Wednesday, September 30, 2009

သီတဂူဆရာတော်၏ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များသို့ပန်ကြားလွှာ

မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းတို့တွင် သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်ရှုတော်မူခြင်းတည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု။ သတ္တ၀ါတစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကိုငြိမ်အောင်ထိန်းသိမ်းဖို့ သမ္မာကျင့်စဉ်ကို ညွှန်ပြတော်မူသည်။

ရံခါ ဒေသတစ်ခု သတ္တ၀ါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။

ရသေ့ ရဟန်း ယောဂီ သမဏဗြဟဏတို့အား အညာလမ်းစဉ်ကို လိုက်နာကျင့်သုံးကြဖို့ ဟောကြားတော်မူသည်။

ထိုသို့မြတ်စွာဘုရားသည် သတ္တ၀ါလောကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်ကာ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကိုကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်ကာ လောကကြီး၏ အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။

လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မတ်ြကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ ဓမကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့်ကိုက်ညီဖို့အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တစ်ထပ်တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက်ပြည့်စုံမည်ဖြစ်ပါသည်။

သို့မှသာ လူသားအများစုတို့က ဘာသာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက်မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကေးဇူးတင်လာကြမည်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာတစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသောယနေ့ခေတ်တွင် လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သောလောကနှင့် ဓမ္မကို တစ်သားတည်းကျအောင် ဦးမဆောင်နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီး သိပ္ပံနှင့် နည်းပညာသည် သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသောလည်း လူလောကကြီးကို လူညွန့်တုန်းအောင် သတ်ဖြတ်နှိပ်စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာဆိုင်ကလင်းဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သောလည်း အစာအိပ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မျာလည်း ထိုဆေးပင်ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာကို သတ်ခဲ့သောအဏုမြူဗုံးသည် သိပ္ပံဆရာများတီထွင်ခဲ့သောလက်နက်ပင်မဟုတ်ပါလော။

ဘာသာရေးတိုင်သည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှုပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်မျှော်လင့်ပါသည်။ ယနေ့မျက်မှောက်ခေတ်တွင် ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းလူသားအများစု နာလည်ခံယူလာအောင် ကျွန်ုပ်တို့အားထုတ်ကြရမည်ဖြစ်ပါသည်။

မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဌေး ရဋ္ဌပါလရဟန်းပြုခဲ့သည်။ ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်ကာ ရဟန်းပြုခဲ့သော အရှင်ရဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။

(အရှင်ဘုရားသည် ထိုမျှကြီးကျယ်သော ပစ္စည်းဥစာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်ကာ ရဟန်းပြုခဲ့ပါသနည်း)

အရှင်ရဌပါလာက ပြန်လှန်ကာ မေးခွန်းထုတ်ပါသည်။

(ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင်သည် အဘယ်ကဲ့သို့မြင်ပါသနည်း)

မင်းကြီးကဆိုပါသည်။

(လူတွေဟာ စီးပွားပျက်သောကြောင့်လည်းကောင်း။ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း။ အိုမင်းရင့်ရော်သောကြောင်လည်းကောင်း။ ကျန်းမာရေးပျက်သောကြောင့်လည်းကောင်း။ စားဝတ်နေရေး အခက်တွေတဲ့လူတွေဟာ ဘာသာရေးခေါင်းဆောင် ၀င်လုပ်ပြီး စားစရာ။ ၀တ်စရာ။ နေစရာ တွေကိုရှာကြတာပဲ)

တိုင်းပြည်နှင့် လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့်အဓိပ္ပါယ်ကို မင်းကြီးကဆိုလာသည်။ ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမားတွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ထိုသို့မြင်သည်မှာ အလွန်အရေးမကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ထိုအမြင်မျိုးရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။

အရှင်ရဌပါလာ၏အဖြေမှာ-----

၁။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။

သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်တွင် ဘ၀၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ၀င်ရောက်လာခြင်းဖြစ်ည်ဟုဖြေပါသည်။

အရှင်ဘုရား၏ဘ၀တည်ငြိမ်မှုကိုဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်-

အရှင်ရဌပါလက ငါ့ဘ၀ရဲ့တည်ငြိမ်မှုကို ဓမ္မဖြင့်တည်ဆောက်နိုင်ခဲ့သည်ဟုဖြေကြားလိုက်သည်။

၂။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတော်လောင်နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်းအေးစေဖို့ဝင်ရောက်လာခြင်းဖြစ်သည်။ ဘ၀မီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

၃။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိမ်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ၀င်ရောက်လာခဲ့သည်။ ထိုဒုက္ခ သုံးမျိုးတို့ကို ငါသည်ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟုဖြေတော်မူခဲ့ပါသည်။

၎။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ ပစ္စစည်းဥစ္စာ ရာထူးအာဏာတွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစာအဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစာဟုပြောနေကြသောလည်း နှစ်ပေါင်းတစ်ရာထက်ပိုကာ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ထိုပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်တွင် ငါသည် ကိုယ်ပိုင်ဥစာရှာဖို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသောဓမ္မအာလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၅။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးသည် မည်သည့် ပစ္စည်း မည်သည့်ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင်ဖြည့်ကြသောလည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာတွင် ငါ၏အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၆။ ဒကာတော်မင်းကြီး လူသားတို့သည် (လိုသည် လိုသည်) ဆိုသည့် လိုအပ်ချက်ကိုရှာဖွေဖြည့်စွက်ကြရာတွင် လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ကျေးကျွန်အဖြစ်ကလွတ်ဖို့ရန်အတွက်သာ ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

ထိုသို့လျှင် အရှင်ရဋ္ဌပါလ၏ မွန်မြတ်သောမှန်ကန်သော ရဟန်းပြုခြင်း၏ရည်ရွယ်ချက်တို့ကို မင်းကြီးကြားသောအခါ အလွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသောအပြစ်တို့ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။ ထိုနေ့မှစကာ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။

သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ်အတည်းတို့နှင့်ရင်ဆိုင်ကြုံတွေ့နေကြရသောကာလတွင် နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေ့နေကြသည်ကို ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များအားလုံး မြင်တွေ့နေကြရပြီးဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ထိုသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန်မှီတွယ် ကာနေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ်နေကြရသည်ကိုကြည့်ကာ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြရမည်ဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ခေတ်တွင် နှစ်ဆတိုးကြိုးစားကာ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ဝိုင်းဝန်းဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက်ကိုဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုကဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံးတို့အတွက် ကျေးဇူးပြုတတ်သောအထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည်ဖြစ်ပါသည်။ ထိုသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။

ပူလောင်နေသောကမ္ဘာမှာ ကျွန်ုပ်တို့သည် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာလောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ခံမှ ဘာကိုမျှ မတောင်းဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကိုတကယ်ပဲ တောင်းဆိုလိုပါသည်။


သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော်
စစ်ကိုင်း


Posted by အရှင်နာယကာလင်္ကာရ

http://www.manatphyan.com/ မှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment