Monday, September 14, 2009

အမေး အဖြေ

မေး ။ ထေရ၀ါဒသာသနာတော်မှာ အုန်းပွဲ၊ ဌက်ပျောပွဲများကို သာသနာပွဲတင်သည်ဟု ခေါ်တွင်လျက် ပြု
လုပ်ခဲ့ခြင်းအစဉ်အလာရှိမရှိ ဖြေကြားပေးပါဘုရား။
ဖြေ ။ ထေရ၀ါဒသာသနာမှာ အုန်းပွဲ၊ ဌက်ပျောပွဲများနှင့် သာသနာပွဲတင်ခဲ့ခြင်းအစဉ်အလာမရှိပါ။ အုန်းပွဲ၊
ဌက်ပျောပွဲများဖြင့် ပွဲတင်ခြင်းသည် နတ်ကိုးကွယ်ခြင်း၊ ဘိုးတော်များအတွက် ပွဲတင်ကြခြင်းမှ သာသနာ
တော်အတွင်းသို့ အတင်းအဓမ္မထည့်သွင်းဆောင်ရွက်လာကြခြင်းဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ ပိဋ္ဋကတ်
စာပေများတွင် အုန်းပွဲ၊ ဌက်ပျောပွဲများကို ပွဲထိုးတင်ခြင်း အထောက်အထားလုံးဝမတွေ့ရှိပါ။ မြတ်စွာဘုရား
ရှင်သည် ရတနာသုံးပါးကို ပူဇော်ရာတွင် အာမိသမူဇာ နှင့် ဓမ္မပူဇာ ဟူသော ပူဇော်မှုနှစ်မျိုးကိုသာ ခွင့်ပြုခဲ့
သည်။
အာမိသမူဇာ၏ အဓိပ္ပာယ်ကား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး - ပစ္စည်းလေးပါးဖြင့် လှူဒါန်းပူဇော်ခြင်းကို
ခေါ်ဝေါ်သည်။ အာမိသမူဇာတွင် အုန်းပွဲ၊ ဌက်ပျောပွဲများထိုးကာ ပွဲတင်၍ပူဇော်ခြင်းမရှိပါ။ မြတ်စွာဘုရားရှင်
သည် ထိုလုပ်ရပ်များကို ခွင့်ပြုတော်မူခြင်းမရှိခဲ့ပါ။


ဓမ္မပူဇာကား။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပတည်းဟူသော သူတော်ကောင်းအင်္ဂါခုနှစ်ဖြာ
နှင့်အညီ လက်တွေ့ကျင့်သုံးနေထိုင်ခြင်း၊ တရားဓမ္မများကျင့်ကြံ၍ အကျင့်စရဏ ဓမ္မတရားဖြင့်ပူဇော်ခြင်းကို
ခေါ်ပါသည်။ ထိုပူဇာနှစ်မျိုးတွင် မြတ်စွာဘုရားရှင်သည် ဓမ္မပူဇာ - တရားကျင့်ကြံ၍ပူဇော်ခြင်းကို ပို၍ချီးမွန်း
သာဓုခေါ်တော်မူပါသည်။
သဒ္ဓါ = ရတနာသုံးပါးနှင့်ကံကံ၏အကျိုးတရားတို့ကို ကြည်လင်ပြတ်သားသော ယုံကြည်မှုရှိခြင်း။
သီလ = အခြေခံငါးပါးသီလကို မကျိုးမပေါက်အောင် ကျင့်သုံးနေထိုင်ခြင်း။
သုတ = အကြားအမြင်ဗဟုသုတနှင့်ပြည့်စုံခြင်း။
စါဂ = ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း။
ပညာ = အကြောင်းအကျိုးကိုက်ညီမှုရှိမရှိကို စီစစ်ဝေဖန်နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံခြင်း။
ဟိရီ = မကောင်းမှုအကုသိုလ်တရားများကို ပြုလုပ်ကျူးလွန်ရမည်မှ ရှက်ခြင်း၊
မကောင်းမှုအကုသိုလ်တရားများကို မပြုလုပ်ပဲရှောင်ကြဉ်ခြင်း။
သြတ္တပ္ပ = မကောင်းမှုကုသိုလ်တရားများကို ပြုလုပ်ကျူးလွန်ရမည်မှ ကြောက်ခြင်း၊
မကောင်းမှုအကုသိုလ်တရားများကို ရှောင်၍ကောင်းမှုတရားများကို ပြုမူကျင့်ကြံ၍နေထိုင်ခြင်း။

မေး။ ၀ိပဿနာတရားစခန်းဖွင့်ထားပါလျက် သာသနာပွဲထိုးကာ အထက်ပုဂ္ဂိုလ်များ၏ အစောင့်အရှောက်
ကိုခံယူ၍ ကျောင်းပြီးအောင် လုပ်နေရပါသည်ဆိုခြင်းသည် ထေရ၀ါဒလမ်းစဉ်နှင့်ညီမညီဖြေကြားပေးပါ
ဘုရား။
ဖြေ။ ထိုလုပ်ရပ်များသည် ထေရ၀ါဒလမ်းစဉ်နှင့်လုံးဝမညီပါ။ မြတ်စွာဘုရားရှင်၏လမ်းစဉ်သည် အတ္တာဟိ
အတ္တနော နာထော = မိမိ၏ကံ၊ ဉာဏ်၊ လုံ့လ၀ိရိယကိုသာ အားကိုးယုံကြည်ရမည်၊ တခြားပုဂ္ဂိုလ်များကို
အားမကိုးရဟု အထင်အရှားဟောဖော်ညွှန်ပြထားသောကြောင့် မိမိမှတစ်ပါး အခြားအထက်ပုဂ္ဂိုလ်များကို
အားကိုးနေခြင်းသည် ဗုဒ္ဓဘုရားရှင်၏ လမ်းစဉ်နှင့်လုံးဝမကိုက်ညီပါ။ ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရိံ = တရား
ကို ကိုယ်တိုင်ကျင့်သုံး၍တရားကို စောင့်ရှောက်သောသူအား တရားဓမ္မသည် ထိုကျင့်သုံးလိုက်နာသူအား
ဧကန်မုချပြန်စောင့်လေ့ရှိ၏ အထင်အရှားဟောဖော်ညွှန်ပြထားသောကြောင့် တရားတော်သွန်သင်ညွှန်ပြ
ဆုံးမထားသော အစောင့်အရှောက်မှတပါးအခြားပုဂ္ဂိုလ်များ၏ အစောင့်အရှောက်ကို မခံယူသင့်ပါ။ မိမိပြုစု
အားထုတ်ထားသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်များကိုကား ထိုဝေနေယျ
ပုဂ္ဂိုလ်အစားစားတို့အား အမျှအတန်ပေးဝေကောင်းပါသည်။

မေး။ အကျင့်မှားယွင်းနေသော ဘုန်းတော်ကြီးများအား ဆက်လက်၍ ကိုးကွယ်သင့်မသင့်ဖြေကြားပေးပါ
ဘုရား။
ဖြေ။ မြတ်စွာဘုရားရှင်သည် ဘုန်းတော်ကြီးများကို ကိုးကွယ်ဆည်းကပ်ခြင်းနှင့်ပတ်သက်၍ ဥပါသကာ၊ ဥပါ
သိကာမ ကိုးကွယ်ဆည်းကပ်သူဒါယိကာ၊ ဒါယိကာမ ကျင့်ဝတ်ဟောကြားထားသည်မှာ - အကျင့်မှားယွင်း
နေသော ဘုန်းတော်ကြီးမိမိအိမ်သို့ ကြွလာရာတွင် ယခင်ပြုမူနေကြဖြစ်သော နေရာခင်းပေးခြင်း၊ အမှုအား
မပြုပဲနေခြင်း၊ ရှိမခိုးပဲနေခြင်း၊ မလှူဒါန်းပဲနေခြင်းများ ပြုရမည်။ ထိုကဲ့သို့ ပြုလုပ်သောအခါ ဘုန်းတော်ကြီး
သည် ယခင်ကကဲ့သို့ ဘာကြောင့်မပြုကြတာလဲဟု စဉ်းစားကာ မိမိမှားယွင်းနေသော အကျင့်များကို ဆက်
လက်မကျူးလွန်ရဲတော့ဘဲ အမှန်သို့ ပြန်လည်ပြုပြင်လာနိုင်သည်။ ထိုသို့မဟုတ်ဘဲ လှူမြဲတိုင်းလှူကာ
ဆက်လက်ကိုးကွယ်နေပါလျှင် သူမှားယွင်းနေသော အကျင့်ကိုပင် အမှန်ထင်ကာဆက်လက်၍
အမှားကျူးလွန်နေနိုင်သည်။ အဆိပ်ပင် ရေလောင်းသလို ဖြစ်နေတတ်ပါသည်။
ထိုအချက်သည် အင်မတန်အရေးကြီးသောကြောင့် သတိထားဆင်ခြင်၍ အမှန်တရားသို့ရောက်အောင် ၀ိုင်းဝန်းပြုပြင်သင့်ကြပါသည်။

