သဘာဝပတ်ဝန်းကျင်ကို တည်မှီရှင်သန်နေရတဲ့ လူသားတိုင်း Ecosystem လို့ ခေါ်တဲ့ ဂေဟစနစ်ကိုလဲ
သိထားသင့်ပါတယ်။ အပင်နှင့် သတ္တ၀ါတို့ အချင်းချင်း တည်မှီဆက်စပ်ပြီး
အပြန်အလှန် အကျိုးပြုနေတာကို ဂေဟစနစ်လို့ ခေါ်ပါတယ်။ ဒါကြောင့် သစ်ပင်ရယ်၊
သားငှက်တိရစ္ဆာန်လေးတွေရယ်၊ လူတွေရယ် တဖက်ဖက်က ဖောက်ပြန်သွားရင် အဲဒီနေရာက
ဂေဟစနစ်ဟာလဲ ပျက်စီးသွားပါတယ်။
သစ်ပင် သစ်တောတွေဟာ မြေဆီလွှာထိန်းသိမ်းမှုအနေနဲ့ လူသားတွေကို
အကျိုးပြုပေးသလို ရာသီဥတုကိုလည်း ပြုပြင်ပေးပါတယ်။
ဘယ်လိုပြုပြင်ပေးလဲဆိုတော့ သူတို့ဟာ သက်ရှိတွေကို အန္တရာယ်ပေးနိုင်တဲ့
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့(CO2)ကို သူတို့ရဲ့ အစာအတွက်
စုပ်ယူစားသောက်ပြီး သက်ရှိတွေလိုအပ်တဲ့ အောက်ဆီဂျင်ကို
ပြန်လည်စွန့်ထုတ်ပေးပါတယ်။ ခြောက်သွေ့တဲ့ရာသီတွေမှာ ရေငွေ့ကို
သိုမှီးပေးပါတယ်။ သန့်စင်တဲ့ ရေရအောင် စစ်ထုတ်ပေးပါတယ်။ ဒါဟာ
သက်ရှိသတ္တ၀ါတွေကြောင့် ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းမှု Pollution တွေဟာ သစ်ပင်တွေကြောင့် မပျက်မစီးနိုင်ခြင်း အကျိုးရလဒ်ပါပဲ။
အကယ်၍သာ သစ်ပင်သစ်တောတွေကို ခုတ်ထွင်လိုက်လို့
အစိမ်းရောင်ကွက်လပ်တွေ လျော့နည်းလာပြီဆိုရင် လူသားတွေရဲ့ စက်ရုံစတာတွေက
ထုတ်လွှတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့Green House Gas
အာနိသင်ကြောင့် ပူနွေးမှုကို ပထမဆုံးခံစားရမယ်။ ဒုတိယအနေနဲ့
လူသားတွေစွန့်ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူမယ့်အရာတွေ
လျော့နည်းသွားမယ်။ ဒီအခါမှာ လေထုညစ်ညမ်းမှု Air Pollution
တစ်ခုကို စတင် တွေ့ရပါမယ်။ လေထုညစ်ညမ်းတဲ့အတွက် အဲဒီအရပ်မှာ
မိုးရွာသွန်းရင်တောင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပါဝင်တဲ့
မိုးရေကျဆင်းလာမှု ပိုမို များပြားလာမယ်။ အဲဒီလို အပေါ်ယံ ရေထုညစ်ညမ်းမှုဟာ
ဆယ်စုနှစ်တစ်ခု အတွင်းမြေအောက်ရေညစ်ညမ်းမှုကိုပါ ဖြစ်စေနိုင်ပါတယ်။
အာဆင်းနစ်ဓာတ်ပါဝင်တဲ့ ရေဟာ သောက်သုံးသူကို အန္တရာယ်ဖြစ်စေပါတယ်။
နောက်ထပ်အကျိုးဆက်အနေနဲ့ ဇီဝသတ္တ၀ါအချို့ ဆုံးရှုံးပါမယ်။
ခိုနားရာနှင့် အောက်ဆီဂျင်မလုံလောက်တဲ့အတွက် သတ္တ၀ါမျိုးစိတ်အချို့
ပေါက်ဖွားမှု နေထိုင်မှု လျော့နည်းသွားပါတယ်။ အဲဒီအခါ သတ္တ၀ါတွေရဲ့ အကူအညီနဲ့
လုပ်ဆောင်ရတဲ့ လူသားတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ
မြေဆီသြဇာလျော့နည်းခြင်း၊ ၀တ်မှုံပေါင်းကူးခြင်းတွေပျက်စီးနိုင်ပါတယ်။
သစ်ပင်သစ်တောတွေဟာ မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေသလို မိုးရွာသွန်းမှုကြောင့်
ရေတိုက်စားမှုဖြစ်ပေါ်တဲ့အခါ မြေဆီလွှာကို သစ်တောတွေက
ထိန်းသိမ်းတားဆီးပေးပါတယ်။ စိုက်ပျိုးရေးအတွက် မဖြစ်မနေလိုအပ်တဲ့အတွက်
မြေဆီလွှာထိန်းသိမ်းရေးဟာ လူသားတို့အတွက် အရေးပါလှပါတယ်။
မြန်မာနိုင်ငံတွင် သစ်တောမြေဧကပေါင်း ၈၄.၉၅ သန်းကျော်၊
ဒီရေတော ဧကပေါင်း တစ်သန်းကျော် ရှိသည်ဟု သိရပါသည်။ အိန္ဒိယနိုင်ငံတွင်
သစ်တောပြုန်းတီးမှုကြောင့် ကန္တာရရာသီဥတုကို စတင် ခံစားနေရပါပြီ။
နေရဉ္ဇရာမြစ်သည် မိုးရောနွေပါ သဲပြင်ချည်းသာ ဖြစ်နေတော့သည်။ နာမည်ကြီး
ဂင်္ဂါမြစ်၊ အစိရ၀တီမြစ်တို့သည် မြန်မာနိုင်ငံရှိ ချောင်းငယ်မျှလောက်ပင်
ရေစီးဆင်းမှု မရှိတော့ပေ။ ထို့ကြောင့် မြစ်တွင်းရေထုညစ်ညမ်းလာသည်။
ရေထုညစ်ညမ်းမှုကြောင့် ရေနေသတ္တ၀ါများ ရှင်သန်ပေါက်ဖွားမှုလည်း မရှိသလောက်
ဖြစ်သွားပါပြီ။ သောက်သုံးမှုအတွက်ရော စိုက်ပျိုးမှုအတွက်ပါ မြေအောက်ရေကို
စတင်ထုတ်ယူနေကြရပါပြီ။ ထိုမြေအောက်ရေသည် သန်းတစ်ထောင်ကျော်သော
အိန္ဒိယသားတို့ကို နှစ်ပေါင်းမည်မျှ ပေးနိုင်မည်နည်း။ အိန္ဒိယ၏
ဂေဟစနစ်ပျက်စီးမှုက တွေးကြည့်လျှင် ရင်လေးစရာ ကောင်းလှသည်။
မြန်မာနိုင်ငံတွင်ကား သစ်တောများ ရှိနေခြင်းကြောင့်
အိမ်နီးချင်းအိန္ဒိယနိုင်ငံထက် မိုးရွာသွန်းမှု များပြားပါသည်။ ထို့ကြောင့်
စိုက်ပျိုးရေးအတွက် မြေအောက်ရေထုတ်ယူသုံးစွဲမှု မရှိသလောက်
ဖြစ်နေဆဲပင်ရှိသေးသည်။ ဒီရေတောများရှိနေခြင်းကြောင့် ပင်လယ်ဆားငန်ရေ
ဝင်ရောက်မှုကို တားမြစ်နိုင်သည်။ ထို့ကြောင့် ပင်လယ်ဝမြစ်ဝကျွန်းပေါ်ဒေသ
နုန်းတင်မြေနုများပေါ်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်နိုင်နေသည်။
ဧရာဝတီ၏ရေစီးကြောင်း မှန်နေသေးခြင်းကြောင့် ငါးများလည်း ပုံမှန်
ရွှေ့ပြောင်းသားပေါက်နိုင်ကာ ငါးဖမ်းလုပ်ငန်းများလည်း လုပ်နိုင်သေးသည်။
သံလွင်မြစ်တွင် ငါးမျိုးစိတ်ပေါင်း ၁၄၃ မျိုးရှိပြီး
ယင်းတို့အနက် ၄၇ မျိုးမှာ ရှားပါးမျိုးစိတ်များဖြစ်ကြောင်း သိရပါသည်။
ဧရာဝတီမြစ်၊ မေခ၊ အင်မိုင်ခမြစ်တို့သည် ကမ္ဘာကြီး၏ ဇီဝသတ္တမျိုးကွဲ
အစုံလင်ဆုံး နေရာ ၂-ခုကြား (အိန္ဒိယ-မြန်မာဒေသနှင့် တရုတ်နိုင်ငံ အလယ်-တောင်ပိုင်းဒေသ)
တွင် တည်ရှိနေပြီး၊ ကမ္ဘာကြီး၏ ဂေဟဗေဒစနစ်အရ အရေးပါ သည့်နေရာတွင်
ရှိနေပါသည်။ ဤဒေသများတွင် အနည်းဆုံး အပင်မျိုးစိတ်ပေါင်း ၁,၅၀၀
ကျော်တည်ရှိနေပြီး၊ ရှားပါးမျိုးနွယ်အများစု၏ ၇၀% သည် ဤဒေသကို အခြေခံ၍
ပေါက်ဖွားလာသော မျိုးစိတ်များ ဖြစ်ကြပါသည်။ အထူးရှားပါးနေပြီဖြစ်သော ဧရာဝတီ
ရေချိုလင်းပိုင်ငါးကြီးများ (Orcaella brevirostris) သည်လည်း ကမ္ဘာပေါ်တွင်
ရှားပါးနေပြီဖြစ်သည့် ရေချိုလင်းပိုင်ငါးကြီး ၄ မျိုးအနက် တမျိုးဖြစ်ပါသည်။
အကယ်၍သာ ဧရာဝတီ၏ပုံမှန်ရေစီးကြောင်းကို တုံ့နှေးသွားစေလျှင်
ဧရာဝတီ၏ ဂေဟဗေဒစနစ် ပျက်စီးမှုအဖြစ် ပင်လယ်တွင်းမှ ဆားငန်ရေများ ၀င်ရောက်မှု
အင်အားလည်း တိုးလာနိုင်ခြင်း၊ ဒီရေတောများ ပျက်စီးလာနိုင်ခြင်း၊
ဒီရေတောများပျက်စီးခြင်းကြောင့် မြစ်ဝကျွန်းပေါ်စိုက်ပျိုးရေးလုပ်ငန်းကို
ထိခိုက်လာနိုင်ခြင်း၊ မြစ်တွင်းငါးများ သားပေါက်ရာ လမ်းကြောင်းပျောက်သဖြင့်
ငါးမျိုးစိတ်အချို့ ပျောက်ကွယ်သွားနိုင်ခြင်း၊ ကမ္ဘာ့ရှားပါးဖြစ်သည့်
ဧရာဝတီလင်းပိုင်များ ပျောက်ကွယ်သွားနိုင်ခြင်းတို့ကို တွေးတောရင်း
ဂေဟဗေဒစနစ်အရေးပါပုံကို သူငယ်ချင်းများအား တင်ဆက်လိုက်ပါသည်။
<>-----------------------------------------------------------------------------------<>
Living in the Environment - ကို မှီငြမ်းလျက် စိတ်ကူးချဲ့ထွင်လိုက်ပါသည်။ (ဆန်းစုနိုင်)
Thursday, September 22, 2011
ဂေဟစနစ် မပျက်ဆီးခင်ဝိုင်းဝန်းကာကွယ်ကြ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment