Monday, September 21, 2009

ငြိမ်းချမ်းရေး ချီတက်ပွဲ မဲဆောက်မှာ ကျင်းပ

ဖိုးဇော်
တနင်္လာနေ့၊ စက်တင်ဘာလ 21 ရက် 2009 ခုနှစ် 19 နာရီ 23 မိနစ်


ချင်းမိုင် (မဇ္စိမ)။ ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်၍ မဲဆောက်-မြဝတီ နယ်စပ်တံတားသို့ ယနေ့တွင် ငြိမ်းချမ်းစွာ လမ်းလျှောက် ချီတက်သူ ထိုင်းနှင့် မြန်မာနိုင်ငံသား ဦးရေ ၂၀၀ ခန့်အား ထိုင်းအာဏာပိုင်များက ပိတ်ဆိုထားခဲ့သဖြင့် တံတားပေါ်သို့ တက်ရောက်ခွင့် မရခဲ့ကြောင်း သိရသည်။

သံဃာတော် အပါး၂၀ ခန့်နှင့် ထိုင်းမယ်သီလရှင်တပါး အပါအဝင် လူအင်အား ၂၀၀ ခန့်က မဲဆောက်မြို့အဝင် စစ်ဆေးရေးဂိတ် (ကျောက်တိုင်) အနီးမှ မဲဆောက်-မြဝတီတံတားသို့ လမ်းလျှောက်ချီတက်ခဲ့ရာ တံတားနှင့် ကိုက် ၁၀၀ ခန့် အကွာတွင် အပိတ်ဆို့ခံရခြင်း ဖြစ်သည်။

“တံတားထိပ်မှာ လုံခြုံရေးကတော့ အပြည့်ပဲ။ စစ်သား၊ ရဲ၊ လဝက (လူဝင်မှုကြီးကြပ်ရေး) ရော၊ ထိုင်းစစ်သားတွေက တံတား အတက်ကို ပိတ်ထားတော့ သွားလို့မရဘူး။ စိတ်တော့ မကောင်းပါဘူး။ ဒို့ရဲ့ ရည်ရွယ်ချက်က တံတားဟိုဘက်ထိ သွားချင်တာ။ ဟိုဘက်က မငြိမ်းချမ်းသေးတော့ ဒို့က သွားလို့ မရဘူး။ ဒီဘက်က ငြိမ်းချမ်းရေးကိုလည်း ဟိုဘက်ကို ကူးစေချင်ပါတယ်” ဟု ချီတက်ပွဲကို ဦးဆောင်သူဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးပဉ္စင်း အရှင်သောပါက က မဇ္စျိမကို မိန့်ဆိုသည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းမှု မရှိသေးသည်ကို ကမ္ဘာက အမှတ်ရနေစေရန် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ IBMO အပါအဝင် ဘာသာရေးအဖွဲ့များ၊ မြန်မာ့အရေး ဆောင်ရွက်နေသော အစိုးရ မဟုတ်သော ထိုင်းအဖွဲ့အစည်းများ၊ Burma Partnership ၊ TACDB ၊ မြန်မာအတိုက်အခံ အဖွဲ့များ၊ ထိုင်းကျောင်းသားများ စုပေါင်းပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ချီတက်ကြခြင်းဖြစ်သည်။

“ယနေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ မြန်မာနိုင်ငံကြီး မငြိမ်းချမ်းသေးတာကို ကမ္ဘာက အမှတ်ရစေဖို့ငှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံးလည်း မြန်မာနိုင်ငံကြီး မငြိမ်းချမ်းသေးဘူး။ ငြိမ်းချမ်းအောင် ကြိုးစား ကြရအုံးမယ် ဆိုတာကို အမှတ်ရစေဖို့ပါပဲ” ဟု ချီတက်လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သူ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ ဦးပဉ္စင်း အရှင် ဦှးဣဿရိယ က မဇ္စျိမကို မိန့်ကြားသည်။

လမ်းလျှောက် ချီတက်သူများက “လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကျပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ” ဟု ၂၀၀၇ စက်တင်ဘာလ သံဃာချီတက်ပွဲမှ မေတ္တာသုတ်များအတိုင်း လမ်းတလျှောက် ရွတ်ဆိုခဲ့ကြသည်။

မဲဆောက်မြို့တွင်း၌ ချီတက် လမ်းလျှောက်စဉ်က လမ်းကြောင်းတလျှောက် ထိုင်းရဲနှင့် အာဏာပိုင်များက ဝန်းရံ စောင့်ကြပ်ပေးပြီး ထိုင်းရုပ်သံဌာနများမှလည်း သတင်း ရိုက်ယူခဲ့ကြောင်း လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သူ မြန်မာပြည်သူများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

ချီတက်ပွဲကို မဲဆောက်မြို့မှ ၉ ကီလိုမီတာ အကွာရှိ စစ်ဆေးရေးဂိတ် အနီး၌ နံနက် ၉ နာရီတွင် ဘာသာပေါင်းစုံ (ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်) ဝတ်ပြု ဆုတောင်းပွဲဖြင့် စတင်ခဲ့ကြသည်။

ထို့နောက် မြို့တွင်း၌ ချီတက်ခဲ့ကြပြီး နေ့လည် ၃ နာရီခန့်တွင် မဲဆောက်-မြဝတီ တံတားအနီး၌ ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲကို ထပ်မံပြုလုပ်ပြီး ချီတက်ပွဲကို အဆုံးသတ်ခဲ့ကြသည်။

0 comments:

Post a Comment