Thursday, September 1, 2011

စီးဆင်းလေဦးမှာလားဧရာဝတီ.......

                ဆည်ကြီးများ တည်ဆောက်ခဲ့၍ နိုင်ငံအများတွင် ဆိုးကျိုး နစ်နာမှုများ ကြုံခဲ့ကြရသလို ဧရာမ ဆည်ကြီးများ တည်ဆောက်မည် ဆိုလျှင် ကမ္ဘာတလွှားတွင် ပွက်ပွက်ညံ ကန့်ကွက်သံများ ဆူညံ သွားတတ်ကြသည်။ အခုလည်း မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စား ခေါ်ဝေါ်နိုင်သည့် ဧရာဝတီ မြစ်ကြီးကို ဆည်တုတ်သည့်ကိစ္စ ဖြစ်သည်။ ဤကိစ္စကို စိုးရိမ်ပူပန်စွာ အရေးတယူ လေ့လာ
တင်ပြလာကြသည့် ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်ကို မိမိ အလွန် ကျေးဇူးတင်ပါသည်။ သူတို့၏ သုတေသန ပြုချက်များကလည်း ပြည့်စုံပီပြင်စွာ စုဆောင်း တင်ပြခဲ့ကြခြင်း ဖြစ်ပြီး၊ အန္တရာယ်ကြားမှ စွန့်စား၍ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ မေးမြန်းခန်းများ ပြုခဲ့ကြသည်မှာ
အလွန် ချီးကျူးထိုက်သော ကိစ္စ ဖြစ်ပါသည်။ အလွန် စိုးရိမ်ဖွယ်ကောင်း၍ အမှန်တကယ် သံချောင်းခေါက် တပ်လှန့်ရမည့် ကိစ္စလည်းဖြစ်ပါသည်။

 ဤဧရာဝတီ မြစ်ဆုံဆည်သာမက မေခမြစ်ပေါ်တွင် နောက်ထပ်ဆည် ၇-ခု ထပ်တည်ဆောက်ရန် အစိုးရက လျာထားချက်များလည်း ရှိနေပါသေးသည်။ မြန်မာလူ့ယဉ်ကျေးမှု၏ အသက်သွေးကြောဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အချက်အချာနေရာများ
ကို ဖြတ်သန်း စီးဆင်းသွားပြီး၊ မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ်ဟုပင် ခေါ်နိုင်ပါသည်။
                  ဧရာဝတီမြစ်က  မြန်မာလူထုများအတွက် သောက်သုံးရေ ပေးသလို၊ ဆန်စပါးများ စိုက်ပျိုးရန်အတွက် ရေ၊ နုံးတင်မြေနု၊
သားငါး တောကောင်များ ကျက်စားရာ လွင်ပြင် ဖြစ်ပါသည်။ မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် ဧရာဝတီ နှင့် ကင်းကွာ၍ မရပါ။ ၁၁-ရာစု
ပုဂံ အင်ပိုင်ယာမှသည်၊ မြင်စိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် အဆက်ဆက်သော မြန်မာ့ ထီးနန်း အုပ်ချုပ်သူများ လူထုများ မှီခို
ရှင်သန်ခဲ့ကြသည်မှာ ဤမြစ်ကြီး ဧရာဝတီပင် ဖြစ်ပါသည်။ တနည်းဆိုရလျှင် ဧရာဝတီသည် မြန်မာ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို
ဖွံ့ဖြိုးစေခဲ့သော လွင်ပြင်လည်း ဖြစ်ပါသည်။ မြန်မာများက ဤမြေကို ကာကွယ်ခဲ့ကြပြီး၊ ဤမြေတွင် ကြီးထွားခဲ့ကြပါသည်။ ဤမြစ်နှင့်
ဤမြေကို ခုံမင် တပ်မက်ခဲ့ကြပါသည်။ ရှေးအဆိုတော်များ သာမက ခေတ်အဆိုတော်များ ဖြစ်သည့် ခင်ဝမ်း၏ ဧရာဝတီ၊ ထူးအိမ်သင်၏
ဧရာဝတီ၊ စသဖြင့် ဧရာဝတီသည် အနုပညာရှင် တို့၏ အိပ်မက်များကို ဖွားမြင်စေရာလည်း ဖြစ်ပါသည်။
                  ဧရာဝတီ မြစ်ဝှမ်းက (၄၁၃,၆၇၄) စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ (၆၁) % ကို
လွှမ်းခြုံထားပါသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျားက (၂,၁၇၀) ကီလိုမီတာနီးပါး ရှည်လျားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံး
ကူးသန်း ရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် လူဦးရေ (၃) သန်းကျော် မှီတင်း
နေထိုင်ရာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါး အထွက်၏ (၆၀%) ကို ဤဒေသက ထုတ်လုပ် ဖြည့်ဆည်း ပေးနေပါသည်။ ထိုမျှမက ဧရာဝ
တီမြစ်သည် ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (UN Environment Programme) နှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း
မှု စောင့်ကြည့်ရေး ဌာန (World Conservation Monitoring Center) တို့က ၎င်း၏ ဇီဝသတ္တစုံလင်ကြွယ်ဝမှုကြောင့် ဦးစားပေးထိန်းသိမ်း
ထားအပ်သည့် မြစ် (၃၀) စာရင်းတွင် ထည့်သွင်းထားသော မြစ်ကြီးတစင်းလည်းဖြစ်ပါသည်။ ဧရာဝတီမြစ်တွင် ငါးမျိုးစိတ် (၇၉) မျိုး
ရှိနေပြီး ရှားပါးသည့် ဧရာဝတီ လင်းပိုင်ငါးကြီးများလည်း အပါအဝင် ဖြစ်ပါသည်။
                       ထို့အပြင် ဧရာဝတီ မြစ်ဝှမ်းတလျှောက်၌ ငှက်များအတွက် စားကျက်ဘေးမဲ့မြေ ၄-ခု လည်း တည်ရှိနေပါသေးသည်။
ယခုကိစ္စက ဤမြစ်ကို ဆည်တုတ်မည့် ကိစ္စ ဖြစ်ပါသည်။ ဧရာဝတီမြစ်ပေါ်ရှိ ပင်မဆည်ကြီး အပြင်၊ မြစ်ဆုံမြောက်ဘက်ရှိ အင်မိုင်ခခေါ်
(မေခ) မြစ်ပေါ်၌လည်း နောက်ထပ်ဆည် (၇) ခု တည်ဆောက်ရန် လျာထားသော စီမံကိန်းများ ရှိနေပါသေးသည်။ ဧရာဝတီမြစ်စီးဆင်း
နိုင်ပါ ဦးတော့မည်လော။
                       ရင်းနှီးမြှုပ်နှံမှုများရင်းနှီးမြှုပ်နှံမှု ပမာဏကို အတိအကျ မသိရသော်လည်း အမေရိကန် ဒေါ်လာ ၃. ၆ ဘီလီယံ ခန့်
ရှိမည်ဟု KDNG ကခန့်မှန်းတွက်ချက် ဖော်ပြပါသည်။ ထို့အပြင် ဤဆည်များ တည်ဆောက် ပြီးစီးပါက လျှပ်စစ် ရောင်းချငွေဖြင့်  တနှစ်
လျှင် ဒေါ်လာ သန်း(၅၀၀) ခန့် နှစ်စဉ် ငွေဝင်လမ်း ဖြောင့်နေပါဦးမည်။ (၂၀၀၇) ခုနှစ်၊ မေလ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာပါ
ဆောင်းပါးတပုဒ်က အောက်ပါအတိုင်း ဖေါ်ပြ ထားပါသည်။
                    အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ၊ ရေအားလျပ်စစ် အကောင်အထည်ဖေါ်ရေး ဌာနနှင့် တ
ရုတ်နိုင်ငံလျပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (China Power Investment Corporation–CPI) တို့သည် ရေအား လျှပ်စစ်
လုပ်ငန်း စီမံချက် (၇) ခု (ဧရာဝတီ မြစ်ဆုံ၌ ၃,၆၀၀- မီဂါဝပ် စီမံချက်၊ ချီဗွေ၌ ၂,၀၀၀-မီဂါဝပ် စီမံချက်၊ ပါရှီး၌ ၁,၆၀၀-မီဂါဝပ် စီမံချက်၊
လာကင်၌၁,၄၀၀-မီဂါဝပ် စီမံချက်၊ ဖီဇော၌ ၁,၅၀၀-မီဂါဝပ် စီမံချက်၊ ခေါင်ဂလန်ဖူ၌ ၁,၇၀၀-မီဂါဝပ် စီမံချက်၊ လိုင်ဇာ၌ ၁,၅၆၀-မီဂါဝပ်
စီမံချက်) ကိုကချင်ပြည်နယ် အတွင်း၌ တည်ဆောက်သွားမည် ဖြစ်သည်ဟု ဆိုထားပါသည်။ ဆည်အားလုံး တည်ဆောက် ပြီးစီးသွားပါက
စုစုပေါင်းမီဂါဝပ် (၁၃,၃၆၀) ကို ထုတ်လွှတ်ပေးနိုင်မည်ဟု မျှော်လင့်ထားပါသည်။ ဤစီမံချက်သည် မြန်မာနိုင်ငံ၌အကြီးဆုံး ရေအား
လျှပ်စစ်လုပ်ငန်းဖြစ်ပြီး တိုင်းပြည်၏ အကြီးဆုံး ရေအားလျှပ်စစ် လုပ်ငန်း စီမံချက်ဖြစ်သော ရှမ်းပြည်နယ်ရှိ (၇,၁၀၀) မီဂါဝပ်
ထုတ်ပေးနိုင်သည့်တာဆန်းဆည်၏ အင်အား ထက် သာလွန်နေပါသည်။
                    ဤဆည်များမှ ထွက်လာသော ရေအား လျှပ်စစ်များက မြန်မာပြည်သူလူထု ခံစားရဖွယ် မရှိပါ။ အကြောင်းမှာ ထိုင်းနိုင်ငံရှိ
ပညာရှင်တဦး လေ့လာချက်အရ ထိုဆည်များမှ လျှပ်စစ်ကို သယ်ပို့ပေးမည့် ကောင်းကင် ကြိုးတန်းစနစ် မရှိသောကြောင့် ဖြစ်ပါသည်။
ဤလျှပ်စစ်များက တရုတ်နိုင်ငံကို ရောင်းစားရန် သက်သက်သာ ဖြစ်ပါသည်။ စီမံချက်တွင် အဓိက ပါဝင်လုပ်ဆောင်မည့်သူတဦးဖြစ်
သော တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ၏ အဆိုအရ၊ ယူနန် လျှပ်စစ်ဓါတ်အား ကွန်ရက်ကုမ္ပဏီ
(Yunnan Power Grid Company) က မြန်မာနိုင်ငံမှ ထုတ်လွှတ်ပေးမည့် လျှပ်စစ်ဓါတ်အားများကို ယူနန် လျှပ်စစ်ဓါတ်အားကွန်ရက်စ
နစ်ဖြင့် တရုတ်နိုင်ငံသို့ ပို့လွှတ်ပေးမည် ဖြစ်သည်။  
                    တရုတ်နိုင်ငံသည် ၎င်း၏ “အနောက်မှအရှေ့သို့ လျှပ်စစ် ဓါတ်အား ပို့လွှတ်ပေးရေး အစီအစဉ်” (West to East Power
