပါ၊ မစိုးရိမ်ပါလင့်၊ မငိုကြွေးပါလင့်၊ ငါတို့သည် မြတ်စွာဘုရားကိုလည်းကောင်း ရဟန်းသံဃာကိုလည်းကောင်း ကြည်လင်စေကုန်အံ့ 'ကျေနပ်စေကုန်အံ့'''ဟု ပြောဆိုကုန်၏။
ထိုအခါ ဝဍ္ဎလိစ္ဆဝီမင်းသားသည် သားမယားနှင့်တကွ အဆွေခင်ပွန်းတို့နှင့်တကွ ဆွေမျိုးသားချင်း တို့နှင့်တကွ စိုသော အဝတ်ရှိလျက် စိုသော ဆံပင်ရှိလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရား၏ ခြေတို့၌ ဦးခိုက်၍ မြတ်စွာဘုရားအား-
''အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးကျရောက်ခဲ့ပါပြီ။ အကျွန်ုပ်သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အကြောင်းမရှိဘဲ သီလပျက်စီးခြင်းဖြင့် စွပ်စွဲမိပါ၏။
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ အပြစ်ကို အပြစ်အားဖြင့် နောင်အခါ စောင့်စည်းပါရ ခြင်းငှါသည်းခံတော်မူပါလော့''ဟု လျှောက်၏။
ဒါယကာ ဝဍ္ဎ သင်သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အကြောင်းမရှိဘဲ သီလပျက်စီးခြင်းဖြင့် စွပ်စွဲသောကြောင့် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးနှိပ်စက်ခဲ့၏။
ဒါယကာ ဝဍ္ဎ သင်သည် အကြင့်ကြောင့် အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားနှင့်လျော်စွာ ကုစား၏၊ ထို့ကြောင့် သင်၏ ထိုအပြစ်ကို ငါတို့သည်းခံကုန်၏။
ဒါယကာ ဝဍ္ဎ အကြင်သူသည် အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားနှင့်လျော်စွာ ကုစား၏၊ နောင်အခါ၌လည်း စောင့်စည်း၏၊ (ထိုသူ၏) ဤသို့ ပြုခြင်းသည် ဘုရား၏ ဝိနည်းအဆုံးအမ၌ ကြီးပွါး ကြောင်းသာလျှင် ဖြစ်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို- ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် ဝဍ္ဎလိစ္ဆဝီ မင်းသားအား သပိတ်လှန်လော့၊ သံဃာနှင့် ဆက်ဆံခြင်းကို ပြုလော့ဟု (မိန့်တော်မူ၏)။
------
သပိတ်လှန် အင်္ဂါ ၈-ပါး
ရဟန်းတို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်လှန်ရမည်။ (၁) ရဟန်းတို့အား လာဘ်မရ စိမ့်သောငှါ အားမထုတ်။ (၂) ရဟန်းတို့အား အကျိုးမဲ့စိမ့်သောငှါ အားမထုတ်၊ (၃) ရဟန်း တို့အား နေရာမရ စိမ့်သောငှါ အားမထုတ်၊ (၄) ရဟန်းတို့ကို မဆဲရေး မခြိမ်းခြောက်၊ (၅) ရဟန်းတို့ အချင်းချင်း မကွဲပြားစေ၊ (၆) မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို မပြော၊ (၇) တရားတော်၏ ကျေးဇူးမဲ့ကို မပြော၊ (၈) သံဃာတော်၏ ကျေးဇူးမဲ့ကို မပြော။ ရဟန်းတို့ ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပါသကာ အား သပိတ်လှန်ခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့လှန်ရမည်၊ ရဟန်းတို့ ထိုဝဍ္ဎလိစ္ဆဝီမင်းသားသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက်ပခုံးထက်၌ အပေါ်ရုံကို စံပယ်တင်၍ ရဟန်းတို့၏ ခြေတို့ကို ရှိခိုးလျက် ဆောင့်ကြောင့်ထိုင် ကာ လက်အုပ်ချီပြီးလျှင်-
''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်အား သပိတ်မှောက်ပါ၏၊ အကျွန်ုပ်သည် သံဃာနှင့် ဆက်ဆံမှုမရှိသူ ဖြစ်ပါ၏၊ အသျှင်ဘုရားတို့ ထိုအကျွန်ုပ်သည် ကောင်းစွာ ကျင့်ပါ၏၊ (မာန်တည်းဟူသော) အမွေးကို ချပါ၏၊ ကံမှ ထွက်မြောက်ကြောင်း ကျင့်ဝတ်ကို ကျင့်ပါ၏၊ သံဃာအား သပိတ်လှန်ခြင်းကို တောင်းပန်ပါ၏''ဟု လျှောက်ရမည်။
နှစ်ကြိမ်မြောက်လည်း တောင်းပန်ရမည်၊ သုံးကြိမ်မြောက်လည်း တောင်းပန်ရမည်။ ကျွမ်းကျင် လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်-
၂၆၇။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် ဝဍ္ဎလိစ္ဆဝီမင်းသားအား သပိတ်မှောက်၏၊ သံဃာနှင့် မဆက်ဆံခြင်းကို ပြု၏၊ ထိုဝဍ္ဎလိစ္ဆဝီ မင်းသားသည် ကောင်းစွာ ကျင့်၏၊ (မာန်တည်းဟူသော) အမွေးကို ချ၏၊ ကံမှ ထွက်မြောက် ကြောင်း ကျင့်ဝတ်ကို ကျင့်၏၊ သံဃာအား သပိတ်လှန်ခြင်းကို တောင်းပန်၏၊ သံဃာအား လျောက်ပတ်သောအခါရှိသောကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဝဍ္ဎလိစ္ဆဝီမင်းသားအား သပိတ်လှန်ရာ၏၊ သံဃာနှင့် ဆက်ဆံခြင်းကို ပြုရာ၏၊ ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် ဝဍ္ဎ လိစ္ဆဝီမင်းသားအား သပိတ်မှောက်၏၊ သံဃာနှင့် မဆက်ဆံခြင်းကို ပြု၏၊ ထိုဝဍ္ဎလိစ္ဆဝီမင်းသားသည် ကောင်းစွာ ကျင့်၏၊ (မာန်တည်းဟူသော) အမွေးကို ချ၏၊ ကံမှ ထွက်မြောက်ကြောင်း ကျင့်ဝတ်ကို ကျင့်၏၊ သံဃာအား သပိတ်လှန်ခြင်းကို တောင်းပန်၏၊ သံဃာသည် ဝဍ္ဎလိစ္ဆဝီမင်း သားအား သပိတ်လှန်၏၊ သံဃာနှင့် ဆက်ဆံခြင်းကို ပြု၏၊ ဝဍ္ဎလိစ္ဆဝီမင်းသားအား သပိတ်လှန် ခြင်း သံဃာနှင့် ဆက်ဆံမှုပြုခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်းမရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဝဍ္ဎလိစ္ဆဝီမင်းသားအား သပိတ်လှန်အပ်ပြီ၊ သံဃာနှင့် ဆက်ဆံမှုကို ပြုအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏။ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ် သက်သည့်အဖြစ်ကို သိမှတ်ရပါသည်ဟု'' (သိစေရမည်ဟု မိန့်တော်မူ၏)။

0 comments:

Post a Comment