ယနေ့
နိုင်ငံရေးလောကတွင် လူတိုင်းပါးစပ်ဖျား၌ ရေပန်းစား နှုတ်တွေ့နေသည့်
အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊
ရေးသားပြောဆိုခွင့် စသည်တို့မှာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုက
မွေးဖွားပေးလိုက်သည်ဟု ဆိုလျှင် မမှားပေ။
သံဃာတော်များ ဦးဆောင်သည့်
ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း ၂၀၀၈ မတ်လတွင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲပေးမည်ဟု တရားဝင်ပြောဆို ခဲ့ရသည်။ ၂၀၀၈
မေလတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူအများ သေကြေနေသည့် ကြားမှ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့ပြီး တရားမျှတမှု မရှိသော ၂၀၁၀
ရွေးကောက်ပွဲကို ကျင်းပကာ မဲမသမာမှုများဖြင့် အနိုင်ယူခဲ့သည့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်ရှိ အာဏာ ရနေခြင်းသည် ပင်လျှင် ၂၀၀၇
ရွှေဝါရောင်လှုပ်ရှားမှု၏ ကျေးဇူးကြောင့်ပင်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အရပ်သားအစိုးရ
ဝန်ကြီးနှင့် တွေ့ဆုံခဲ့ရုံမက သမ္မတ ဦးသိန်းစိန်နှင့်ပင်
တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကာ ရလဒ်ကောင်းများကို မျှော်လင့် နိုင်ခဲ့သည့်
အနေအထား ဖြစ်ခဲ့သည်မှာလည်း ရွှေဝါရောင်လှုပ်ရှားမှု၏ အရင်းပြု အနာခံခဲ့သော
ရလဒ်ဟုပင် ဆိုရပေလိမ့်မည်။
ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်တာကာလ
အထိမ်းအမှတ်အဖြစ် ယမန်နေ့က လူ ၂၀၀ လမ်းပေါ် ထွက်လာခဲ့သည်။ ထိုသူတို့က
လမ်းပေါ်တွင် ငြိမ်းချမ်းစွာဖြင့် ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်ခဲ့သည်။
ဆိုင်းဘုတ်မထောင်၊ အော်ဟစ်ခြင်း မရှိဘဲ စည်းကမ်းသေဝပ်စွာ
လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။ အာဏာပိုင်များဘက်က အဖမ်းအဆီးမရှိဘဲ
နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ခြင်းက ကောင်းသည့်
အလားအလာဟု ဆိုရပေမည်။
သို့ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို
ဆူပူသောင်းကျန်းခြင်းနှင့် မကွဲပြားသူများ ရှိနေသေးသည်။ ဒီမိုကရေစီ
ဖော်ဆောင် လိုသည့် နိုင်ငံတနိုင်ငံတွင် နေထိုင်သူများအနေဖြင့် မိမိတို့
ဆန္ဒကို လွတ်လပ်ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့် ရှိရမည်ဆိုသည့် အချက်ကို ၂၀၀၈
အခြေခံဥပဒေထဲတွင်လည်း မြင်တွေ့နိုင်ပါသည်။
စက်တင်ဘာ ၂၆ ရက်နေ့က
လမ်းလျှောက်ဆန္ဒ ထုတ်ဖော် သူများထဲတွင် အများစုမှာ ယုံကြည်ချက်ကြောင့်
အကျဉ်းချ ခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ ဖြစ်သည်။
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလက အဖမ်းအဆီးခံခဲ့ရသူတို့၏
မိသားစုဝင်များလည်း ပါသည်။ ထိုသူတို့မှာ ၎င်းတို့၏ မိသားစုဝင်များ
လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်းသာ ဖြစ်သည်။ ထိုအချက်ကို
ဆူပူသောင်းကျန်းသည်ဟု မယူဆဘဲ လက်ခံကြရပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမည် ဆိုပါက
ယခင်သွားနေသည့် လမ်းဟောင်း၊ သံသရာ ဟောင်းထဲတွင်သာ တဝဲလည်လည်
ဖြစ်နေပေလိမ့်မည်။
ယခု လူအများလိုလားနေသည့် အသွင်ကူးပြောင်းရေးကို
ဖော်ဆောင်လိုလျှင် တရားမျှတစွာ စဉ်းစားဆုံးဖြတ်နိုင်ရမည်။ အမျိုးသား
ပြန်လည် ရင်ကြားစေ့ရေးကို အထောက်အကူပြုရန် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်
ဖမ်းဆီးထားသည့် သံဃာများ၊ သီလရင်များ၊ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်
ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို
ခြွင်းချက်မရှိ လွှတ်ပေးရမည်။
ယမန်နေ့က ဆန္ဒထုတ်ဖော်လမ်းလျှောက်
သူတို့မှာ တရားမျှတမှုကိုသာ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဒီမိုကရေစီ အသွင်
ကူးပြောင်းရေးကို ခြေလှမ်းလိုလျှင် ထိုအသွင်ကူးပြောင်းရေးအတွက်
အဆင်ပြေချောမွေ့စေရန် လမ်းစဖော်ပေးဖို့ လိုသည်။ အနစ်နာခံခဲ့သူတို့ကို မမေ့
မလျော့စေရေး၊ မတရား အဖိနှိပ်ခံခဲ့ရသူတို့ကို သတိရစေရေး၊ တရားမျှတမှုကို
တောင်းဆို ပိုင်ခွင့် ရှိရေးအတွက် နေရာနှင့် အခွင့်အရေးတို့ကို
အသိအမှတ်ပြုရန် အရေးကြီးသည်။ မတရား ကျူးလွန် ခံခဲ့ရသော လူများ၏ ဒုက္ခကို
ဖြေသိမ့်ပေးနိုင်မည့် လမ်းစ ရှာဖွေပေးရပေလိမ့်မည်။
ရွှေဝါရောင် ၎
နှစ်ပြည့် နှစ်ပတ်လည်ကာလသည် အသွင်ကူးပြောင်းရေးနှင့် တရားမျှတရေးအတွက်
အသင့်တော်ဆုံး အချိန်ဟု ဆိုချင်ပါသည်။ ဒီမိုကရေစီ ခြေလှမ်းကို
စမည့်အချိန်တွင် အနစ်နာခံခဲ့သူများအား ချန်မထားသင့်ပေ။ အကျဉ်းချ ခံထားရသည့်
နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးခြင်းသည်သာ
အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် လမ်းကြောင်းမှန်ဟု ဆိုနိုင်မည်
ဖြစ်သည်။
သို့မှာသာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူများ
ခံစားခဲ့ရသော နာကျင်မှုများအတွက် နားလည်စာနာမှုနှင့် အသိအမှတ် ပြုပေးရာ
ရောက်မည့်အပြင်၊ နှစ်ဦးနှစ်ဘက်ကြားမှ အာဃာတများ
လျော့ပါးနိုင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ ။
Tuesday, September 27, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment