တော်သလင်းလပြည့်၊
စက်တင်ဘာ ၂၉တွင် ကျင်းပသော
မိတ်ဆွေကောင်းစာကြည့်တိုက်
ဆရာတော် အရှင်ဣဿရိယ ၏ ၃၆ နှစ်မြောက်မွေးနေ့ပွဲ
ကဗျာပြိုင်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ကြသော
ကျောင်းသား၊ ကျောင်းသူများ၏ ကဗျာများစုစည်းမှု
ကျောင်းသားအကြီးများ ၏ ကဗျာများ
ကဗျာအမည် ယှဉ်ပြိုင်သူ
၁။ လူဖြစ်ရတဲ့ရည်ရွယ်ချက် မောင်တင်မောင်ဆွေ ( The Best Friend Library)
၂။ ဧရာဝတီ ငိုချင်း မတီနန်း
(T.N) (မယ်တောင်)
၃။ အလင်းရှာသူ မောင်စည်သူပိုင် (The Best Friend Library)
၎။ လျှောက်လှမ်းကြစို့ ငြိမ်းချမ်းမှုဆီ မောင်မျိုးဝင်းအောင် (စစ်စဘန်း)
၅။ ရော်ရွက်မျက်ရည် မောင်စကြာ (The Best Friend Library)
၆။ အပြုံးတစ်ချက် နော်ဟဲအဲ (မင်းမဟော်)
၇။ လူလောက နန်းပန်းဝတ်ရည်မင်း (မင်းမဟော်)
၈။ ငါနဲ့ငါ့ရဲ့တိုက်ပွဲ မောင်ဥက္ကာဦး (မင်းမဟော်)
၉။ ဓမ္မဂုဏ်ရည် မောင်မျိုးမင်းစိုး (ချန်ပီယံစက်ရုံ)
လူဖြစ်ရတဲ့ရည်ရွယ်ချက်
၁။ အူဝဲ . . . အူဝဲ၊ သံကုန်ဟဲ၍
တခဏတာ၊
လူပြည်ရွာကို
တိုးဝှေ့ဝင်ရောက်၊
လူဖြစ်မြောက်ခဲ့။
ရှင်တော်ဗုဒ္ဓ၊
ဆုံးမရာဝယ်
မနုဿဘာ၊
လူဖြစ်ရာမှာ
အလည်ခဏ၊
ဒုလ္လဘတဲ့။
ဒါကို
ပိုင်ပိုင်၊ သင်ကိုယ်တိုင်က
သိလော့
သိလော့ . . . ။
၂။ ရောက်လာခဏ၊ လူဘ၀မှာ
လူဖြစ်ကျိုးနပ်၊
လူဖြစ်မြတ်အောင်
ကိုယ်ပိုင်ဆုံးဖြတ်၊
ရည်မှန်းချက်အား
သင့်မှာခိုင်ခိုင်၊
သင်ကိုယ်တိုင်က
ရှိလော့
ရှိလော့ . . .။
၃။ လူတွေကျင့်အပ်၊
တရားမြတ်လည်း
သင့်မှာမရှိ၊ သင်မသိလျှင်- -
လူတွေသင်အပ်၊ ပညာရပ်လည်း
ဘာမျှမခက်၊ သင်မတတ်လျှင် - -
လူတွေရှာအပ်၊ ပညာရပ်လည်း
ဘာမျှမဖက်၊ သင်မထက်လျှင် - -
“ငါလိုလူသား၊ အဘယ်ငြားသို့”
သင့်အားကိုယ်တိုင်၊ တိုင်တိုင်ပင်ပင်
တွေးလော့ တွေးလော့ . . .။
၎။ လူလောကလယ်၊ လူဘုံကျယ်မှာ
လူအများကျိုး၊ တိုင်းပြည်ကျိုးကို
တစ်ခုမထမ်း၊ မကြိုးပမ်းဘဲ
ဘယ်သူသေသေ၊ ငတေမာလည်း
ငတေသေတော့၊ ဘယ်သူလာမလဲ
နာမည်လည်းသေ၊ လူလည်းသေမို့
လူဖြစ်ခဏ၊ လူဘ၀တွင်
လူလည်းမဆန်၊ တိရစ္ဆာန်လား
ကိုယ်တိုင်တဖန်၊ မေးခွန်းပြန်ခါ
မေးလော့ မေးလော့ . . .။
၅။ ဤနည်းမတူ၊ လူတစ်လူကား
သူ့မှာပညာ၊ ပြည့်စုံဖြာသော်
လူများကိုမျှ၊ ပေးဝေငှသူ
လူအများကျိုး၊ တိုင်းပြည်ကျိုးကို
မှန်သည်ဟုထင်၊ ဟုတ်သည်မြင်သော်
ကိုယ်ကျိုးမထောက်၊ သတ္တိမြောက်သူ
ဤသူသေငြား၊ လူ့ပြည်များမှာ
ဤသူ့ဂုဏ်နံ့၊ သင်းရနံ့ကား
ထက်ကောင်းကင်တိုင်၊ ပျံ့နှံ့ကြိုင်၏
ဒီလူနှစ်မျိုး၊ သင်တစ်မျိုးကို
ရွေးလော့ ရွေးလော့ . . .။
မောင်ပြည်ချစ်
ဧရာဝတီ ငိုချင်း
မေခနဲ့မလိခ
ပေါင်းစည်းကဧရာ
သူ့ခမျာပင်ပန်းရှာရော့
တသွင်သွင်စီးဆင်း
သူ့ရဲ့ကျောခင်းပေါ် ရက်ရက်စက်စက်နင်းချေ
အားအင်တွေချိနဲ့ တရှိုက်ရှိုက်ငို အို . . .ဧရာဝတီရယ် . . . .။
လူအတ္တတွေကြောင့် ဒူးထောက်ကာကွယ် ပျောက်မသွားပါနဲ့
စံနမူနာထားလောက်စရာ လူတော်တွေရှိပါသေးတယ်။
ချစ်သောဧရာဝတီ သင့်ရဲ့သွေးကြောတွေကိုဖြတ်တောက်
လူစိတ်ပျောက်ပြီး အသိဉာဏ်မဲ့တဲ့အာဏာရှင်ကို
သင်ရဲ့ဖြူစင်သဘောနဲ့ ရေအလျင်ကြောမှာ
မျောပါလို့သွားအောင် စီးဆင်းလိုက်စမ်းပါ
သင့်ကိုချစ်တဲ့
သင့်ချစ်သူတွေက သင့်အနားဝန်းရံ
သင့်ရန်မှန်သမျှကို
ကာကွယ်စောင့်ရှောက် . . .
မကြောက်နဲ့တော့
ဧရာဝတီရေ . . . . .။
သံယောဇဉ်
အလင်းရှာသူ
အမှောင်ယံတလျှောက် လမ်းပျောက်နေတဲ့လူတစ်ယောက်
အမှောင်မှာမြူတွေဆိုင်းတော့
လမ်းရယ်ကဘယ်မသိ
စမ်းတ၀ါးဝါး၊ အကန်းသမားကဲ့သို့
ဆူးညောင့်ခလုတ်ရယ်မမြင်
နင်းမိသမျှ
နာကျင်မှုကိုမကျော်လွှား၊
ဒူးထောက်ကာလဲခဲ့ရတယ်။
တင်းမာတဲ့စိတ်၊ “မြ”တန်တဲ့အတွေးကြောင့်
နာကျင်မှုကိုအံကြိတ်၊
ဆုံးဖြတ်ချက်တစ်ခု
နွမ်းလျှတဲ့စိတ်ကိုပြင်၊
နှုတ်တွင်းမှအသံတစ်ခု
အားအင်ပြုလျှက် ငါ .
. .ဒီအမှောင်ထုကိုကျော်ဖြတ်မယ်။
ဆုံးဖြတ်ချက်နှင့်ထပ်တူ
နာကျင်မှုကိုအပြုံးဆင်၊
အမုန်းမြင် အားယုတ်တဲ့စိတ်
ဒူးမြေကျခဲ့တာကြောင့်၊
မာန်တင်းကာလေကိုရှုသွင်း
အားတင်းလို့ထခဲ့ပြန်တယ်။
ယုံကြည်မှုကိုနှလုံးသွင်း၊
မျှော်လင့်ချက်အလင်းရောင်
ငါမသေသရွေ့ ရှာမယ် .
အန္တရာယ်ဟူသမျှ၊ လာပါလှမ်းခဲ့
ထိပ်တိုက်ရင်ဆိုင်၊ တွန်းလှန်ချင်တဲ့စိတ်
တင်းမာတဲ့စိတ်ကို၊ ယိမ်းယိုင်ဖို့တိုက်တွန်း
မာအစွယ်တွေနဲ့၊ အန္တရာယ်အသွယ်သွယ်
ရန်သူသဖွယ်၊ အဖျက်စိတ်တွေက
မာယာအပေါင်းနဲ့ စိတ်ခန္ဓာကို၊
အဖန်တစ်ရာတိုက်ခိုက်နေလေတော့သည်။
ရင်ဆိုင်ရန်ဝန်မလေး၊
ငါ့ရဲ့သတိသွေး
ငါဆိုတဲ့ မာန၊ ဒီစိတ်မျှမတိုက်နိုင်ရင်
ငါလိုတဲ့အလင်း၊ ဘယ်အခါမှရနိုင်မည်မဟုတ်။
အားအင်ပေးတဲ့၊ သတ္တိဇွဲ
ကူညီပေးတဲ့၊ လုံ့လ၀ီရိယ
ငါဆိုတဲ့ မာန်၊မာန၊ဘောဘတွေနဲ့
မိစ္ဆာစိတ်ကိုအနိုင်ဖြိုခွင်း၊
အလင်းဆီသို့လျှောက်ခဲ့ပြန်တယ်။
မှုန်ဝါးဝါးရယ်မြင်ကွင်းတစ်ခု၊
မြူတွေကင်းတော့
သြော် . . .ငါ့မျက်လုံးရယ်
မြင်ပါသေးလား . . ။
အမှတ်မထင်၊ အသဲ၌ပင်စွဲမှတ်လောက်အောင်
စူးရှတဲ့အသံတစ်ချက်၊
နားစည်ပဲ့တင်ထပ်လို့
အားရှိစရာစကား၊ နားဝတွင်ကြား၍
မင်းလိုချင်တဲ့ . .
. . . အလင်း
ဟိုအရှေ့တစ်နေရာ၊ ရရှိမည်အမှန်
ဂျိုး(ချိုး)ဖြူငှက်တို့ရဲ့
သစ္စာအလင်းရောင်အသံ . . . .။
ညရောင်
(ကျောက်တန်း)
လျှောက်လှမ်းကြစို့ ငြိမ်းချမ်းမှု့ဆီ
စစ်ကျွန်စနစ် ဖုံးလွှမ်းနေသည့်
မြန်မာပြည်ဝယ် လူ့အသိစိတ်
နည်းနည်းမရှိ မကောင်းဆိုးဝါး
အာဏာရှင်များ ပြုလုပ်ပုံကြောင့်
လုက်လုပ်လက်စား ဒို့ပြည်သားများ
ဒုက္ခဆင်းရဲ ခံရရှာပြီ
ဟောင်းနွမ်းစုတ်ပြတ် ကြောက်ရွံ့မုန်းတီး
ဖြစ်သော်ငြားလည်း အဓိပ္ပါယ်မဲ့
ဥပဒေက ပြဌာန်းထားလို့
ခေါင်းငိုက်စိုက်ချ နှုတ်မဟခဲ့
ဤသို့ပုံစံ ရှေ့ဆက်ပါလျှင်
တည်ထောင်ထားသည့် ဒို့မြန်ပြည်သည်
မှောင်နှင့်မည်းမည်း ထက်ခြမ်းကွဲပြီး
စစ်ကျွန်ဒဏ်ကြောင့် ပျက်စီးနိုင်သည်
သို့တည်းပါမူ ဇောက်တိဇောက်ထိုး
အဖြစ်ဆိုးကို ခေါင်းညွတ်မခံ
ကိုယ့်နည်းကိုယ့်ဟန် ကိုယ်ပိုင်ဉာဏ်ဖြင့်
အချိန်မှီလှမ်း ဖယ်ရှားသုတ်သင်
ကြံ့ကြံ့ခံလျှင် အမိုက်မှောင်ကို
ပယ်ဖျောက်နိုင်၍ မလွဲမသွေ
ဒို့အောင်နိုင်မည့် ငြိမ်းချမ်းမှု့ဆီ . . . .
