Wednesday, September 9, 2009

နအဖ ဘာတွေ လုပ်နေလဲ

“ထို့ကြောင့်ဤသို့” ဆိုတဲ့ ဖြေရှင်းချက်တွေကို နအဖ စစ်အုပ်စု နေ့တိုင်းနီးပါး မရပ်မနား လုပ်ပေးနေရတယ်။
တရုတ်ကို ဖားရတယ်၊ ကချင်ကို နားချရတယ်၊ ၀ ကို ကတိပေးရတယ်၊ ပြည်သူကို လိမ်နေရတယ်။
ကိုးကန့်ကို တိုက်လိုက်တာ လွယ်ပေမယ့် နောက်ပိုင်း ရှင်းရတာတွေက ပိုခက်နေတယ်။
- နအဖ စစ်ကောင်စီ ကြေညာချက် ၁/၂၀၀၉ ထုတ်ပြီး ရှင်းနေရတယ်။

ကိုးကန့်ဒေသမှာ စိတ်ကြွဆေးပြားတွေ၊ စက်ရုံတွေ၊ လက်နက်မှောင်ခိုလုပ်ငန်းတွေ တွေ့ရှိရကြောင်း (အခုမှ)
ထုတ်ပြောနေရတယ်။
ပြီးခဲ့တဲ့လ အထိက အဲဒီဒေသမှာ ဘိန်းအစားထိုးလုပ်ငန်းတွေ အောင်မြင်နေကြောင်း မူးယစ်ဆေးဝါး
ကင်းစင်ပပျောက်နေပြီဖြစ်ကြောင်း
ဒေသတည်ငြိမ်အေးချမ်းနေကြောင်း နအဖ ရေးခဲ့ပြောခဲ့သေးတယ်။ အခုမှ ဗြုန်းစားကြီး WY ဆေးပြားတွေ
ဘိန်းတွေ ဆေးခြောက်တွေ M 21 - 22 တွေ ဘယ်ကထွက်လာလဲ။
- အခုလို ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးကို အသည်းအသန်တိုက်ဖျက်နေပေမယ့် အိမ်နီးချင်းနိုင်ငံတွေ အနောက် အင်အားကြီးနိုင်ငံတွေကသတိမပြုမိတာ ပူးပေါင်းဆောင်ရွက်မှုမလုပ်ကြတဲ့အပေါ် နအဖ ၀မ်းနည်းနေကြောင်း
လျှောက်ပြော လျှောက်ရေး လုပ်နေရတယ်။
- တရုတ်ပြည်ထဲပြေးဝင်သွားတဲ့ လူတွေကို ပြန်ပြီးလက်ခံဖို့နဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်မှုရှိဖို့ တရုတ်အစိုးရကို ကတိတွေပေးနေရတယ်။
တရုတ်နွယ်ဖွား ကိုးကန့်တွေအပေါ် လူမျိုးတုံး စစ်ဆင်တာ မဟုတ်ကြောင်း တရုတ်ကြီး ကို ရှင်းပြတာ ရွှေနားတော်သွင်းတာ လုပ်နေရတယ်။
- ထွက်ပြေးသွားတဲ့ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်တပ်က ယူငင်လုယက်နေလို့ ဖြေရှင်းချက်တွေ ထုတ်နေ ရတယ်။
ဘယ်တုန်းကဖမ်းထားမှန်းမသိ ဘယ်ကမှန်းမသိတဲ့ လူတွေက သူခိုးတံဆိပ် ကပ်ပေးပြီး တရားခံပြ လုပ် နေရတယ်။
ချင်းရွှေဟော်မှာ တရားခံတွေကိုဖမ်းချုပ်ထားကြောင်း ယခု ထောင်ဒဏ် ၂ နှစ်စီ ချလိုက်ကြောင်း စာလုံးမဲနဲ့ခေါင်းကြီးသတင်းတွေ ဖော်ပြနေရတယ်။
- အပစ်အခတ်ရပ်ဆဲထားတာ ကျိုးပေါက်သွားတာမဟုတ်ကြောင်းနဲ့ “၀” တွေ “ကချင်” တွေအပေါ် စစ်ရေးတိုက်ခိုက် ကျူးကျော်မှုတွေ လုပ်မှာမဟုတ်ကြောင်း
၃ ကြိမ်ထက်မနည်း ကတိတွေပေးနေရတယ်။ (၀ နယ်ကိုတော့ စစ်အင်အား ၃ သောင်းထက်မနည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၀ိုင်းပတ်နေရာယူထားတယ်)
- သတင်းစာထဲမှာ “လောက်ကိုင်မှာသာတဲ့လ” လို “ကိုးကန့်ဒေသ ငြိမ်းချမ်းမြဲ - စိမ်းလန်းစိုပြည် စည်ကားဆဲ” လို ခေါင်းစဉ်မျိုးတွေနဲ့
အမြီးအမောက်မတည့်တဲ့ ဆောင်းပါးတွေ ရေးထည့်ပြီး တနိုင်ငံလုံးသိအောင် ၀ါဒဖြန့်နေရတယ်။
- နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးလက်မခံလို့ အခုလို ဘိန်းပြပြီး စစ်ရေးအရ ဖြေရှင်းလိုက်တာ မဟုတ်ရ ပါကြောင်း
မြောက်ပိုင်းက အပစ်အခတ် ရပ်ထားတဲ့အဖွဲ့ တွေကို လိုက်ရှင်းပြနေရတယ်။
- သူခိုးလူမိဖြစ်သွားလို့ ဘက်စုံ ရှင်း လင်းပွဲတွေ လုပ်နေရတယ်။
- မြန်မာပြည် တောင်ပိုင်းမှာ ကရင်တွေကို အပြုတ်တိုက်ဖို့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေတယ်။ ဒီကေဘီအေ ၀တ်စုံဝတ်
သစ်ခုတ်သမား အယောင်ဆောင်ပြီး ကရင်တော်လှန်ရေးနယ်မြေထဲဝင် ကရင် ကရင် ခြင်း သတ်ခိုင်း နေတယ်။
ကရင် ကရင်ခြင်းသတ်ပြီး ပြန်လာတဲ့ ဒီကေဘီအေ တပ်မှုးကို သံလွင်မြစ်ထဲမှာဖျောင်ခဲ့ဘူးတယ်။
- လောလောဆယ် သတင်းပေါက်ကြားမှုဖြစ်ပွားသွားတဲ့အတွက် ထိုးစစ်ကို ခေတ္တရပ်ထားတယ်။ ကရင်အမျိုးသား အစည်းအရုံးဘက်က
ထိုးစစ်ဆင်လာတော့မယ့် သတင်းရလို့ ဖာပွန်-ကမာမောင်းလမ်းကို ဖြတ်တောက် ပိတ်ဆို့ ထားတယ်။
ဒီလမ်းက တပ်မဟာ ၅ ကို ထိုးစစ်ဆင်မယ်ဆိုရင် အရေးပါတဲ့လမ်းဖြစ်နေတယ် ဒီလမ်းကနေ ထောက်ပို့လုပ်ငန်းတွေသွားမယ်။
တိုက်မယ်ဆိုရင် တိုက်ပွဲကြီးတွေတော့ တိုက်မှာမဟုတ်။ မြောက်ပိုင်းအရေးက ပူပူနွေးနွေးရှိသေးတယ်။
မြောက်ပိုင်းမှာတပ်တွေ စုပုံအောထားရလို့ တိုက်မှာမဟုတ်ဘူးဆိုတဲ့ အမြင်မျိုးဖြစ်ပေါ် လာတဲ့ အချိန်ကို နအဖ စောင့်နေတယ်။
အလစ်အငိုက်မှာ တိုက်လိမ့်မယ်။
- ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ တောင်ပိုင်း ၀ တပ်ဖွဲ့တွေကို ရန်စတာတွေလုပ်နေတယ်။ စစ်တပ်က လားဟူ ပြည်သူ့စစ် ယူနီဖောင်းဝတ်ပြီးကင်းလှည့်တာ ရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်။ ၀ တပ်ဖွဲ့တွေနဲ့ ပြဿနာ တက် ရင် စစ်တပ်က လားဟူ ဘက်ကနေချက်ချင်းအားဖြည့်ပေးမယ်ပြောပြီး ၀ ကို တိုက်ဖို့ လားဟူကို မြှောက်ပေး နေ တယ်။ လားဟူ ပြည်သူ့စစ် တပ်ဖွဲ့မှာ လူအင်အာ ၄၀ ၀န်းကျင်ရှိတယ်။
