Monday, September 21, 2009

မဲဆောက်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ချီတက်ပွဲ ပြုလုပ်စဉ်


ဘစောတင်

မြန်မာပြည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ရည်စူး၍ သံဃာတော်များ ဦးဆောင်ကာ “ကမ္ဘာ့ငြိမ်းချမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် ယနေ့နံနက်တွင် မဲဆောက်မြို့အ၀င် စစ်ဆေးရေး ဂိတ်မှ ထိုင်း - မြန်မာ ချစ်ကြည်ရေး တံတား အထိ ၅ နာရီကြာ လမ်းလျှောက် ချီတက်ခဲ့ကြကြောင်း သတင်းရရှိသည်။



မဲဆောက်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ချီတက်ပွဲ ပြုလုပ်စဉ်
ယနေ့ နံနက် ၉ နာရီ ၁၅ မှ စတင်ကျင်းပခဲ့သော ငြိမ်းချမ်းရေး ချီတက်ပွဲသည် ကမ္ဘာ့ပြည်သူများကို ငြိမ်းချမ်း စေရေးအတွက် လည်းကောင်း၊ မြန်မာပြည်သူများ ယနေ့ ခံစားနေရသော ဘေးဒုက္ခအပေါင်းမှ လွတ်မြောက်ပြီး ငြိမ်းချမ်းသာယာ စေလိုသောကြောင့် လည်းကောင်း စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင်ကျင်းပသူ အရှင်သောပါက က ဧရာဝတီသို့ မိန့်ကြားသည်။

“ဒီနေ့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဖြစ်တာကြောင့် ကမ္ဘာသူ ကမ္ဘာသား အားလုံးကို ငြိမ်းချမ်းစေချင်သလို ဦးပဉ္ဇင်းတို့ မြန်မာပြည်သူပြည်သားတွေကိုလည်း သောကတွေ ဒုက္ခတွေ ကင်းပျောက်စေချင်တယ်၊ ငြိမ်းချမ်း စေချင်တယ်” ဟူ၍ အရှင်သောပါကက ဆိုသည်။

အဆိုပါ ဦးပဉ္ဇင်း သည် အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင်အဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ အရှင်သောပါက သည် ရွှေဝါရောင် တော်လှန်ရေး မပေါ်ပေါက်မီ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာ သံရုံးရှေ့မှ စတင်ကာ တလတာမျှကြာသော ငြိမ်းချမ်းရေး ခရီးရှည်ကြီးကို ချီတက် ခဲ့ဖူးကြောင်း၊ ထိုစဉ်က မဲဆောက်မြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသဖြင့် ရည်ရွယ်ချက် ပန်းတိုင်အဆုံးထိ မရောက်ခဲ့ကြောင်း၊ ယနေ့တွင် လွန်ခဲ့သော ၂ နှစ်က မဆုံးသေးသည့် ငြိမ်းချမ်းရေး ခရီးရှည် ချီတက်ပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သဖြင့် ၀မ်းသာပီတိဖြစ်ရကြောင်း ဆက်လက် မိန့်သည်။

ယနေ့ ချီတက်ပွဲတွင် ပါဝင်လမ်းလျှောက်ခဲ့သူ တဦးဖြစ်သည့် မဲဆောက်မြို့မှ မြန်မာတိုင်းရင်း သမားတော် ဆရာစိန်ကလည်း “ကျနော်တို့ သူများတိုင်းပြည်မှာ ခိုကပ်နေရပေမယ့် ဒီနေ့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆိုတာကို သိခွင့်ရတယ်၊ မြန်မာပြည်မှာဆိုရင် တနေ့တနေ့ ၀မ်းရေးအတွက် ပူရတာနဲ့ ငြိမ်းချမ်းရေးဆိုတာကို ဘယ်သိ ရမလဲ။ မြန်မာပြည်ကို ဒီဆင်းရဲထဲက အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ်ဗျာ” ဟုပြောသည်။

ယနေ့ ချီတက်ပွဲတွင် မြန်မာအဖွဲ့အစည်းများ ဖြစ်ကြသည့် သာသာနာ့ဦးသျှောင်အဖွဲ့၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အပါအ၀င် ထိုင်းအဖွဲ့ အစည်းများ၊ အမေရိကန်၊ ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ သြစတြေးလျ အစရှိသော နိုင်ငံပေါင်းစုံမှ ငြိမ်းချမ်းရေးလိုလားသူ စုစုပေါင်း ၂၀၀ ကျော်ခန့် ပါဝင် ချီတက်ခဲ့သည်ဟု သိရသည်။

အမျိုးသမီးများ အဖွဲ့ ချုပ် (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး (၂) ဖြစ်သူ စောစံငြိမ်းသူက မြန်မာ အမျိုးသမီးများသည် မြန်မာပြည်အပါအ၀င် ကမ္ဘာသူကမ္ဘာသားအပေါင်းကို ငြိမ်းချမ်းသာယာ စေလိုကြောင်း သို့သော် စစ်အစိုးရ လက်အောက်မှ မြန်မာအမျိုးသမီးများ၏ ဘ၀ကား မငြိမ်းအေးနိုင်သော အနေအထားတွင် ရှင်သန်နေရကြောင်း၊ မြန်မာပြည်သူပြည်သားများ၏ ပူပင်သောကကို ကမ္ဘာသူကမ္ဘာသားများလည်း သိစေလိုကြောင်း ယင်းသို့ သော ရည်ရွယ်ချက်မျိုး ဖြင့် ယခုကဲ့သို့ ပါဝင်ချီတက်ခဲ့ကြောင်းပြောဆိုသည်။

သူက ဆက်လက်၍ “ငြိမ်းချမ်းရေးဆိုတာ ကမ္ဘာ့တနေရာမှာ ရရှိခံစားနေရပေမယ့် တခြား တနေရာမှာတော့ အပူပင်လယ် ဝေနေရတတ်တယ်ဆိုတာကို သိဖို့လိုတယ်။ လူတဦးချင်းစီ ငြိမ်းချမ်းမှ တတိုင်းပြည်လုံး ငြိမ်းချမ်း မယ်၊ တိုင်းပြည်တခုစီငြိမ်းချမ်းမှ ကမ္ဘာကြီးလည်း ငြိမ်းချမ်းသာယာမယ်။ ဒီနေ့ မြန်မာပြည်သူတွေရဲ့ ဘ၀က မငြိမ်းချမ်းနိုင်ဘူး၊ တနေရာမှာ အပူရှိရင် တခြားတနေရာကို အပူတွေကူးစက် တတ်တာမို့ ပူလောင်နေတဲ့ မြန်မာပြည်ကို ငြိမ်းချမ်းရေး ရရှိလာအောင် ၀ိုင်းဝန်းကူညီကြစေ လိုတယ်” ဟုပြောသည်။

ယနေ့ ချီတက်ပွဲပြုလုပ်စဉ် ထိုင်းရဲများက လိုက်လံစောင့်ကြပ်ပေးခဲ့ပြီး တံတားကို ယာယီ ပိတ်ထားလိုက်ကြောင်း သိရသည်။

0 comments:

Post a Comment