Wednesday, October 19, 2011

U Win Tin – Rebuilding Political Grounds


နိုင်ငံရေးဘ၀တွေ ပြန်လည်ထူထောင်ကြဖို့ အချိန်ရောက်ပြီ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၁
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာကို အများပြည်သူက အများကြီး မျှော်လင့်သလောက် ဖြစ်မလားဘူးလို့ ပြောကြတယ်။
ဟုတ်တယ်။ ကမ္ဘာကလည်း မျှော်လင့်တယ်။ မြန်မာပြည်သူတွေကလည်း မျှော်လင့်တယ်။ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကလည်း မျှော်လင့်နေကြတဲ့အချိန်မှာ လူဦးရေ ၂၀၀ လောက်ပဲ လွတ်မြောက်လာတယ်ဆိုတော့ အများကမျှော်လင့်သလိုမဟုတ်တဲ့အတွက် စိတ်ပျက်ကြတယ်။ ကျနော်တို့က တဆင့်တက်ပြောရရင်တော့ ကျေနပ်ဖွယ်ရာမရှိဘူးလို့လည်း ပြောချင်တယ်။
အဲသည်လို နိုင်ငံရေးအကျဉ်းသားတွေဆိုတာက  ယခင်အစိုးရလက်ထက်မှာ ဖမ်းဆီးထောင်ချခဲ့တာဆိုတော့ လက်ရှိအစိုးရက လွတ်ငြိမ်းခွင့် မပေးနိုင်လောက်အောင်ဖြစ်နေတာက သူတို့တွေကိုယ်တိုင်က အာဃာတတွေ ထားနေဆဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မလိုလားလို့လားလို့ မေးခွန်းတွေ ဖြစ်လာတယ် ဆရာ။
အဲသည်လိုမျိုး ကျနော်တို့ ပတ်ဝန်းကျင်မှာ ပြောဆိုသံတွေ ကြားနေရတယ်။ အခုလက်ရှိအစိုးရဆိုသူတွေကလည်း အရင်အစိုးရက လူတွေ၊ စစ်ဗိုလ်ချူပ်တွေပဲဆိုတော့၊ သမ္မတကိုယ်တိုင်ကလည်း အရင်အစိုးရလက်ထက်မှာကတည်းက ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ သူတွေ ဖြစ်နေတော့ ဒီလူတွေရဲ့ စိတ်ထဲမှာ အရင်အတိတ်က အကြောင်းအရာတွေကနေ ကင်းကင်းလွတ်လွတ်ရှိနိုင်ရဲ့လားလို့ မေးစရာဖြစ်လာတယ်။
နိုင်ငံတကာက အစိုးတွေ၊ အဖွဲ့တွေ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာရှ သာမက ကုလသမဂ္ဂတွေနဲ့ တွေ့ဆုံတဲ့ အကြိမ်တိုင်းမှာ လက်ရှိအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို သူတို့ကိုယ်တိုင် ပြောဆိုဆွေးနွေးတာတွေလုပ်ခဲ့ပြီးကာမှ အခုလို နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ
လွတ်မြောက်လာတဲ့အတွက် နိုင်ငံတကာမှာလည်း မျက်နှာပျက်စရာဖြစ်တယ်လို့ ပြောကြတယ် ဆရာ။
 လူတိုင်းလူတိုင်းက၊ နိုင်ငံတကာက အစိုးရတွေ၊ အဖွဲ့အစည်းတွေကလည်း သည်လောက် အကြိမ်ကြိမ် တောင်းဆို နေတဲ့ကြားက သည်လောက်ပဲ လွှတ်ပေးလိုက်တယ်ဆိုတော့ ဘယ်လိုပဲ စိတ်ပျက်ပျက်၊ မကျေနပ်ဖူးလို့ ဆိုဆို သို့သော်လည်း လွှတ်ပေးတဲ့အတွက် ၀မ်းသာတဲ့အကြောင်း၊ နောက်လည်းပဲ လွှတ်ပေးပါဦးလို့ ပြောနေရတဲ့ အဖြစ် ဆိုက်နေတာပေါ့။
နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးလိုက်ရင် နိုင်ငံမှာ ဆူပူမှုတွေ ငြိမ်းချမ်းရေး ပျက်ပြားမှုတွေ ဖြစ်လာမှာ စိုးရိမ်လို့ ဆိုပြီး အစိုးရဖက်က လူတွေက အကြိမ်ကြိမ်ပြောနေကြတာလည်း ရှိတယ်လေ ဆရာ။
အခုအချိန်မှာ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်မှာ ဖြေရှင်းရမယ့် ပြသနာတွေ ကိုယ်စီပါလာတယ်။ သူတို့တွေက ဆူပူဖို့ ငြိမ်းချမ်းရေးကို ပျက်ဆီးအောင်လုပ်ဖို့ မပြောနဲ့ဦး နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကိုယ်တိုင်မှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြန်လည်ထူထောင်ရမယ့် အရေးကိစ္စတွေ အများကြီးနဲ့ အပြင်လောကကို ထွက်လာတာ ဖြစ်တယ်။ သည်လိုမျိုး မြင်ကြည့်စေချင်တယ်။ မိသားစုအရေး၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး ပြသနာတွေ ဖြေရှင်းရမှာ ပြန်လည်ထူထောင်ရမယ့် အရေးတွေ အများကြီး ပါလာတယ်။ ဒါတွေက ဖမ်းဆီးချုပ်နှောင်တုန်းက ဖမ်းဆီးခဲ့ပြီးတော့ အခုလို လွှတ်ပေးလိုက်ရုံနဲ့ ပြေလည်သွားတာမျိုး မဟုတ်ဘူး။ သူတို့ဆုံးရှုံးသွားတဲ့ အထွေထွေအခြေအနေတွေကို ပြန်လည်ထူထောင်ကြဖို့ လုပ်ကြရမယ်။ အဲဒါတွေနဲ့ ထပ်တူ အရေးကြီးတာကတော့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ နိုင်ငံရေးဘ၀တွေ လွတ်လပ်စွာ ပြန်လည်ထူထောင်ခွင့် ရရှိဖို့ ဖြစ်တယ်။
သူတို့ရဲ့ နိုင်ငံရေးဘ၀တွေ ပြန်လည် ထူထောင်ဖို့ဆိုတာက ဘာတွေလဲ ဆရာ။
လွတ်မြောက်လာတဲ့ နိုင်ငံရေးသမားတွေဟာ သူတို့ယုံကြည်တည်ဆောက် ရပ်တည်ထားတဲ့ နိုင်ငံရေးဘ၀အသီးသီးတွေကို သူတို့ ဆန္ဒသဘောထားတွေနဲ့အညီ လွတ်လွတ်လပ်လပ် ထူထောင်ခွင့် တည်ဆောက်ခွင့် ရှိဖို့ အရေးကြီးတယ်။ သူတို့ရဲ့ နိုင်ငံရေးသဘောထားတွေကို ပြန်လည်သုံးသပ်ကြမယ်၊ ပြောဆိုဆွေးနွေး ညှိနှိုင်းသုံးသပ်တာတွေ လုပ်ကြရမယ်။ တဦးချင်း ခံစားချက်၊ လေ့လာချက်၊ ဆွေးနွေးချက်တွေကို လုပ်ပိုင်ခွင့်တွေ ရှိသလို အများကလည်း ၀ိုင်းဝန်း အားပေး ကူညီမှုတွေ ပြုကြရမယ်လို့ ပြောချင်တယ်။ သူတို့တွေကို နိုင်ငံရေးဘ၀တွေ ပြန်လည်ထူထောင်မှုတွေ လုပ်နိုင်အောင်လို့ ကျနော်တို့က ပြည်သူတွေက မိသားစုတွေ၊ မိတ်ဆွေတွေက ၀ိုင်းဝန်း ကူညီတာတွေ၊ ပံ့ပိုးတာတွေ လုပ်ပေးကြရမယ်၊ ကူညီကြရမယ်လို့ ကျနော်က တလောကပြုလုပ်တဲ့ တော်ဝင်နှင်းဆီခန်းမ ကန်တော့ပွဲမှာလည်း ပြောခဲ့တာ ဖြစ်တယ်။ ပြင်ပကလူတွေကလည်း လက်ရှိ တိုင်းပြည်နဲ့ နိုင်ငံတကာအခြေအနေတွေ အပြောင်းအလဲတွေကို တင်ပြ ပြောဆို ဝေမျှတာတွေ လုပ်ကြရမယ်။
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေရဲ့ နိုင်ငံရေးဘ၀တွေသာမက အထွေထွေ ဘ၀တွေ ပြန်လည်ထူထောင်ဖို့ ဆရာတို့က ဘယ်လို လုပ်ကြမှာလဲ ဆရာ။
ကျနော်တို့တွေက သူတို့အကျဉ်းကျနေချိန်မှာ တတ်စွမ်းနိုင်သလောက် ကူညီအားပေးဖို့ ကြိုးစားသလိုမျိုးပဲ လွတ်မြောက်လာတဲ့ သူတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးဖို့
ကူညီဖို့ ကြိုးစားကြမယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကလည်း မိတ်ဆွေတွေနဲ့ တွေဆုံဆွေးနွေး ကြပါ။ လိုအပ်ချက်တွေ မေးခွန်းတွေ အခြေအနေတွေကို မသိဘဲ မစုံစမ်းဘဲနဲ့ ရမ်းသန်းပြီး ကူညီလို့တော့ မရဘူး။ လေ့လာကြရမယ်။ သူတို့တွေရဲ့ အတွေးအမြင်တွေရဲ့ နောက်ခံနဲ့ အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာသလဲ။ ကျနော်တို့တွေကလည်း သိရှိနားလည် စာနာနိုင်အောင် ကြိုးစားရမယ်။
နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို အားပေးကူညီတဲ့ ကွန်ယက်လှုပ်ရှားမှုတွေတင်သာမက လက်ရှိအစိုးရကိုယ်တိုင်ကလည်း အခုလို နိုင်ငံရေးအကျဉ်းသားတွေဖမ်းဆီးထားခဲ့မှုတွေအတွက် တာဝန်ယူ ဖြေရှင်းပေးဖို့ မလိုအပ်ဘူးလားဆရာ။ သူတို့တွေဟာ အာဏာပိုင်တွေနဲ့ သဘောထားချင်း မတူညီလို့ ဆန့်ကျင်လို့ဆိုပြီး အမှုအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခြင်း ခံစားထားရတာဖြစ်တယ်။ သူတို့တွေက ရာဇ၀တ်မှုတွေ၊ စာရိတ္တတွေပျက်စီးလို့၊ သူတပါးကို ဖျက်ဆီးသတ်ဖြတ်လို့ အကျဉ်းချခံထားရတဲ့သူတွေ မဟုတ်ဘူး။ သူတို့တွေအတွက် အစိုးရတွေက တာဝန်ယူ ဖြေရှင်းပေးဖို့ မသင့်ဘူးလား။
ကျနော်ကြားဖူးတာက ဥရောပက နိုင်ငံအချို့မှာ နိုင်ငံရေးအကျဉ်းသားတွေကို လျော်ကြေးတွေ၊ ထောက်ပံ့ကြေးတွေ ပေးတာမျိုး ရှိတယ်လို့ ကြားဖူးတယ်။ အဲသလိုမျိုး လက်ရှိအစိုးရမှာ တာဝန် ၀တ္တရားရှိတယ်လို့ မြင်တယ်။ လက်ရှိအစိုးရကိုယ်တိုင်ကလည်း စစ်တပိုင်းအစိုးရပဲ။ ရှေ့က စစ်အစိုးရအဆက်ဆက်နဲ့ ဆက်စပ်ပတ်သက်တဲ့သူတွေချည်းပဲ။ သူတို့တွေကိုယ်တိုင်က ဖမ်းချင်တုန်းက ဖမ်းခဲ့ပြီးမှ အခု လွှတ်ပေးလိုက်တော့လည်း သူတို့တွေလည်း အခုလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် စဉ်းစားတာ စီစဉ်တာတွေ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားလား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူတွေလား၊ ဘယ်စကားလုံးက ပိုပြီး ကျယ်ပြန်တဲ့သဘော၊ အားလုံးနဲ့ ဆိုင်တဲ့သဘောရှိသလဲဆရာ။
အခုဟာက လက်ရှိအစိုးရကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ကို ငြင်းနေတာ။ သူတို့ဖက်က တစိတ်တပိုင်းပြောဆိုနေတာက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူလို့ အသုံးအနှုံးကို သုံးနေတယ်။ ဒါက မကောင်းဘူး။ ကျနော်ကတော့ နိုင်ငံရေးအကျဉ်းသားလို့ပဲ သုံးနှုံးလိုတယ်။ နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ အလုပ်တွေ လုပ်တဲ့သူတွေအားလုံး အကျူံးဝင်တယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူဆိုတော့ ဥပမာ အကြမ်းဖက်သမားဆိုပြီး အစွဲခံရသူတွေ မပါတော့ဘူး၊ နယ်စပ်ဖြတ်ကျော်တွေ မပါတော့ဘူး။ အီလက်ထရွန်နစ်အက်ကသူတွေကိုလည်း ချန်ထားခဲ့လို့ရတယ်။ ၁၇(၁)လို အမှုတွေ၊ ဟိုအမှုတွေ ဒီအမှုတွေ မပါဘူးလို့ လုပ်လို့ရတယ်။ နိုင်ငံရေးအကျဉ်းသားလို့ သုံးစွဲလိုက်တာက အားလုံးကို ကိုယ်စားပြုတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူလို့ ဆိုလိုက်တော့ စစ်အစိုးရက အမှုအမျိုးမျူိုးဆင်ပြီး ထောင်သွင်းအကျဉ်းချခံထားရသူတွေကို မပါဝင်အောင် ကန့်သတ်လိုက်သလို ဖြစ်သွားနိုင်တယ်။
နိုင်ငံရေးအရ ပွင့်လင်းမှုတွေ မရှိသေးဘူးဆိုတော့ အင်န်အယ်ဒီပါတီက လက်ရှိအစိုးရဆီမှာ ပါတီမှတ်ပုံတင်ဖို့က နီးစပ်လာပြီလားဆရာ။
ကျနော် ရှေ့ကအင်တာဗျူးတွေမှာ ပြောခဲ့သလိုပါပဲ။ အင်န်အယ်ဒီပါတီက မြေအောက်အဖွဲ့မဟုတ်ဘူး၊ လက်နက်ကိုင်အဖွဲ့အစည်းလည်း မဟုတ်ဘူး။ နိုင်ငံရေးပါတီတရပ် ဖြစ်တယ်။ ဒါကိုလည်း နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက်တွေ၊ မျိုးဆက်သစ် လူငယ်ကျောင်းသားတွေကိုယ်တိုင်က လက်ခံ အသိအမှတ်ပြုထားပြီး ဖြစ်တယ်။ ဒါကြောင့် ပါတီကို မှတ်ပုံတင်တဲ့နေရာမှာ လက်ရှိရွေးကောက်ပွဲဥပဒေမှာ ပါတဲ့ ကန့်သတ်ချက်တွေ၊ ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံရမယ်ဆိုတာတွေကို ပြောင်းလဲမှုမရှိသေးဘဲနဲ့တော့ မှတ်ပုံတင်မှာ မဟုတ်ဘူးဆိုတာကတော့ သေချာတယ်။ ဒီပြောင်းလဲမှုတွေပေါ်မူတည်ပြီးတော့ မှတ်ပုံတင်ခြင်း မတင်ခြင်းတွေက ပေါ်လာတော့မှာ ဖြစ်တယ်။
ဆိုတော့ ဒီမိုကရေစီနည်းကျ နိုင်ငံရေးပါတီတရပ်အနေနဲ့ မှတ်ပုံတင်ခြင်းဆိုတာကို လက်ခံတယ်။ သို့သော် လက်ရှိအစိုးရဆီမှာ ရွေးကောက်ပွဲဥပဒေအရ တကယ် မှတ်ပုံတင်နိုင်တဲ့ အခြေအနေရှိခြင်း မရှိခြင်း၊ လက်ခံနိုင်ခြင်း မရှိခြင်းဆိုတာကို ခွဲခြား ဆုံးဖြတ်မယ်ဆိုတဲ့ သဘောပေါ့။ ဒါဆိုရင် လက်ရှိ ပြဋ္ဌာန်းချက်တွေ ဥပဒေတွေနဲ့အညီ ရွေးကောက်ပွဲဝင်ခြင်း မ၀င်ခြင်းကိုကော ဘယ်လို သဘောထားသလဲ ဆရာ။
