Friday, September 30, 2011

Ashin Pyinnar Nanda – အညတရ အကျဉ်းသားရဟန်းတော်များ (၆)၊ ဆရာတော် ဦးရေ၀တ


  • ဘွဲ့ တော် = ဆရာတော် ဦးရေ၀တ
  • မွေးဖွားဇာတိ = ရန်ကုန်တိုင်း၊ တွံတေးမြို့ နယ်၊ ——- ရွာ
  • သီတင်းသုံးရာဌာန = စကုတိုက်၊ — ကျောင်း၊ မန္တလေး
  • ဖမ်းဆီးခံရသည့်ပုဒ်မ = ၅/ည (—-)
  • ချမှတ်ခံရသည့်ထောင်ဒဏ် = (၁၂)နှစ်
  • ပျံလွန်တော်မူသည့်နှစ် = ဇန္န၀ါရီ၊ ၂၉။၁၉၉၉

နိုင်ငံရေးဆောင်ရွက်ချက်များ
ရှစ်လေးလုံးအရေးအခင်းကာလတုန်းက အိမ်တော်ရာစစ်ကြောင်းကိုဦးဆောင်ခဲ့ပြီး မန္တလေးမြို့ လေးပြင်လေးရပ် သံဃာတော်များကိုစုစည်း ကာ သံဃသာမဂ္ဂီအဖွဲ့ကို ဦးစီးတည်ထောင်ခဲ့သူဟာ ဆရာတော် ဦးရေ၀တဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးအခင်းကာလတွေမှာ ဆရာတော်ဦးက၀ိန္ဒ (မစိုးရိမ်တိုက်ဟောင်း) နှင့် အတူတွဲဘက်ပြီး ရဟန်းရှင်လူကျောင်းသားပြည်သူများကိုဦးဆောင်ကာ မဆလတပါတီ အာဏာရှင်စနစ်ကိုပြင်းထန်စွာ ဆန့်ကျင်ခဲ့သူလည်းဖြစ်ပါတယ်။ ဆရာတော်ဦးရေ၀တဟာ အမျိုး ဘာသာ သာသနာတော်အတွက်ရှေ့တန်းကနေ မကြောက်မရွံ့ ဦးဆောင်မှုပေးခဲ့တာကြောင့် ရဟန်းရှင်လူအများရဲ့ကြည်ညိုလေးစားမှုကို ခံခဲ့ရတဲ့ သံဃာ့အာဇာနည်တပါးဖြစ်သလို သံဃာနဲ့ကျောင်းသားများအတွင်း နိုင်ငံရေးသမားများအတွင်း ညီညွတ်ရေးရရှိအောင် ဆောင် ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆရာတော်ဟာ ၁၉၉၀ ခုနှစ်မှာ သံဃမဟာနာယကရွေးချယ်မှုနဲ့ ပတ်သက်ပြီး သံဃာ့အရေးအခင်းတခုကိုလည်း ဦးဆောင်ခဲ့ပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေမှာကျင်းပမည့်အစည်းအဝေးသို့တက်ရောက်ရန်ပြည်နယ်နဲ့တိုင်း သံဃာရွေးချယ်မှုကိုသံဃာတွေရဲ့ ဆန္ဒမပါ ဘဲ စစ်အာရှင်တွေအလိုကျ (ညွှန်ကြားတဲ့အတိုင်း) ရွေးချယ်မှုကိုပြုလုပ်ခဲ့ပါ တယ်။
အခြားပြည်နယ်နဲ့ တိုင်းတွေမှာပြဿနာမဖြစ်ခဲ့ပေမဲ့ မန္တလေးတိုင်း၊ သံဃာ့ကိုယ်စားလှယ်ရွေးချယ်မှုမှာ မိတ္ထီလာက ဆရာတော်တပါးကိုရွေး ချယ်ခဲ့မှုကြောင့်သံဃာထုအတွင်းမှာ မကျေနပ်မှုတွေဖြစ်ပွားခဲ့ရတာပါ။ မန္တလေးတိုင်းအတွက် ရွေးချယ်ထားတဲ့သံဃာ့ကိုယ်စားလှယ်ကိုအသိအမှတ်မပြုကြောင်း၊ သံဃာ့ကိုစားလှယ်တရားဝင်ရွေးချယ်နိုင်ဘို့ တိုင်းသံဃာ့နာယကအဖွဲ့နဲ့ သာသနာရေးဦးစီးဌာနတို့ကိုအကြောင်း ကြားစာတွေပေးပို့ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ဒီကိစ္စနှင့်ပက်သက်ပြီး ဆရာတော်ဦးရေ၀တဦးဆောင်တဲ့ သံဃသာမဂ္ဂီအဖွဲ့ က ဘုရားကြီး အနီးမှာရှိတဲ့ ၄၅ တာကွင်းထဲမှာ ကန့်ကွက်ပွဲပြုလုပ်ခဲ့ပါတယ်။ အခမ်းအနာမှာ ဆရာတော်မိန့်ကြားတာက “ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင် သံဃာ့ကိုယ်စားလည်ရွေးချယ်မှုကို သံဃာတွေကိုယ်တိုင်ရွေးချယ်ကြောင်း၊ အုပ်ချုပ်သူအစိုးရအနေနဲ့ ၀င်ရောက်စွက်ဖက်ခြင်း မရှိဘဲ ပစ္စည်းလေးပါးဖြင့်သာ ပံ့ပိုးကူညီကြောင်း၊ သံဃာထုက နှစ်သက်ကြည်ညိုသူကိုသာ သံဃာ့ဆန္ဒနှင့်အညီ ရွေးချယ်ကြကြောင်း၊ ယခုအခါမှာ န၀တစစ်အစိုးရက ဘာသာရေးကိစ္စများမှာ ၀င်ရောက်စွက်ဖက်နေကြောင်း၊ သံဃာထုအတွင်း သွေးကွဲအောင်နှောက်ယှက်ဖျက် ဆီးနေကြောင်း၊ ဒါကြောင့် သံဃာထုအတွင်း သွေးခွဲအုပ်ချုပ်ခြင်း၊ အာဏာရှင်ဆန်ဆန်ပြုလုပ်နေတာတွေကို ကန့်ကွက်ကြောင်း”ပြောကြား သွားပါတယ်။
အစည်းအဝေးမပြီးခင် မန္တလေးတိုင်းရဲချုပ်နဲ့ စစ်တပ်ထောက်လှမ်းရေးတွေ ကား (၁၂) စီးခန့်နဲ့ရောက်ရှိလာပြီး (၅) မိနစ်အတွင်း လူစုခွဲဖို့ သံဃာတွေကို အမိန့်ပေးပါတယ်။ ဆရာတော်ဦးရေ၀တက “ဒီကိစ္စ မင်းနဲ့မဆိုင် ဘူး။ တာဝန်ယူပြီးဖြေရှင်းနိုင်သူနဲ့သာ စကားပြောမယ်” လို့ တုန့်ပြန်ပြောဆိုတဲ့အတွက် ရဲချုပ်ကပစ်မိန့်ပေးလို့ သံဃာတွေလှုလှုပ်ရွရွ ဖြစ်ကုန်ကြပါတယ်။ နောက်ပိုင်းမန္တလေးတိုင်း အတွင်းရေးမှူး မောင်ပါ ရောက်လာပြီး “ခုသွားတဲ့ သံဃာ့ကိုယ်စားလှယ်ဟာ မန္တလေးတိုင်းကိုကိုယ်စားပြုတဲ့ သံဃာ့ကိုယ်စားလှယ်မဟုတ်ကြောင်းကို အထက်ကိုပြည့်ပြည့်စုံစုံတင်ပြပေးမဲ့အကြောင်း” ၀န်ခံကတိလက်မှတ်ထိုးပေးပါတယ်။ အစည်းအဝေးကြီး ကိုကြွေးကြော်သံများနဲ့ ရုပ်သိမ်း ပြီး အေးအေးချမ်းချမ်းနဲ့ လူစုခွဲခဲ့တာပါ။ ဆရာတော်ဦးရေ၀တဟာ သာသနာတော်အတွက် ရဲဝံ့ပြတ်သားစွာ အာဏာပိုင်တွေကို မကြောက် မရွံ့ ပြောဆိုဆက်ဆံတဲ့ သံဃာ့အာဇာနည် ဆရာတော်ဖြစ်ကြောင်း တွေ့ မြင်ရတာမို့ အင်မတန်လေးစားကြည်ညိုမိပါတယ်။
ပထမအကြိမ် ပတ္တနိကုဇ္ဇနကံဆောင်ခြင်း
၁၉၉၀ ပြည့်နှစ် သြဂုတ်လ (၈) ရက်နေ့မှာ ရှစ်လေးလုံးအထိမ်းအမှတ်နေ့အဖြစ် ၈၄ လမ်း လူထုဒေါ်အမာအိမ်ရှေ့ မှာ ဆွမ်းလောင်းလှူပွဲ လုပ်ပါတယ်။ အဲဒီအချိန်တုန်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က ဆွမ်းလောင်းပွဲပြုလုပ်ပါက အရေးယူမည်ဖြစ် ကြောင်းခြိမ်းခြောက်ခဲ့ပါတယ်။ ခြိမ်းခြောက်နေတဲ့ကြားထဲက ဘဲသံဃာခုနှစ်ထောင်ခန့် ကြွရောက်အလှူခံပါတယ်။ အေးအေးဆေးဆေးဆွမ်း လောင်းပြီး ကုသိုလ်ယူနေချိန်မှာ လက်နက်ကိုင်စစ်သားတွေရောက်လာပြီး လွင့်ထူထားတဲ့ ခွပ်ဒေါင်းအလံကိုဖြုတ်ချပါတယ်။ ရဟန်းတော်တွေကိုလည်းစစ်သားတွေကတွန်းထိုးပုတ်ခတ် နံပါတ်ဒုတ်တွေနဲ့ ရိုက်တာကြောင့် ရုန့်ရင်းဆန်ခတ်ဖြစ်နေချိန်မှာ ကြိုတင်သတိပေးခြင်းမရှိဘဲပစ်ခတ်တာကြောင့် လမ်းမပေါ်မှာသပိတ်တွေကွဲဆွမ်းတွေပြန့်ကျဲခဲ့ရပြီး သံဃာတချို့သွေးစွန်းခဲ့ရပါတယ်။ သေနတ်ထိမှန်တဲ့ ကျောင်းသားတချို့နဲ့ သံဃာတော်တချို့ကို စစ်ကားပေါ်တင်ကာ ဖမ်းဆီးသွားခဲ့ပါတယ်။ သံဃာ (၁၇) ပါးခန့် ပျံလွန်တော်မူပြီး ကျောင်းသား များစွာ ထိခိုက်ဒဏ်ရာရကြပါတယ်။
ရဟန်းသံဃာတော်တွေကို စစ်သားတွေက ရိုင်းရိုင်းပြပြပြုလုပ်တာတွေကြောင့် ဆရာတော်ဦးရေ၀တဦးဆောင်တဲ့ သံဃာတော်တွေဟာ န၀တစစ်အုပ်စုကို ပတ္တနိကုဇ္ဇနကံဆောင်သပိတ်မှောက်ခဲ့ကြပါတယ်။ သပိတ်မှောက်ကံဆောင်မှုကို မန္တလေးကထင်ရှားတဲ့ မစိုးရိမ်ဆရာ တော်ကြီး ဦးကောဝိဒါဘိဝံသ၊ ဆရာတော်ဦးရာဇဓမ္မာဘိဝံသ အစရှိတဲ့ဆရာတော်ကြီးတွေက ထောက်ခံခဲ့ကြသလို ရန်ကုန်မေဒိနီ ဆရာတော် ဦးဉာဏ၀ံသ၊ အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသ၊ တိပိဋကဓရဆရာတော် ဦးသုမင်္ဂလာလင်္ကာရ အစရှိတဲ့ဆရာတော်ကြီး တွေကလည်း ကံဆောင်တာမှန်ကန်ကြောင်း စာတွေထုတ်ပြန်ခဲ့ကြပါတယ်။ သပိတ်မှောက်ကံဆောင်မှုကြောင့် န၀တစစ်အုပ်စုအတွင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ်။ စစ်တပ်အတွင်းမှာလည်း မကျေနပ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ သံဃာတွေက သြဂုတ်လ (၈) ရက်နေ့ ပစ်ခတ်မှုတွေနဲ့ပက်သက်လို့ ရေဒီယို ရုပ်မြင်သံကြားကနေတဆင့် တောင်းပန်ရင် သပိတ်လှန်မည့်အကြောင်း ပြန်ကြားခဲ့ပါတယ်။ န၀တ စစ်အုပ်စုက (၃) ရက်အတွင်း သပိတ်လှန်ရန် သံဃာတွေကိုရာဇသံပေးခဲ့ပါတယ်။ ထိုအချိန်က ဗိုလ်ချုပ်မှူးကြီးစောမောင်က “တပည့်တော် ဓမ္မစက်နဲ့မရရင် အာဏာစက်ကိုသုံးရပါလိမ့်မယ်လို့” မဟာနဆရာတော်ကြီးတွေကိုလျောက်ထားခဲ့သလို ဗိုလ်ခင်ညွှန့်ကလည်း “ရေ၀တဆို တဲ့ကောင်” “ရေ၀တဆိုတဲ့ကောင်နဲ့” ရိုင်းပြစွာ ကြိမ်းမောင်းကြောင်း သတင်းထွက်ခဲ့ပါသေးတယ်။