မေး ။ အကျင့်မှားယွင်းနေသော ဘုန်းတော်ကြီးများကို ဆက်လက်၍ ကိုးကွယ်နေပါက အကျိုးရှိမရှိ ဖြေ
ကြားပေးပါဘုရား။
ဖြေ ။ အကျင့်မှားယွင်းနေသော ဘုန်းကြီးဟုဆိုရာတွင် နှစ်မျိုးရှိပါသည်။ တစ်မျိုးမှာ ပါရာဇိက ကျနေသော
ဘုန်းတော်ကြီးဖြစ်ပါက ပြင်၍မရသော အမှားကိုကျူးလွန်ထားသောကြောင့် ထိုဘုန်းတော်ကြီးမျိုးဆိုလျှင်
လုံးဝမလှူဒါန်းသင့်ပါ။ ဆက်လက်၍ ကိုးကွယ်ရန် မသင့်လျော်ပါ။ ဆက်လက်ကိုးကွယ်နေပါက အဆိပ်ပင်
ရေလောင်းဖြစ်သည့်အတွက်လုံးဝအကျိုးမရှိပါ။
နောက်တစ်မျိုးမှာ - ပြင်၍ရသောအသေးစားသိက္ခာပုဒ်များကို ကျူးလွန်မိနေသော ဘုန်းတော်ကြီးများကို
ကား ဥပါသကာ၊ ဥပါသကာမကောင်း ကျင့်ဝတ်အတိုင်း ထိုဘုန်းတော်ကြီးသည် မိမိအကျင့်မှားများကို ရပ်
တန့်၍ အမှန်တရားရောက်သည်အထိ ပြောဆိုလျှောက်ထားပြုပြင်ပေးသင့်ပါသည်။

မေး ။ အကျင့်မှားယွင်းနေသော ဘုန်းတော်ကြီးများကို ဝေဖန်ပြောဆိုပြုပြင်ပေးခြင်းသည် အပြစ်ရှိမရှိ ဖြေ
ကြားပေးပါဘုရား။
ဖြေ ။ အကျင့်မှားယွင်းနေသော ဘုန်းတော်ကြီးများကို အမှန်တရားရောက်လို၍ ကောင်းသောစေတနာဖြင့်
ဝေဖန်ပြောဆိုပြုပြင်ပေးခြင်းသည် အပြစ်မရှိပါ။ မြတ်စွာဘုရားရှင်၏ ၀ါဒသည် ၀ိဘဇ္ဇ၀ါဒ အမှားအမှန်ကို
ခွဲခြားစိတ်ဖြာစီစစ်ဝေဖန်သော ၀ါဒဖြစ်ပါသည်။ အမှားများကို ဇွတ်မှိတ်လက်ခံ၊ မှားမှားမှန်မှန်မသိ Blind
Fate မျက်ကမ်းယုံကြည်မှုမျိုးကို အားပေးသော ၀ါဒမဟုတ်ပါ။ မြတ်စွာဘုရားရှင်၏ လက်ယာယံ အရှင်
သာရိပုတ္တရာမထေရ် သင်္ကန်းရုံထားတာ မညီတာကိုတွေ့သော ရှင်ပုဏ္ဍာသည် အရှင်ဘုရား သင်္ကန်းတော်
သည် ပရိမဏ္ဍလသိက္ခာပုဒ်နှင့်မညီပါဘုရားလို့လျှောက်ထားသည့်အခါမှာ သင်္ကန်းကို ပြန်ပြင်ဝတ်ကာ အ
ရှင်ဘုရား - နောက်နောင်ကို အမှားတွေ့ပါက ပြောဆိုဆုံးမပါဘုရားဟု လျှောက်ထားခဲ့ပါသည်။ ထိုသာဓက
ကိုကြည့်ခြင်းအားဖြင့် မှားယွင်းနေတာကို ထောက်ပြဝေဖန်ပြုပြင်ပေးပါက မြတ်စွာဘုရားရှင်၏ လမ်းစဉ်
အရှင်သာရိပုတ္တရာ ရဟန္တာကြီးကိုယ်တော်တိုင် ကျင့်သုံးခဲ့သော လမ်းစဉ်ဖြစ်သည့်အတွက် သာသနာပြု
ဓမ္မဒေသနာကုသိုလ်များပင် ရရှိနိုင်ပါ၏။ ဤကိုယ်တော်တော့ဘာမှမသိ လူကြားထဲ အရှက်ခွဲလိုက်မည်ဆို
သော ပဒုဌစေတနာမှားယွင်းသောစေတနာဖြင့် မပြောမိဖို့အရေးကြီးပါသည်။ မဃဒေ၀လင်္ကာတွင် ရှေ့ရှု
မေတ္တာ၊ ကရုဏာ နှင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း၊ ၀မ်းတွင်းမသို၊ ဟုတ်တိုင်းဆိုကာ၊ ကျိုးလိုစိတ်ပြ
ဆုံးမတတ်သူ၊ ဆရာဟူလော့ - ဟူ၍ ရေးသားထားသောကြောင့် အမှားကို ထောက်ပြဆုံးမသူကို ဆရာ
ဟူ၍ပင် မှတ်သားရပါမည်။

မေးသူ။ ။မဲဆောက်ဈေးသူဈေးသားများ။
ဖြေကြားသူ။ ။အရှင်ဣဿရိယ(kingzero)

0 comments:

Post a Comment