Monday, September 14, 2009

ဓာတ်ငွေ့ရောင်းရငွေများကို စစ်အစိုးရက စင်္ကာပူတွင် သိမ်းထားဟုဆို

မြန်မာစစ်အစိုးရက သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိသည့် ၀င်ငွေများကို စင်ကာပူနိုင်ငံရှိ ဘဏ်ကြီး နှစ်ခုတွင် လျှို့ဝှက် သိမ်းဆည်းထားသည်ဟု စုံစမ်းသိရှိရကြောင်း လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့
(ERI) က ယနေ့ ပြောဆိုလိုက်သည်။

ဒေါ်လာ ဘီလီယံ အများအပြားကို Overseas Chinese Banking Corporation (OCBC) နှင့် DBS group (DBS) ဘဏ်
တို့တွင် သိမ်းဆည်းထားသည်ဟု ERI အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ ၂ စောင်တွင် ဖော်ပြထားသည်။

“ကိုယ့်ပြည်သူလူထုရဲ့ လူမှုရေး အသုံးစရိတ် အာရှမှာ အနိမ့်ဆုံး၊ အဆင်းရဲဆုံး ဖြစ်နေချိန်မှာ ဗိုလ်ချုပ်ကြီးတွေကတော့ နိုင်ငံရဲ့ဝင်ငွေ ဒေါ်လာ ဘီလီယံပေါင်း များစွာကို စင်္ကာပူမှာ သွားပြီးတော့ လျှို့ဝှက် အပ်ထားတယ်” ဟု ERI မှ ပြောရေးဆိုခွင့်ရှိသူ Matthew Smith က ပြစ်တင် ဝေဖန်လိုက်သည်။

ကမ္ဘာ့ ငွေကြေးဈေးကွက်တွင် ထိုသို့ တရားမ၀င်သည့် ၀င်ငွေများအား တားဆီးရန်၊ စစ်အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်သည့် အဖွဲ့အစည်း လုပ်ငန်းရှင်များအား ဖိအား ပေးရန်၊ စစ်အစိုးရ၏ ဘဏ် စာရင်းသို့ ငွေကြေး ၀င်ထွက်မှုများကို တင်းကျပ်ပေးရန် ERI အဖွဲ့က နိုင်ငံတကာသို့ တိုက်တွန်းလိုက်သည်။

မြန်မာပြည်တွင် ရင်းနှီး မြှုပ်နှံသည့် Total နှင့် Chevron ရေနံကုမ္ပဏီကြီးများက မြန်မာစစ်အစိုးရ ခေါင်းမာလာစေရေး အတွက် အကူအညီ ပေးနေကြောင်း၊ ထိုဝင်ငွေများကြောင့် စစ်အစိုးရအပေါ် ဖိအားပေးနေမှုများ ထိရောက်မှု လျော့နည်းခဲ့ရကြောင်း ERI အဖွဲ့၏ အစီရင်ခံစာက ဆိုသည်။

မြန်မာ စစ်အစိုးရသည် ထို ကုမ္ပဏီ ၂ခု၏ ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ဒေါ်လာ ၄.၈၃ ဘီလီယံ ရခဲ့သည်ဟု ဆိုသည်။ ထိုအထဲမှ အနည်းဆုံး ၄.၈၀ ဘီလီယံကို နိုင်ငံတော် ဘဏ္ဍာငွေတွင် ထည့်သွင်းထားခြင်း မရှိဟု ဖော်ပြထားသည်။

အဆိုပါ စီမံကိန်း၏ တနင်္သာရီတိုင်း အတွင်း မိုင် ၂ဝဝ ကျော်ရှည်သည့် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သွားရာ လမ်းတလျှောက်တွင် မွန်၊ ကရင် နှင့် ထားဝယ် ရွာသားများ လုပ်အားပေးရခြင်း၊ လယ်ယာ မြေ အသိမ်းခံရခြင်း၊ ရွာပြောင်းရွှေ့ရခြင်းများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ စီမံကိန်း လုံခြုံရေးကို တာဝန်ယူသည့် မြန်မာ့ တပ်မတော်က ထိုဒေသတွင် လူသတ်မှုများ၊ မုဒိမ်းမှုများ ကျူးလွန်သည်ဟုလည်း လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲထားသည်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် ERI အဖွဲ့၏ အစီရင်ခံစာ ၂ ခုတွင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ အကြောင်းကို အဓိကထားပြီး ပြုစုထားသည်။
Thursday, 10 September 2009 17:24 သန်းထိုက်ဦး

0 comments:

Post a Comment