နေဦးကိုကို
ရော်ရွက်မျက်ရည်
အိပ်ယာထက်ပေါ်
မှေးစက်သော်လည်း၊ စိတ်ဝယ်မပျော်
ရမ်းရော်ကာမှန်း၊ မျက်ရည်စမ်းလို့
လွမ်းရပြည်ပြီ၊ မွေးရပ်ဌာနီ . . .၊
ဗမာပြည်သား၊ ရေနည်းငါးမို့
သူများအရပ်၊ နေရခက်လည်း
မျက်နှာမွဲတို့၊ ပျော်ရရှာတယ်
ရော်ရွက်ဝါလို ကြွေလွင့်ဆဲ . . .။
နေစကြာနိုင်
အပြုံးတစ်ချက်
မေမေ . . . အပြုံးတကာ
အပြုံးထက်
စိန်ခြယ်သော အပြုံးက
မေ့မေ့ အပြုံးပါ။
မေမေ . . . အချိန်အခါပြောင်း
အမေကောင်းမို့
ကြမ်းတမ်းခက်ထန်လေလေ
ကံကြမ္မာကောင်းကို
ဖန်တီးလိုပေ။
မေမေ . . . ဘယ်လို
ဘယ်သော်
ပြောင်းလဲသွားပါစေ
နေ့ရက်စွဲ ဟောင်းကဗျည်းထိုးလို့နေ။
မြန်မာ့သမိုင်းကြောင်း
ကျောက်စာကောင်းဖို့
မေမေ့ ဇွဲအပြုံးနဲ့
ရှေ့ဆက်လှမ်းပေ။
မေမေ . . . ဖြူစင်ရှင်းသန့်သော
နှလုံးသား အလှပိုင်ရှင်လေး။
နားလည်တတ်သူ ကိုယ်ကျိုးစွန့်သူ
အများအတွက်သူ တိုက်ပွဲဝင်မယ့်
သမိုင်းတကာ သမိုင်းအသစ်က
မြန်မာ့ကံကြမ္မာ အပြောင်းတကြော့ကို
အလှည့်တစ်ခါ အလစ်တစ်ချက်ဖြင့်
အပြုံးတွေနဲ့ အောင်ပွဲခံယူမှာ
မေမေ့ အပြုံးပါ။
ဆောင်းခွါညို
လူ့လောက
* သြော် . . . . လောက လောက လူ့လောက
အလည်လာသည်မှာ
တခဏ
လူ့ဘောင်အကျိုး
(သယ်ဆောင်သွားကြ၊ ဆောင်ရွက်ကြ)
* သြော် . . . . လောက လောက လူ့လောက
သင်မပြန်ခင်မှာ
ယာယီမျှ
ဒုက္ခ
သုခဖြတ်သန်းရ
လောဘ၊
ဒေါသ၊ မောဟ၊ မာန်မာန
လူသားဟူက
လျော့ကြ လျော့ကြ။
* သြော် . . . . လောက လောက လူ့လောက
အချစ်
အမုန်းနှင့် မကင်းကြ
တဏှာအချစ်က
ပူလောင်ရ
မေတ္တာအချစ်က
အေးမြလှ
အချစ်အမုန်းကင်းမှ
ငြိမ်းအေးမြ။
* သြော် . . . . လောက လောက လူ့လောက
အကုသိုလ်နှင့်
မကင်းကြ
ကောင်းကျိုးဆောင်က
မြတ်ဒါန
ကုသိုလ်ပြုလျှင်
ထာဝရ
သင်ပြန်သွားသော်
. . . ကောင်းကျိုးရ။
ပန်းဝတ်ရည်မင်း
ငါနဲ့ ငါ့ရဲ့တိုက်ပွဲ
ငါ့အရိုး
ငါ့အသား ငါ့အသွေး
မြေပေါ်မက
အ၀ီစိရောက်ပါစေ
မြင့်မြတ်အတွေး
ငါ့ရဲ့အရေးနှင့်
ငါ့ကလောင်တွေ
ဆက်လက်တိုက်ပွဲဝင်သွားမည်။
ငါ့နိုင်ငံ
ငါ့လူမျိုးအတွက်
ငါ့ထက်ထင်ပေါ်
ပညာကျော်တွေ
ငါ့ဘ၀တစ်လျှောက်
ငါအတတ်နိုင်ဆုံး
ငါ
ဆက်လက် မွေးထုတ်ပေးလိမ့်မည်။
ငါ့ဘ၀နိဂုံး
ငါသက်ဆုံးတိုင်
ငါ့ရဲ့စွမ်းအား
တတ်နိုင်စွမ်းသမျှ
သမိုင်းပေးတာဝန်
ငါကျေပွန်အောင်
ဒီမိုကရေစီတိုက်ပွဲ
ငါဆင်နွှဲသွားလိမ့်ဦးမည်။
LC
မင်းဥက္ကာ
ဓမ္မဂုဏ်ရည်
တောပန်းဝေစီ တောင်တန်းစီမှ
ပျံ့လွင့်ထွက်လာ ထိုသံသာကို
လူတို့သိကြား မြတ်တရားဟု
စွဲမှတ်ကြည်ဖြူ မှတ်သားယူက
ယခုမျက်မြင် ဘ၀တွင်လည်း
အကျိုးထူးမြတ် ရသည်မှတ်၍
ကွယ်လွန်မျက်မှောက် နိစ္စရောက်လည်း
ဘယ်သည်ဘယ်ဘ၀ ဘယ်ဌာနသို့
ရောက်သည်ဖြစ်စေ ထိုဂုဏ်ရည်သည်
လူတိုင်းနှင့်သာ မြတ်နိုင်စွာ၏။
မျိုးမင်း
0 comments:
Post a Comment