စစ်တပ်က နောက်ထပ် လူအင်အား ၂၀ နဲ့ လက်နက်ခဲယမ်း တွေ ဖြည့် ထားတယ်။
လူ ၅၀ - ၆၀ လောက်နဲ့ ငါးစာ ချထားတာ ငါးမျှားချိတ်ကို ၀ တပ်ဖွဲ့ တွေ မမြင်ပါစေနဲ့လို့ နအဖ ဆုတောင်းနေတယ်။

- တောင်းပိုင်း ၀ တပ် ဖွဲ့ဟာ ၀ ပြည် တပ်မတော်ရဲ့ အသက်သွေးကြော တခုဖြစ်တယ်။ တရုတ်အစိုးရကို နအဖ က ကပ်နိုင်လိုတရုတ်ပြည်က
ဝ တေပေါ် ဆေးဝါး ရိက္ခာ လက်နက်ခဲယမ်း မကူညီခဲ့ရင် တောင်ပိုင်းဝ နယ်က လိုအပ်ချက်တွေကို ထိုင်းနယ်ထဲကနေ ဖြည့်ဆည်းနိုင်တယ်။
တောင်ပိုင်း ၀ တပ်ဖွဲ့ဟာ ၀ အမျိုးသားတွေနဲ့ ၀ တပ်မတော် အတွက် Logistics ဖြစ်တယ်။ ဒါကြောင့် နအဖ က တောင်ပိုင်းဝ နယ်
ထိုင်းနယ်စပ်တလျောက် မှာ အင်အားတိုးချဲ့ ချထားပြီး ဖြတ်တောက်ဖို့ ကြံနေတယ်။ ထိုးစစ်အရလဲ အရေးပါတယ်။
တောင်ပိုင်းဝနယ်က
လှုပ်ရှားနယ်မြေအရ သေးငယ်တယ် အင်အားနည်းတယ်။ စစ်ဖြစ်ပြီဆိုတာနဲ့ မြောက်ပိုင်းဝနယ်ကို စစ်ရေး အရ ခြိမ်းခြောက်ထားမယ်၊
တောင်မြောက်အဆက်ဖြတ်မယ်၊ တောင်ပိုင်းဝ နယ်ကို သိမ်းမယ် ဆိုတဲ့ စစ်ရေး ကြံစည်ချက် ရှိနေနိုင်တယ်။
- ကိုးကန့် အရေးမှာ သင်ခန်းစာ ရသွားတဲ့ အပစ်အခတ်ရပ်ဆဲရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြလို့
ထင်သလောက် လွယ်ကူမှာမဟုတ်မှန်း နအဖ တွက်ချက်မိနေတယ်။ နအဖ အင်အားတိုးချထားပြီး ဒုတ်ပြ ခဲပြ လုပ်နေတာ
ဝ လူထုက တအိမ်တယောက် စစ်ထဲလိုက်မယ်ဆိုတဲ့ ကတိပေးလိုက်သလို ၀ တပ်မတော် စစ်ဦးစီး အဖွဲ့ကလည်း
အသက်ပေး ကာကွယ်မယ်ဆိုတဲ့အတွက် ရှေ့တလှမ်းတိုးရမလား - နောက် ပြန်ဆုတ်ရမလား ဖြစ်နေ တယ်။
- အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေက မြွေမသေ ဒုတ်မကျိုးလုပ်နေတာ နအဖ အခံရခက်နေတယ်။ နအဖ လက် အောက်ခံ နယ်ခြားစောင့်တပ် လုပ်တာထက်ကချင့်လက်နက် ကချင့်လက်ထဲမှာထားပြီး ကချင်ဒေသ ကိုယ်ပိုင်
အုပ်ချုပ်ရေးတပ်ဘဲ လုပ်မယ် ဆိုတဲ့ ကေအိုင်အိုရဲ့ သဘောထားနဲ့
ကေအိုင်အို မဖျက်ဘဲ ပါတီသစ်တခုဖွဲ့ပြီး ရွေးကောက်ပွဲဝယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် နအဖ အငိုက်မိသွားတယ်။
ဒါကို လတ်တလော ဖြေရှင်းဖို့ မရနိုင် သေးဘူး။ နည်းလမ်းမတွေ့ သေးဘူး။ လတ်တလော မဖြေရှင်းနိုင်ပေမယ့်
မူ အရ နအဖ လုံးဝ လက်မခံနိုင်ဘူး ဆိုတာ သိသာထင်ရှားတယ်။
ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အသုံးအနှုန်းမျိုး နအဖ ရေးဆွဲ ထားတဲ့ ဖွဲ့ စည်းပုံထဲမှာ မပါဘူး။
၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်တုန်းက နေ၀င်းစစ်အုပ်စုရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီးလှဟန်က ဗကပ ကိုယ်စားလှယ်တွေတင်တဲ့
တောင်းဆိုချက်တွေနဲ့ ပက်သက်ပြီး နှစ်လုံးထဲနဲ့ ဘောင်းဘီညပ်ခဲ့ဘူးတယ်။ ဗကပ တောင်းဆိုခဲ့တာက “တိုင်းရင်းသားလူမျိုးစုများအပေါ် စစ်ဆင်နေမှု ရပ်ဆိုင်းရန်”
စစ်အုပ်စု ကိုယ်စားလှယ်က ဘာ တင်ပြလဲဆိုတော့ “တိုင်းရင်းသားလူမျိုးစုများအပေါ်“ လို့ မသုံးပါနဲ့
ဘာကြောင့်လဲ ဆိုတော့ သူတို့နဲ့ ဘတပြန်ကျားတပြန် တိုက်နေရလို့ပါတဲ့။
အခုလည်း “ကချင်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးတပ်” ဆိုတာနဲ့ ပါတ်သက်ပြီး နအဖ ကိုယ်စားလှယ် ဘာတွေပြောရမယ်ဆိုတာ စဉ်းစားနေမှာဖြစ်တယ်။
- ရှေ့ တန်းစစ်မျက်နှာမှာ ပြဿနာသောင်းခြောက်ထောင် တက်နေချိန်မှာ - စစ်နောက်ပိုင်း ဒေသလို့ ပြောလို့ရတဲ့
ရန်ကုန် မန္တလေး ပဲခူး ပခုက္ကူ မုံရွာ မြင်းခြံ စစ်တွေ မော်လမြိုင်မြို့ တွေမှာ မြို့တွင်းလှုပ်ရှားမှုတွေဖြစ်ပေါ်လာနေတော့ နအဖ နောက်ကြောမလုံဖြစ်နေတယ်။
စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး တကျော့ပြန်ဖြစ်လာဖို့ တာစူနေကြသလို၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
လှုပ်ရှားမှုတွေကလည်း အရှိန်တက်လာနေတော့ စစ်နောက်ပိုင်းဒေသတွေမှာလည်း စစ်အင်အားတွေ တိုးချထားနေရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချလိုက်လို့ အနောက်နိုင်ငံတွေက နအဖ အပေါ် အရေးယူမှု မူလီ ထပ်ကြပ် လိုက်တာကို အခံရခက်နေတယ်။
ဒါ့အပြင် ဒီအမှုက ဒီမှာတင် မပြီးဘဲ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး ခုခံ ချေပ ခွင့်တောင်းတာ အယူခံတင်တာ
ရှေ့ နေတွေနဲ့ တွေ့ ဆုံခွင့်တောင်းတာတွေက
သတင်းမီဒီယာတွေ ပေါ် တကျော့ ပြန်တက်လာတော့ နအဖ စိုးရိမ်နေတယ်။ အစကတော့ ကျေးဇူးရှင်ကြီး ယက်တော၊
ခုကျ ဂျိုမွှေတဲ့ ယက်တော တဲ့ နအဖ စစ်အုပ်စုပြောနေပြီ။

နအဖ ဘက်က ရွေးကောက်ပွဲ ဥပဒေနဲ့ နိုင်ငံရေးပါတီ ဥပဒေတွေကို ခုချိန်ထိ မထုတ်ပြန်နိုင်သေးတဲ့အပေါ် အေးလွင့်တို့
အုပ်စုတွေကပါ စိတ်မရှည်တော့ဘူး။
ခပ်တည်တည်နဲ့ဆိုင်းဘုတ်ထောင် ရုံးဖွင့်ပြီး စည်းရုံးနေကြပြီ။ နအဖ ဘက်ကလည်း အနည်းဆုံးတော့ (ဒီချုပ် မပါရင်တောင်) အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေ
တိုင်းရင်းသားတွေ ရွေးကောက်ပွဲဝင်မှ ဖြစ်မယ်ဆိုတဲ့ လျာထားချက်ရှိလေတော့ ငြိမ်းအဖွဲ့တွေကို အရင်ငြိမ်းအောင်လုပ်နေရတယ်။
အခုလို အချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် နိုင်ငံရေးပါတီတခုရဲ့ လွပ်လပ်စွာ စည်းရုံး လှုပ်ရှား ခွင့်တွေကို ခွင့်ပြုဖို့ တောင်းဆိုလိုက်တဲ့အခါမှာ နအဖအတော် မကြေမနပ်ဖြစ်သွားတယ်။ အရှိုက်အထိုးခံလိုက် ရတယ်။ ဒီချုပ်ဘက်က ဒီတောင်းဆိုမှုကို နိုင်ငံရေးတိုက်ကွက်တခုလို တိုးချဲ့လုပ်ကိုင်လာခဲ့ရင်ဆိုတဲ့
စိုးရိမ်ချက် နအဖ မှာ ဖြစ်ပေါ်နေတယ်။ ဒီချုပ်ရဲ့တောင်းဆိုချက်ကို ဆူပူမှုတွေ လုပ်တော့မယ်။ လူထုအုံကြွမှုတွေ ဖြစ်တော့ မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချဖို့ ကြံစည်နေတယ်။
- အုံကြွမှုတွေက တကယ်ဖြစ်လာတော့မယ့် အလားအလာတွေရှိနေပြီ။ ဖြစ်လာဖို့ တာစူနေပြီ။ အခုတခေါက်ဖြစ် လာရင် အရင်လို ထိမ်းနိုင်မှာမဟုတ်ဘူး။
မဖြစ်ခင် ကြိုပြီး ရှင်းပစ်ဖို့ နအဖ အမိန့်ထုတ်ထားတယ်။ တပြည်လုံး စစ်မျက်နှာဖြစ်နေပြီ။ နေရာတိုင်း လက်နက်ကိုင်တွေချထားရတယ်။
တပြည်လုံး လူဖမ်းပွဲတွေ လုပ်နေတယ်။ သံဃာတွေကို ဖမ်းနေတယ်။ ကျောင်းသားတွေကို ဖမ်းနေတယ်။ လောက်လေးဂွ တပ်တွေ ဖွဲ့နေတယ်။
နအဖ အကြောက်ဆုံးက ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ ခေတ်စားလာတဲ့ မြို့ပြပျောက်ကြား အယူအဆနဲ့ မြို့ပြ ပျောက်ကြား လှုပ်ရှားမှု။မြို့ပြပျောက်ကြား မီးဒုတ် ကိုင်လိမ့်မယ်။
မြို့ ပြပျောက်ကြားရဲ့  အဓိက ရည်ရွယ်ချက်က ရန်သူ့နောက်ကျောမှာ လှုပ်ရှားတယ်။
ရန်သူ့စစ်နောက်ပိုင်းဒေသတွေမှာ အဖျက်လုပ်ငန်းတွေလုပ်တယ်။ ရန်သူ့ ပစ္စည်းတွေ ဖျက်ဆီးပစ်တယ်။
ဂိုထောင်တွေ မီးတိုက်ပစ်တယ်။ မော်တော်ယဉ်တွေ မီးရှို့ ပစ်တယ်။
ရန်သူ့ သတင်း ပေးတွေ သစ္စာဖောက်တွေကို ဆုံးမပစ်တယ်။
မြို့ ပြယဉ်ကျေးမှုထဲက မြို့ ပြပျောက်ကြားတွေ ပေါ်ထွက်လာမှာ နအဖ အစွမ်းကုန် ကြောက်နေတယ်။
တွေးလေလေ တစိမ့်စိမ့်ကြောက်လေလေဘဲ။


(သားဆွေ)

0 comments:

Post a Comment