ပါတီမှတ်ပုံတင်ခြင်း မတင်ခြင်းကို အခြေအနေအပေါ်မှာ မူတည်ပြီး စဉ်းစားသလို၊ ရွေးကောက်ပွဲ ၀င်ခြင်း မ၀င်ခြင်းဆိုတာကိုလည်း သီးခြား ထပ်စဉ်းစားမှာ ဖြစ်တယ်။ ရွေးကောက်ပွဲဝင်ခြင်းဟာ ဒီမိုကရေစီရည်မှန်းချက်များနဲ့ ဆန့်ကျင်မှု ရှိမရှိဆိုတာတွေကို ကြည့်ပြီး ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ရွေးကောက်ပွဲဝင်တယ်ဆိုတာနဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတဲ့သဘောဖြစ်သွားတယ်။ ဒါတွေကြောင့် ပါတီမှတ်ပုံတင်ပြီးတဲ့နောက်ပိုင်း အများကြီး စဉ်းစားစရာတွေ ဆွေးနွေးစရာတွေ ပေါ်ထွန်းလာလိမ့်မယ်လို့ ပြောနိုင်တယ်။ နောက်တပိုင်းကတော့ ပါတီကို မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲကို မ၀င်နိုင်ဘူးဆိုပြီးတော့ လွှတ်တော်ပြင်ပမှာ နိုင်ငံရေးပါတီတရပ်အနေနဲ့ လွတ်လပ်စွာ လှုပ်ရှားမယ်။ စည်းရုံးရေး လုပ်နိုင်မယ်။ အင်အားတွေ ဖြစ်လာမယ်။ နောက်တခုအနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ရေးဆွဲနိုင်ရေး လှုပ်ရှားမှုတွေ လုပ်လာနိုင်မယ်လို့ ပြောနိုင်တယ်။
ဒါဆိုရင် လက်ရှိ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ လက်ရှိ လှုပ်ရှားနေတဲ့ ပါတီမဟုတ်တဲ့ နိုင်ငံရေးအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေ (Activist and Activism) တွေအတွက်ကတော့ သူတို့ လက်ခံယုံကြည်တဲ့ နိုင်ငံရေးဘ၀တွေကို အသီးသီးထူထောင်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာနိုင်ဖို့ကိုလည်း တပြိုင်နက်တည်း အားပေးနေရမယ်လို့ ပြောရင် ရမလား ဆရာ။
ရပါတယ်။ နိုင်ငံရေးဘ၀တွေ ပြန်လည်ထူထောင်လာကြပြီးတော့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အင်အားအစုအဖွဲ့တွေ ပေါ်ပေါက်လာကြမယ်။ လွတ်လွတ်လပ်လပ်နဲ့ ပြောရေး ဆိုခွင့် လှုပ်ရှားခွင့်တွေ သန်ရာ သန်ရာ လုပ်လာကြဖို့ လိုတယ်။ နိုင်ငံရေးအကျဉ်းသားတွေကူညီတဲ့ ကွန်ယက်တွေလိုမျိုး၊ ဧရာဝတီကို ကာကွယ်ဖို့ လှုပ်ရှားကြတဲ့ အလုပ်တွေလုပ်နေကြသလိုမျိုးပေါ့။  တိုင်းပြည်အတွက် လိုအပ်တဲ့ အရေးကိစ္စတွေမှာ သူတို့တွေဟာ သူတို့ရဲ့ အင်အားတွေ သြဇာတွေနဲ့ ၀င်ရောက်လုပ်ကိုင်လာဖို့လိုတယ်။ အဲသည်လို အခြေအနေတွေ ထူထောင်ပေးရမယ်။ ကျနော်တို့က အကျဉ်းထောင်အသီးသီးက လွတ်မြောက်လာတဲ့သူတွေကို အားပေးလက်တွဲပြီးတော့ တူရာ သန်ရာ ဆက်စပ်ပေးရမယ်။ နားလည်မှုတွေ တည်ဆောက်ကြရမယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ဆရာ။

0 comments:

Post a Comment