Friday, September 30, 2011

သူတို့ရနေတဲ့ ဒီမိုကရေစီ

လွှတ်တော် အမတ်တွေ ဒီမိုကရေစီ ရရှိနေပြီဖြစ်ပြီး ရင်းနှီးမတည်ထားရတဲ့ ကျပ်ငွေ ငါးသိန်း နဲ့ ထိုက်တောင်အောင်၊ လွှတ်တော်နဲ့ အံဝင်ခွင်ကျ ဖြစ် အောင် လွှတ်တော်ထဲကအမတ်မင်းအတော်များများ အတော့်ကိုတက်တက်ကြွကြွနဲ့ လုပ်ကိုင်နေကြတာကို လွှတ်တော်ရေးရာတွေကို မလှမ်းမကမ်းမှ စောင့်ကြည့်အကဲခတ်နေသူတယောက်က ပြောပါတယ်။   
အဆိုပါ အကဲခတ်က ဆက်လက်ပြီး ...  အတိုက်အခံပါတီဖြစ်တဲ့ NDF လွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုး ဆိုရင် စက်သုံးဆီ မှောင်ခို ရောင်းဝယ်မှုနှင့် ပတ်သက်သည့် မေးခွန်း ကို စွမ်းအင်ဝန်ကြီးအား လွှတ်တော်ထဲမှာ စိတ်ပါလက်ပါ မေးမြန်းခဲ့ဖူးကြောင်း၊ ဆည်မြောင်း ၀န်ကြီးဌေးဦး ရဲ့ စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်ရေးအဆိုကို  လွှတ်တော်ထဲမှာ စိတ်ပါလက်ပါ ထောက်ခံခဲ့ဖူးကြောင်းတွေကိုပြောပြပါတယ်။
 မသိလို့ပဲဖြစ်ဖြစ် သိသိချည်းပဲဖြစ်ဖြစ် မေးခွန်းတွေကို လွှတ်တော်မှာ လွပ်လွပ်လပ်လပ် မေးလို့ရနေပြီဖြစ်ကြောင်းနဲ့ အဆိုပြုချက်တွေကို လွပ်လွပ် လပ်လပ် ထောက်ခံခွင့် ရနေပြီဖြစ်ကြောင်း၊ လွှတ်တော်အမတ်တွေ ဒီမိုကရေစီရနေပြီဖြစ်ကြောင်း၊ သူကတော့ ဗယာကြော်အရောင်းမပျက်ကြောင်း သို့သော် အတိုက်အခံအမတ်မင်းအနေနဲ့ ဘာဖြစ်လို့ အစိုးရရဲ့ အဆိုတွေကို လိုက်ပြီးထောက်ခံနေရတာ သူ့အနေနဲ့ နားမလည်ပါကြောင်း၊ လွှတ်တော် ထဲတွင် အတိုက်အခံပါတီများအပြင် အထောက်အခံပါတီများပါ ရှိနေနိုင်ကြောင်း၊ သူသည်နိုင်ငံရေးသမားမဟုတ်ရပါကြောင်း၊ သတင်းစာနေ့တိုင်း ဖတ်ပါကြောင်း၊ ဖတ်ပြီးသတင်းစာစက္ကူများ ဗယာကြော်တွေ ထုပ်လို့ရပါကြောင်း၊ အလေးအပေါ့သွားရာတွင်လည်း အဆိုပါသတင်းစာစက္ကူများ အလွန်အသုံးဝင်ပါကြောင်း၊ လွှတ်တော်အနီးအနားတွင် ဗယာကြော်ရောင်းရင်း လွှတ်တော်ကိုတစေ့တစောင်း လေ့လာနေတာသာဖြစ်ကြောင်း လူတွေ့မေးမြန်းရာတွင် အဆိုပါ ပုဂ္ဂိုလ်က အိန္ဒိယကုလားများပြောလေ့ရှိသည့် လေယူလေသိမ်းဖြင့် ရိုက်စားဂျာနယ်ကို ကျိန်တွယ် ပြောကြား သွားပါ တယ်။ (အာဒေး .... အားကို .... ကာလားနော်.. ကာလား ကျိန်ပြောရဲဒယ်... ကာလား ဗယာ့ကြော်ရောင်းတယ် ... ကာလားနော် ကာလား လွှတ်ဒေါ် ကို ကာလား လေ့လာတယ်...........အာကိုနော် ....ရိုက်စားတယ် ...........ကာလားနော် ရိုက်မစားဘူး ... ကာလား ဗယာကြော်ပဲ လုံးစားတယ်....)           

လွှတ်တော်အမတ်တွေ ဘယ်လိုဒီမိုကရေစီမျိုးရနေပြီလဲဆိုတဲ့မေးခွန်းကိုတော့ အအေးပုလင်းတွေ ရေသန့် တွေ ဖော့ဘူးထဲ ထည့်ရောင်းနေသည့် ခေတ်သစ်ရေခဲရည်သည် ကိုရေချမ်းက အခုလိုပြောပါတယ်။ “အမတ်တွေက ဆွေးနွေးချင်တာ တင်ပြချင်တာရှိရင် လွှတ်တော်ကို ကြိုတင် တင်ပြရတယ်အကို၊ ကြိုပြီးတင်ပြမှ ပြောခွင့် ဆွေးနွေးခွင့်ရှိတယ်၊ အဲဒါ ကျနော့်ရေခဲရေဆိုင်ဘေးမှာ ဘေထုပ်ရောင်းတဲ့လူက ဘယ်လိုပြောလဲဆိုတော့ သူတို့ရနေတဲ့ဒီမိုကရေစီက ကြိုတင်ဒီမိုကရေစီ လေကွာတဲ့။

အစိုးရလုပ်နေတဲ့အပြောင်းအလဲ

အစိုးရသစ်ဟာ အပြောင်းအလဲတွေ လုပ်ဖို့ဆန္ဒရှိနေကြောင်း လုပ်လည်းလုပ်နေကြောင်း ပြပါတယ်။ ဘယ်လိုပြသလဲဆိုတော့ ... ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တဖန်ပြန်ပေးတွေ့တာက အစ၊ ၊ သတင်းစာထဲက မဟုတ်တမ်းတရားကြွေးကြော်သံတွေ ဖြုတ်ပေး လိုက် တာက အလယ် နဲ့ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် - သိန်းစိန် တွေ့ဆုံခဲ့တာ အဆုံး တိုးတက်မှုတွေအဖြစ် ဖော်ဆောင်နေတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲလို့ သာကေတနေ ချဲထိုင်ကိုင်သူတယောက်ကို မေးကြည့်ရာ... အဆိုပါ ချဲရော၊ နှစ်လုံးထီပါ လက်လီလက်ကား ရောင်းနေသူက .... “သူတို့လုပ်နေတာ ပြဇာတ်တပုဒ်ကနေသလိုပဲခင်ဗျ၊ မပြီးခင် ဗမာမမြင်စေနဲ့လို့တော့ ကျနော်ပြောချင်ပါတယ်၊ ငွေရောင်ပိတ်ကား ပေါ်မှာ ဆက်လက်ရှူစားဖို့ပဲ ပြောချင်တယ်ဗျာ .. ဒီလောက်ပါပဲ.... အခု စကားပြောနေရတာကိုက ကျနော် နေ့တွက်လျော့တယ်.. ပြောရင်းဆိုရင်း .. ဟိုမှာ နှစ်လုံးထီထိုးမယ့်ဖောက်သည်လာနေပြီ  ... သွားတော့မယ် ...။” ဟုပြောပြီးဖုန်းချသွားပါတယ်။      


ပြဇာတ်ကြိုက်သူ

အစိုးရအပြောင်းအလဲတွေကို စိတ်ရှည်လက်ရှည်ထိုင်စောင့်ရင်း ပလာတာရိုက်နေသည့် လက်ဖက်ရည်ဆိုင်မှ မုန့်ဖုတ်ဆရာ ကိုအညာသား က .... “ကျနော့်အမြင်ပြောရရင်တော့ ကျနော်က ဇာတ်တွေ အငြိမ့်တွေ ကြိုက်တယ်ဗျ၊ ရွာမှာတုန်းကဆို လာသမျှဇာတ် မလွတ်စေရဘူး ..ညလုံးပေါက်ရှေ့ ဆုံးကနေ ထိုင်ကြည့်တာ... မိုးလင်းလို့ ဇာတ်ပွဲပြီးသွားပြီဆို ကျနော့်မှာ အားမလိုအားမရ ဖြစ်ကျန်ခဲ့တာ၊ ဆက်ကြည့်ချင်သေးတယ်... ကျနော်က ဇာတ်ဆို နေ့ရောညရော မနားတမ်းထိုင်ကြည့်ချင်တာ ..... အခု အစိုးရ ကနေတဲ့ ဇာတ်က ကျနော့်စိတ်ကြိုက်ပဲ....  ရသေ့ရှစ်သောင်းဇာတ် ဆိုတော တော်တော်နဲ့ မပြီးနိုင်ဘူး” ဟု ပြောပါတယ်။ 

နွားနို့သည်

NLD ပါတီမှတ်တင်မှာလားဆိုသည့်မေးခွန်းကိုတော့ ရန်ကုန်မှာနွားနို့ရောင်းသည့် နွားနို့သည်က အခုလိုပြောပါတယ်။ ... “ကျနော် နွားနို့ရောင်း တယ်နော်. ... ကျနော် ရေမရောဘူး. ... ကျနော် ရေရောတယ်နော် ကျနော် နွားနို့မရောဘူး .. ကျနော်တမျိုးတမျိုးပဲရောတယ်... နှစ်မျိုးမရောဘူး .. အခု ကျနော် ရေထဲကို နွားနို့ရောတယ်နော် ... ကျနော် နွားနို့ထဲရေမရောဘူး ... တခြားနို့သည်တွေနော် .. နွားနို့ထဲရေရောတယ်.... အဲဒီလိုပဲနော .. အကျဉ်းသားတွေမလွှတ် ပါတီမှတ်ပုံမတင်ဘူး၊ ပါတီမှတ်ပုံမတင်ဘူးနော် အကျဉ်းသားတွေမလွှတ်ဘူး .. တမျိုးတမျိုးပဲလုပ်မယ်နော် ... နှစ်မျိုး မလုပ်နိုင်ဘူး” ဟု သူ့အမြင်ကို ရဲရဲရင့်ရင့် ဖြေကြားသွားပါတယ်။ 


သတင်းထောက် မောင်ပေါက်ကျိုင်း - ရိုက်စားဂျာနယ်

0 comments:

Post a Comment