Sunday, September 27, 2009

လောဘ

တပ်မက်ခင်မင် လိုချင်မက်မောခြင်း သဘောကို "လောဘ" လို့ ခေါ်ပါတယ်၊ လိုချင်ခြင်းသဘောကို လောဘဆိုပေမယ့် လိုချင်တိုင်းကိုလောဘမခေါ်ရပါ၊ ကာမဂုဏ်ဆိုင်ရာ လိုချင်တိုင်းကို လောဘမခေါ်ရပါ၊ ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘခေါ်ရပါတယ်။
နိဗ္ဗာန်ကို လိုချင်မှု, စာပေအတတ်ပညာ တတ်ချင်မှု, အလှူဒါနပြုလုပ်ရန် ပစ္စည်းဥစ္စာကို လိုချင်မှု-စတဲ့ ကောင်းတဲ့ဘက်မှာ လိုချင်မှုများကိုတော့ လောဘလို့ မဆိုသင့်ပါ၊ ရှေ့ကပြောပြလာခဲ့တဲ့ ဆန္ဒလို့သာ ဆိုသင့်ပါတယ်။
ဒီလောဘဟာ အာရုံကို တပ်စွဲခြင်းသဘော ရှိပါတယ်၊ တပ်စွဲခြင်းသဘောရှိပါတယ်၊ တပ်စွဲခြင်းသဘောဆိုတာက အာရုံကို ယူကာမတ္တ မဟုတ်ပါဘူး၊ လောဘရဲ့ အကြီးအသေးအလိုက် ထိုက်သည်အားလျော်စွာ တမ်တမ်းစွဲ ငမ်းငမ်းတက် တပ်မက်ခင်မင် လိုချင်တာမျိုးပဲဖြစ်ပါတယ်။

လောဘရဲ့ အာရုံယူပုံကို မျောက်နှဲ့စေးက မျောက်ကို ဖမ်းထားပုံနှင့် ဥပမာ ပြကြပါတ်ယ်၊ သစ်ပင်က ထွက်ကျနေတဲ့ မျောက်နှဲစေးလို့ခေါ်တဲ့ သစ်စေးပုံအနားကို အထူးအဆန်းမြင်ရင် ဆော့ချင်တတ်တဲ့ မျောက်တစ်ကောင် ရောက်လာပါတယ်၊ ဒီတော့ မျောက်က သစ်စေးပုံကို လက်တစ်ဖက်နဲ့ နှိပ်စမ်းကြည့်ပါတယ်၊ သစ်စေးပုံက အဲဒီလက်ကို စေးကပ်ဖမ်းယူထားပါတယ်၊ ပထမလက်ကွာအောင် အခြားဘက်တစ်ဖက်နဲ့
ခွာပြန်တယ်၊ အဲဒီလက်ကိုလဲ စေးကပ်ဖမ်းယူထားပြန်တယ်၊ လက် ၂-ဖက်လုံးကွာအောင် ပါးစပ်နဲ့ကိုက်လို့ ခွာပြန်တယ်၊ ပါးစပ်ကိုလဲ စေးကပ်ဖမ်းယူထားပြန်တယ်၊ လက်ရော, ပါးစပ်ပါ တစ်ခါတည်းကွာအောင် ခြေ ၂-ဖက်နှင့် ဘယ်ပြန် ညာပြန် တွန်းကန်ပြန်တယ်။ ခြေ ၂-ဖက်ကိုလည်း စေးကပ်ဖမ်းယူထားလိုက်ပြန်ပါတယ်၊ ဒီတော့ ကွာလိုကွာငြား သဘောထားပြီး ကိုယ်နဲ့ဖိလို့ ခွာလိုက်တဲ့အခါ အိကနဲနေကာ ခွာလို့မရအောင်
ဖွဲ့နှောင်ထားလိုက်ပါတယ်၊ ဒီလိုပဲ လောဘတရားကလဲ ၆-ပါးသော အာရုံတို့ ထိခိုက်လာရင် တမ်းတမ်းစွဲ ငမ်းငမ်းတက် မခွာရက်အောင် ဖမ်းယူထားတတ်ပါတယ်၊ [ မျောက်နှဲစေးနှင့် လောဘ, မျောက်ရဲ့ လက်ခြေပါးစပ် ကိုယ် ၆-ပါးတို့ တူကြပါတယ်။ ]

ပေမ-သံယောဇဉ်

ဒီလောကကို သားသမီး မောင်နှမ ညီအစ်ကို သမီးခင်ပွန်း-စတဲ့ အိမ်သူ အိမ်သားချင်း ချစ်ခင်မှု, ဆွေမျိုးချစ်ခင်မှု, ဆွေလိုမျိုးလို ချစ်ခင်မှုတွေမှာ ပေမဆိုတဲ့ အမည်နှင့် သုံးစွဲပါတယ်၊ ပေမဆိုတဲ့ ပါဠိစကားက ချစ်ခင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်၊ ဒီချစ်ခင်ခြင်းမျိုးစုံကို သံယောဇဉ် တွယ်တယ်လို့လဲ ခေါ်ကြပါတယ်၊ သံယောဇဉ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ နှောင်ကြိုးပဲ ဖြစ်ပါတယ်၊ ကြိုးနဲ့ ချည်နှောင်ထားသလို တစ်ယောက်ကို တစ်ယောက် မခွဲမခွာရက်အောင် ချည်နှောင်ခြင်းလို့ ဆိုလိုပါတယ်။

တဏှာ

အဆင်း, အသံ, အနံ့, အရသာ, အတွေ့အာရုံမျှမကဘဲ တပ်မက်ငတ်ပြတ်မှုမှာ တဏှာဆိုတဲ့အမည်နဲ့ သုံးစွဲပါတယ်၊ တဏှာဆိုတဲ့ စကားက တပ်မက်ခြင်း, ငတ်ပြတ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ရာဂ

အဆိုပါ ကာမဂုဏ် ၅-ပါး အာရုံတရားတွေထဲက အတွေ့အာရုံ (မေထုန်မှု) ကို အလွန်လိုလားရာမှာ-ရာဂဆိုတဲ့ အမည်နဲ့ သုံးစွဲကြပြန်တယ်၊ ရာဂဆိုတဲ့ စကားက ငြိကပ်စွဲလမ်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

သမုဒယ

သစ္စာ ၄-ပါး ခွဲစိတ်ဝေဖန်ခန်းမှာတော့ ဒီလောဘကို သမုဒယ သစ္စာဆိုတဲ့ အမည်နဲ့ ခေါ်ဝေါ်သုံးစွဲထားပါတယ်၊ သမုဒယဆိုတဲ့ စကားက ဒုက္ခဖြစ်ကြောင်းလို့ အဓိပ္ပာယ်ရပါတယ်။
ရှေ့က ပြောလာခဲ့တဲ့ ပေမ, တဏှာ, ရာဂလို့ခေါ်ဆိုရတဲ့ လောဘ ရှိနေလို့ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲလို့ တ၀ဲလယ်လယ် နေကြရပါတယ်၊ ယခုနေအခါမှာ သူရော, ငါပါ တွေ့နေကြရတဲ့ ဒုက္ခကြီးငယ် အသွယ်သွယ်က ဒီတဏှာလောဘ သမုဒယကြောင့်သာ ဖြစ်ပါတယ်၊ ဒါ့ကြောင့်လောဘကြီးရင် ဒုက္ခကြီးတယ်၊ လောဘငယ်ရင် ဒုက္ခငယ်တယ်၊ လောဘမရှိရင် ဒုက္ခလဲ မရှိတော့ဘူးလို့ ဆိုလိုပါတယ်။
ဒီလောဘနှင့် အတူတကွ ဖြစ်တဲ့စိတ်ကို လောဘစိတ်, တဏှာစိတ်, ရာဂစိတ်, သံယောဇဉ်စိတ်လို့ ခေါ်ပါတယ်၊ လူကိုတော့လောဘကြီးသူ, တဏှာကြီးသူ, ရာဂကြီးသူ, သံယောဇဉ်ကြီးသူလို့ ခေါ်ရပါတယ်။