န၀တစစ်အာဏာရှင်တွေဟာ မိမိအာဏာတည်မြဲရေးအတွက် အ၀ီစိကျချင်ကျပါစေ၊ ဘာဘဲလုပ်ရလုပ်ရလုပ်မယ်ဆိုတဲ့ တယူသန်သဘော ထားတွေကြောင့် မန္တလေးက ဘုန်းကြီးကျောင်းပေါင်း (၃၅၀) ကျော်ကို စစ်တပ်နဲ့ဝိုင်းပြီး ဒလကြမ်းဝင်ရောက်စီးနင်းမှုကြောင့် သံဃာတော် တွေ ရာနဲ့ချီပြီး အဖမ်းခံခဲ့ရသလို ကျောင်းတိုက်ကြီးတွေကိုလည်း ပစ္စည်းလေးပါးမရအောင်ဖြတ်လေးဖြတ်စနစ်နဲ့ ဝိုင်းရံပိတ်ဆို့ထားခဲ့တယ်။ ဆရာတော်ဦးရေ၀တအပါအ၀င် မစိုးရိမ်ဆရာတော်ကြီးများ၊ ရန်ကုန်မှဦးသုမင်္ဂလ၊ ဦးတိလောက၊ မေဒိနီဆရာတော်စတဲ့ဆရာတော်ကြီးတချို့ကိုလည်း ဖမ်းဆီးထိမ်းသိမ်းပြီး အတင်းအဓမ္မလူဝတ်လဲခိုင်းကာ စစ်ခုံရုံးက ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပါတော့တယ်။
ဆရာတော်ဦးရေ၀တကို ထောင်ဒဏ် (၁၂) နှစ်ချမှတ်ပြီး မန္တလေးထောင်မှာထိန်းသိမ်းထားလိုက်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ မန္တလေး မတ္တရာ အိုးဘိုမှာထောင်အသစ်ကိုဆောက်လုပ်ပြီး အကျဉ်းသားတွေ ကိုထောင်အသစ်ကိုပြောင်းရွေ့ခဲ့ပါတယ်။ အင်္ဂတေတောင်မခြောက်သေးတဲ့ ထောင်အသစ်မှာ စိုစွတ်နေတဲ့အင်္ဂတေပေါ်မှာနေထိုင်ရတာကြောင့် ဆရာတော်ဟာ ကျန်းမာရေး တနေ့တခြားဆိုးရွားလာခဲ့ပါတယ်။ အချိန်မှီဆေးကုသပေးခြင်းမရှိတဲ့အပြင် အစားအသောက်ဆင်းရဲမှုတွေကြောင့် တနေ့တခြား စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာတွေ ချွတ်ခြုံကျဆင်းလာပါ တော့တယ်။ ထောင်ထဲမှာ ပျံလွန်တော်မူရင်ပြဿနာဖြစ်နိုင်ကြောင့် ၁၉၉၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ ထောင်ဒဏ်နှစ်မစေ့ဘဲ လွှတ်ပေးခဲ့ပါတယ်။ ဆရာတော်ထောင်ကလွတ်လာတဲ့နောက်ပိုင်း ဒကာ ဒကာမတွေက အကောင်းဆုံးဆေးဝါးတွေနဲ့ ကုသပေး ခဲ့ပေမယ့် ရောဂါကျွမ်းနေပြီဖြစ် တဲ့အတွက် ထောင်ထဲကရခဲ့တဲ့ရောဂါပေါင်းစုံတွေနဲ့ ၁၉၉၉ ခုနှစ်၊ ဇန္န၀ါရလ ၂၉ ရက်နေ့ (သက်တော်- ၅၄ နှစ်)မှာပျံလွန်တော်မူခဲ့ပါတယ်။
မြန်မာပြည်အတွက် တန်ဘိုးမဖြတ်နိုင်တဲ့ သံဃာ့အာဇာနည်တပါးဆုံးရှုံးသွားရတာပါ။ ဆရာတော်ဟာ သက်ရှိထင်ရှားရှိနေစဉ်အတွင်း စစ်အာဏာရှင်တွေကို သတ္တိရှိရှိ ဂုဏ်သိက္ခာရှိရှိရင်ဆိုင်သွားသလို အမျိုး ဘာသာ သာသနာအတွက် အသက်စွန့်ဆောင်ရွက်သွားခဲ့ပါတယ်။ သံဃာ့အာဇာနည် ဆရာတော်ဦးရေ၀တကို ကြည်ညိုလေးမြတ်စွာ ဦးခိုက်လျက်ပါဘုရား။
http://moemaka.com/2011/09/ashin-pyinnar-nanda-%E1%80%A1%E1%80%8A%E1%80%90%E1%80%9B-%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9B%E1%80%9F%E1%80%94%E1%80%B9%E1%80%B8%E1%80%B1/

0 comments:

Post a Comment