မာယာ

ဒီလောဘကိုပဲ မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်ရာမှာ မာယာလို့လဲ ခေါ်ကြပါသေးတယ်၊ မာယာဆိုတာဟာ မျက်လှည့်သည်နှင့်တူပါတယ်၊ မျက်လှည့်သည် မျက်လှည့်သမားက ကျောက်ခဲကို ရွှေတုံးဖြစ်အောင် လှည့်စားနိုင်သလို မာယာကလဲ လူတစ်ဖက်သား အထင်မှားအောင် ကိုယ့်မှာရှိနေတဲ့ အပြစ်ကို ဖုံးကွယ်တတ်ပါတယ်။
မကောင်းမှု အကုသိုလ်များကို ပြုပြီးနောက် အဲဒီအမှုများ မပေါ်အောင် ပိပိရိရိ ဖုံးကွယ်ခြင်းဟာ မာယာရဲ့ သဘော ဖြစ်ပါတယ်။
ပြုပြီးတဲ့ မကောင်းမှုကို လျှို့ဝှက်ခြင်းဟာ မာယာရဲ့ ကိစ္စ ဖြစ်ပါတယ်။
မာယာနှင့် ပြည်စုံသူဟာ ပြာနဲ့ဖုံးထားတဲ့ မီးကျီးခဲ, ရေထဲရှိတဲ့ သစ်ငုတ်, အ၀တ်ဖြင့် ဖုံးအုပ်ထားတဲ့ လက်နက်နှင့် တူပါတယ်။ ၁

မိန်းမမာယာကြောက်စရာ

ပဒုမမင်းသားက ကန္တာရအလယ်မှာ ညီတော် ၆-ယောက်တို့နှင့် အတူနေရာက ညဉ်ံအခါ ညီတော်များ အိပ်ပျော်နေချိန်မှာ မိမိရဲ့ မယားကို ခေါ်ပြီး တိတ်တဆိတ် ထွက်လာခဲ့ပါတယ်၊ ကန္တာရကထွက်လို့ မြစ်ကြီးတစ်ခုကို ရောက်တဲ့အခါ မယားနှင့်အတူ တဲအုံဆောက်လုပ်နေထိုင်ပါတယ်။၂
တစ်နေ့မှာ မင်းပြစ်မင်းဒဏ်သင့်တဲ့ ခိုးသူတစ်ယောက်ကို လက်ခြေများနှင့် နား, နှာခေါင်းတို့ကို ဖြတ်ပြီး လှေငယ်တစ်ခုပေါ်မှာတင်ကာမြစ်ညာက မျှောလိုက်ကြပါတယ်၊ အနားကို ရောက်လာလို့ ငိုသံကို ကြားရတဲ့အခါ ပဒုမမင်းသားက သနားတာနဲ့ ဆယ်ယူပြီး ဆေးဝါးကုသထားပါတယ်၊ အသားနုတက်လို့ အနာကောင်းလာတဲ့အခါ မယားနှင့်အတူ တဲထဲမှာ ထားပါတယ်၊ သူကိုယ်တိုင်က တောထဲကို သွားပြီး သစ်သီးကြီးငယ်ကို ရှာဖွေနေပါတယ်၊ ရလာသမျှကို ဝေခြမ်းစားသောက်နေပါတယ်။
ပဒုမမင်းသားက သစ်သီးရှာသွားခိုက်မှာ မယားဖြစ်သူက ငတုံးနှင့် ဖောက်ပြန်နေပါတယ်၊ တစ်နေ့မှာ ပဒုမင်းသားကို သတ်လိုက်တဲ့အတွက်
တောင်စောင့်နတ်ကို ပူဇော်ရအောင်လို့ မိန်းမမာယာနဲ့ တောင်ပေါ်ကို ကို သွေးဆောင်ခေါ်သွားပါတယ်၊ တောင်ထိပ်ကို ရောက်လာတဲ့အခါ "မောင်ရေ! မောင်ကမြင့်မြတ်တဲ့ နတ်ဖြစ်ပါတယ်၊ မောင့်ကိုပဲ လက်ဦး ပန်းတွေနဲ့ ပူဇော်လို့ လက်ယာရစ် လှည့်လည်လိုပါတယ်၊ နောက်မှ တောင်စောင့်နတ်ကို ပူဇော်ပါ့မယ်" လို့ ပြောပြီး လင်ကို တောင်ကမ်းပါးပြတ် နားမှာ ရပ်နေစေပါတယ်၊ လက်ယာရစ်လှည့်ကာ ရှိခိုးသလိုလုပ်ရင်း ကျောဘက်ကနေပြီး ကမ်းပါးပြတ်ထဲကို တွန်းချလိုက်ပါတယ်။
ဒီဝတ္ထုမှာ လင်ကို သတ်လိုက်တဲ့အတွက် တောင်စောင့်နတ်ကို ပူဇော်လိုဟန် ဥာဏ်ဆင်ပြီး တောင်ပေါ်ရောက်အောင် ခေါ်သွားတာလဲ မာယာပဲ ဖြစ်ပါတယ်၊ တောင်ပေါ်ကို ရောက်တဲ့အခါ တောင်စောင့်နတ်ကိုထက် လင်ကိုပဲ ချစ်ခင်ကြည်ညို မြတ်နိုးဟန်ဆောင်ပြီး ပူဇော်သလိုလုပ်ကာ တွန်းချ
လိုက်တာလဲ မာယာပဲဖြစ်ပါတယ်။

ရသေ့မာယာ အံ့စရာ

ရှေးအခါ ရွာကလေးတစ်ရွာမှာ သူကြွယ်တစ်ယောက်က ရသေ့တစ်ဦးကို တောထဲမှာ ကျောင်းဆောက်ကိုးကွယ် ထားပါတယ်၊ ခိုးသားဓားပြဘေးကို စိတ်မချရတာနဲ့ ရွှေစင်နိက္ခတစ်ရာကို ရသေ့ကျောင်းနားမှာ မြှုပ်ထားပါတယ်၊ "အရှင်းဘုရား! ဒါကို ခဏကြည့်ရှုစောင့်ရှောက်ထားပါ" လို့လဲ မှာထားပါတယ်၊ ဒီတော့ ရသေ့က "ဟဲ့ဒကာ! ရသေ့ရဟန်းတွေကို ဒီလို မပြောကောင်းဘူး၊ တို့မှာ သူများပစ္စည်းဥစ္စာကို လိုချင်မက်မောမှုဆိုတာ မရှိပါဘူး" လို့
ပြောလိုက်ပါတယ်၊ ဒကာက ရသေ့ကိ ယုံကြည်စိတ်ချစွာနဲ့ ပြန်လာခဲ့ပါတယ်။
ရွှေစင်နိက္ခတစ်ရာဆိုရင် ငါ ချောင်ချောင်လည်လည် အသက်မွေးနိုင်လာလောက်တယ်လို့ ရသေ့က စဉ်းစားပြီးတဲ့နောက် ရက်အနည်းငယ် ကြာတဲ့အခါ အဲဒီရွှေကိုဖော်ယူပြီး မိမိသွားမဲ့ လမ်းနားတစ်နေရာမှာ မြှုပ်ထားလိုက်ပါတယ်၊ နောက်တစ်နေ့ ဒကာ့အိမ်မှာ ဆွမ်းစားပြီးတဲ့အခါ သွားတော့မယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်၊ ဒကာက ဆက်လက်နေထိုင်ရန် တောင်းပန်ပေမယ့် မရတော့ပါ၊ ဒါနဲ့ ဒကာက ခွင့်ပြုလိုက်ရပြီး ရွာတံခါးထိအောင် လိုက်ပို့လိုက်ပါတယ်။
ရသေ့က အတော်လေးသွားပြီးမှ ဆံကျစ်ကြားမှာ သက်ကယ်မြက်ကို ထားပြီး ပြန်လာခဲ့ပါတယ်၊ သူကြွယ်က ဘာ့ကြောင့် ပြန်လာပါသလဲ?-လို့မေးတဲ့အခါ ဒါယကာ သင့်အိမ်မိုးက သက်ကယ်မြက်တစ်ပင် ငါ့ဆံကျစ်မှာ ငြိကပ်ပါလာတယ်၊ ပိုင်ရှင်မပေးတဲ့ ဥစ္စာဟာ ရသေ့ရဟန်းတို့အား မအပ်ပါဘူး၊ ဒါ့ကြောင့် ဒီမြက်ကို ယူပြီး ပြန်လာရတာပဲ-ဆိုတဲ့ ရသေ့ရဲ့ စကားကို ကြားရတဲ့အခါ ရိုးလှတဲ့ သူကြွယ်က အဲဒီနားမှာ စွန့်ထားခဲ့ပြီး ကြွတာပေါ့ဘုရားလို့လဲပြောဆိုပါတယ်၊ သိပ်သံသယ ကုက္ကုစ္စရှိတာပဲလို့ တွေးပြီး အတိုင်းထက်အလွန်လဲ ကြည်ညိုသွားပါတယ်။
အဲဒီအချိန်မှာ ဘုရားလောင်းက သူကြွယ့်အိမ်မှာ တည်းခိုနေထိုင်ပါတယ်၊ ရသေ့ရဲ့ စကားကို ကြားရတယ်ဆိုရင်ပဲ ဒီရသေ့က သူကြွယ်ရဲ့ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကို ယူထားတာ ဖြစ်ပေလိမ့်မယ်လို့ ရိပ်မိသွားပါတယ်၊ ဒါနဲ့ မိတ်ဆွေရဲ့ ဆရာ့ထံမှာ ဘာများအပ်နှံထားတာ ရှိပါသလဲ?၊ အပ်နှံထားရင်သွားကြည့်စမ်းပါဦးလို့ သတိပေးမှ သွားကြည့်တဲ့အခါ ရွှေများကို မတွေ့ရတော့တဲ့အတွက် ဧည့်သည်နှင့်အတူ ရသေ့နောက်ကိ အပြေးအလွှား လိုက်သွား
ကြပါတယ်၊ ရသေ့ကို ဖမ်းပြီး ထူထောင်းရိုက်နှက်လို့ ရွှေကို ယူလာခဲ့ကြပါတယ်။
တို့မှာ သူများပစ္စည်းဥစ္စာကို လိုချင်မက်မောမှုဆိုတာ မရှိပါဘူးလို့ ပြောတာ, ရွှေခိုးပေါ်မှာကို စိုးလို့ သက်ကယ်မြက်ပင် တစ်ပင်ကို ပြန်ပေးတာတွေဟာ မာယာပဲ ဖြစ်ပါတယ်။
ဒီလိုပဲ ဒီပရိယာယ်မာယာစာ အကြီး, အငယ်, အရွယ်အလတ်, မိန်းမ, ယောက်ျား, ဂုဏ်ရှိ, ဂုဏ်မဲ့, ရသေ့ အတန်းအစားမခွဲခားဘဲ လူပေါင်းစုံတို့ရဲ့ သန္တာန်မှာ တည်ရှိနေပါတယ်။
ဒီမာယာကိုပဲ ပရိယာယ်-(ဟန်ဆောင်လှည့်စားမှု), ပလီ-(လိမ်လည်လှည့်ပတ်မှု), အပလိန်း-(ပရိယာယ် မာယာဖြင့် လှည့်ပတ်ပြောဆို-ပြုမူမှု),ပလိစိချောက်ချက်-(အမျိုးမျိုးညာဖြန်းပြောဆိုမှု) လှည့်စားခြင်း, ဟန်ဆောင်ခြင်းလို့ အမျုးမျိုး အဖုံဖုံ ပြောဆိုနေကြပါတယ်။
"ပရိယာယ်တစ်ထောင်, မာယာကောင်တစ်သိန်း, အပလိန်းအနန္တ, သဲကိုးဖျာမလောက်လို့ ရှားပင်က ရှားရွက်တွေကိုပင် ရောနှော၍ ရေတွက်ရသည်" ။ ဒီလိုလဲ ရှေးလူကြီးသူမတု့ ပြောစမှတ် ပြုခဲ့ကြပါတယ်။

မာယာမျိုးစုံ

တစ်ဖက်သားကို မျက်နှာချိုသွေးကာ ဖုံးကွယ်ခြင်း, မျက်နှာပြောင်တိုက် အရေးမစိုက်သလိုလုပ်ကာ ဖုံးကွယ်ခြင်း, ကိုယ်မလေုပ်သလို ဟန်ဆောင်ကာကွယ်ခြင်း, အပြစ်ကင်းဟန် ခပ်ထန်ထန်နဲ့ ဆောင်ကြီးအောင့်ကြီးလုပ်ကာ ဖုံးကွယ်ခြင်း, အပြစ်တင်မယ့်သူ ကြောက်လောကအောင် ခြောက်လို့ ဖုံးကွယ်ခြင်း, အပြစ်တင်မယ့်သူကို မြှောက်လို့ ဖုံးကွယ်ခြင်း-စသည်ဖြင့် မာယာရဲ့ အပြစ်ကာကွယ်ပုံ နည်းများက စုံလင်လှပေတယ်။

သာဌေယျ=

ကောက်ကျစ်စဉ်းလဲမှုကို "သာဌေယျ" လို့ ခေါ်ပါတယ်၊ အခြားသူများ အထင်ကြီးအောင် ကိုယ့်မှာ မရှိတဲ့ဂုဏ်ကို ရှိဟန်ဆောင်တတ်တဲ့လောဘတစ်မျိုးပဲဖြစ်ပါတယ်၊ မာယာက ကိုယ့်မှာရှိတဲ့ အပြစ်ကို ဖုံးကွယ်ပြီး အပြစ်ကင်းသယောင် ဟန်ဆောင် တတ်ပါတယ်၊ သာဌေယျက ကိုယ့်မှာဂုဏ်မရှိဘဲ ရှိသယောင်ဟန်ဆောင်တတ်ပါတယ်၊ ၂-မျိုးလုံးပဲ အလိမ်ဥာဏ်, အကောက်ဥာဏ်, အပလီဥာဏ်မျိုးဖြစ်ပါတယ်၊ ရာဂကြီးသူမှာ မာယာသာဌေယျ-စတဲ့ အကုသိုလ်တရားအများအပြား ဖြစ်တတ်ပါတယ်လို့ ၀ိသူဒ္ဓိမဂ် (၁၊ ၁၀၃)မှာ မိန့်ဆိုချက်လဲ ရှိပါတယ်၊ ဒီသာဌေယျကို "တယ်မာယာသာဌေယျများတဲ့အကောင်ပဲ" လို့ အများအားဖြင့် မာယာနှင့် တွဲဖက်လို့ အသုံးပြုတတ်ကြပါတယ်။

ရဟန်းတော်များနှင့် သာဌေယျ

ရဟန်းတော်တွေရဲ့ အထဲမှာ အချို့က စာပေမတတ်ပေမဲ့ စာပေတတ်သယောင် ဟန်ဆောင်တတ်ပါတယ်၊ စာပေမပို့ချဘဲ ပို့ချသယောင်လဲဟန်ဆောင်တတ်ပါတယ်၊ ကိုယ်ကျင့်သီလ မစင်ကြယ်ဘဲ စင်ကြယ်သယောင်လဲ ဟန်ဆောင်တတ်ပါတယ်၊ ကမ္မဌာန်းတရား အားမထုတ်ဘဲ အားထုတ်သယောင်လဲ ဟန်ဆောင်တတ်ပါတယ်။
ဒီပုဂ္ဂိုလ်မျိုးဟာ သူ့ကို အခြားသူတွေက အဟုတ်ထင်လာအောင် စာတော်ပေတော် ဆရာတော်ကြီးများကိုလဲ မိမ်နှင့်တန်းတူထားကာပြောဆိုရပါတော့တယ်၊ ကိုယ့်ကျင့်သီလ စင်ကြယ်နေတဲ့ ဆရာတော်တွေ, ကမ္မဌာန်းအလုပ် အပတ်တကုတ် ကြိုးစားအားထုတ်နေတဲ့ ဆရာတော်တွေကိုလဲ မိမိနှင့်တန်းတိုထားကာ ပြောဆိုရပါတော့တယ်။
အဲဒီလို ပြောဆိုတဲ့အတွက် သူ့မှာလဲ သံသရာအပြစ် ကြီးလေးလှပါတယ်၊ သူ့ကို အဟုတ်ကြီးထင်လို့ ကိုးကွယ်ကြတဲ့ ဒကာ, ဒကာမတွေမှာလဲ ဘာသာရေးအသိဥာဏ် တိုးမလာတဲ့အပြင် ငွေကုန်ကြေးကျ များသလောက် အကျိုးရလဲ နည်းတတ်ပါတယ်။

လူတွေရဲ့ သာဌေယျ

လူတွေမှာလဲ ခေါင်းဆောင်လုပ်လို့သူအချို့က အကျင့်သီလ မရှိဘဲ ရှိသယောင်, အရည်အချင်းမရှိဘဲ ရှိသယောင်, စွမ်းရည်သတ္တိမရှိဘဲရှိသယောင်, ပစ္စည်းဥစ္စာမရှိဘဲ ရှိသယောင် အာဘောင်အာရင်း သန်သန်နဲ့ ပရိသတ်အလယ်မှာ ဟန်ဆောင်ပြောဆိုတတ်ပါတယ်၊ ပရိသတ်က အဟုတ်ကြီးထင်လို့ သူ့ကို ခေါင်းဆောင်တင်လိုက်တဲ့အခါ ဘာကိစ္စကိုမျှ ပြီးပြတ်အောင် မဆောင်ရွက်နိုင်ဘဲ အစစ အရာရာ ယိုယွင်းပျက်စီးလာတတ်ပါတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့ အထဲမှာသာ ဒီလို ပုဂ္ဂိုလ်မျိုးတွေ များများပါနေပါက တိုင်းပြည်ကလဲ မငြိမ်မသက်, စီးပွားရေးပါပျက်လို့ တိုင်းပြည်ကိုပါ သူများလက်သို့ ထိုးအပ်လိုက်ရုံပဲ ရှိပါတော့တယ်။

မာယာသာဌေယျ၏ဆိုကျိုး

ယခုခေတ်မှာတော့ မာယာသာဌေယျသမားတွေက ပေါများနေတဲ့အတွက် စေ့စပ်ကြောင်းလမ်းပြီးမှ သတို့သားမှာ မိန်းမ-ရှိနေကြောင်း သတို့သမီးဘက်က သိရလို့ ဖျက်သိမ်းရတာ, သတို့သမီးက အကျင့်ပျက်နေကြောင်းကို သတို့သားဘက်က သိရလို့ ဖျက်သိမ်းရတာ, လက်ထပ်ပြီးမှ အဆိုပါကိစ္စမျိုးတွေ ပေါ်လာလို့ စလယ်ဝင် ဖင်မမဲခင်ကကွဲရတာ-ဒိလိုအစရှိတဲ့ ကိစ္စတွေဟာ မကြာခဏ သတင်းစားထဲမှာ ပါလာတတ်ပါတယ်၊ သတင်းစာထဲမှာ
မပါတာက ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ ခန့်မှန်းရန်ပင် မလွယ်လှပါ။
ဒီလိုမာယာသာဌေယျ(သမား)က လူတစ်ဦးတစယောက်ကိုလဲ လှည့်ပတ်တတ်ပါတယ်၊ လူအများကိုလဲ လှည့်ပတ်တတ်ပါတယ်၊ တစ်တိုင်းပြည်လုံးကိုလဲ လှည့်ပတ်တတ်ပါတယ်၊ ဘုရားတုဘုရားယောင်သာ ဖြစ်ခဲ့ပါက ကမ္ဘာအနှံ လှည့်ပတ်တတ်ပါတယ်၊ ဒါ့ကြောင့် ဒီမာယာ, သာဌေယျ အလွန်ဆိုးဝါးလှပါတယ်၊ ဒီလိုဆိုးဝါးလှတဲ့ တရားမျိုးရဲ့ လွှမ်းမိုးနှိပ်စက်မှုကို ကိုယ်တိုင်လဲ မခံရ, ကိုယ်နှင့်ဆက်သွယ်တေသူတွေလဲ မခံရအောင် အထူးသတိထားကာရှောင်ကြဉ်သင့်ပါတယ်။
[စာမျက်နှာ -]

[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။

အကုသိုလ်စေတသိတ် (၁၄) ပါး
၁။ မောဟ | ၂။ အဟိရိက | ၃။ အနောတ္တပ္ပ | ၄။ ဥဒ္ဓစ္စ | ၅။ လောဘ | ၆။ ဒိဌိ | ၇။ မာန | ၈။ ဒေါသ | ၉။ ဣဿာ | ၁၀။ မစ္ဆရိယ | ၁၁။ ကုက္ကုစ္စ | ၁၂။ ထိန | ၁၃။ မိဒ္ဓ | ၁၄။ ၀ိစိကိစ္ဆာ
http://www.mysuboo.com/မှ

0 comments:

Post a Comment