Transmission Policy) အရလုပ်နေခြင်း ဖြစ်သည်။ ဤဆည်များ တည်ဆောက်မှုက ဤစီမံချက်၏ အစိတ်အပိုင်းသာ ဖြစ်ပါသည်။
The Voice ဂျာနယ်၏ သတင်းတခုအရ ရေအားလျှပ်စစ် စီမံကိန်းကြီးများကြောင့် တရုပ်နိုင်ငံက FDI ခေါ် နိုင်ငံခြား တိုက်ရိုက်
ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံများအနက် ဆဌမ နေရာယူလာကြောင်း ဖတ်ရပါသည်။ (၂၀၀၅-၆) ဘဏ္ဍာရေး နှစ်တွင် တရုပ်နိုင်ငံက အဆင့် ၉
သာ ရှိခဲ့သော်လည်း၊ ရွှေလီ ရေအားလျှပ်စစ်တွင် တရုတ်နိုင်ငံက ဒေါ်လာ ၂၈၁ သန်း ထပ်မံ မြှုပ်နှံခဲ့သောကြောင့် (၂၀၀၆-၂၀၀၇) တွင်
အဆင့် ၆ ဖြစ်လာခဲ့ပါသည်။ ယခု ဧရာဝတီ မြစ်ဆုံဆည် ကိစ္စများ မလာသေးပါ။ (၂၀၀၇) ခု၊ ဖေဖေါ်ဝါရီလ စာရင်းများအရ ရေအား
လျှပ်စစ် လုပ်ငန်းက မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် (၄၃.၈%) အထိ တက်လာပြီး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့က ၂၀% သာ
ရှိနေပါသည်ဟု ၎င်းဂျာနယ်တွင်ပင် ဖတ်ခဲ့ရပါသည်။ ဆည်ကြီးများ၏ ဆိုးကျိုး ဖော်ပြခဲ့သည့် ပမာဏ အတိုင်းအတာကို တွက်ကြည့်ပါ။
                  သစ်တောများ၊ သဘာဝ ပတ်ဝန်းကျင်များ အကြီးအကျယ် ပျက်စီးရပါလိမ့်မည်။ ဆည်တည်ဆောက်သည့် ကန်ထိရိုက်များ
အတွက် ငွေတွင်းကြီး ဖြစ်သော်လည်း ဒေသနေ ပြည်သူအများ အိုးအိမ်စွန့်ခွါ ပြောင်းရွှေ့ ကြရပါလိမ့်မည်။ စစ်တပ်များ လုံခြုံရေးအတွက်
ပိုမို တိုးမြှင့် ချထားလာသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မုဒိမ်းမှုများ၊ အဓမ္မ လုပ်အားခိုင်းစေမှု၊ အဓမ္မ ရွှေ့ပြောင်းစေမှုများ
ပို၍ ကြုံလာရဖွယ် ရှိနေပါသည်။ ဒေသနေ လူများလည်း ဒေသများ ရေလွှမ်းသောကြောင့် နေထိုင်ရေး၊ သွားလာရေး ခက်ခဲကြရမည်။
ရွှေတူးခြင်း၊ အမဲလိုက်၊ ငါးဖမ်းခြင်း စသည့် သက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဆုံးရှုံးရခြိမ့်မည်။ မိသားစု အသိုက်အမြုံများ ပြိုကွဲမည်။
                    ကမ္ဘာ့ ဆည်များကော်မရှင် (World Commission on Dams) ၏ ခန့်မှန်းချက်အရ ကမ္ဘာ တဝှမ်းလုံးတွင် ဆည်များ
ဆောက်လုပ်မှုကြောင့် လူဦးရေ သန်း (၄၀) မှ (၈၀) အထိ နေရပ်ရင်း စွန့်ခွါပြောင်းရွှေ့ ခဲ့ကြရကြောင်း ဖော်ပြထားပါသည်။ ဤသို့ ပြောင်း
ရွှေ့ကြရမှုကြောင့် အမျိုးသမီးများနှင့် ဌာနေ တိုင်းရင်းသား လူမျိုးများမှာ အထူးနစ်နာ ခံစားခဲ့ကြရပါသည်။ ကော်မရှင်၏ ဖော်ပြချက်အရ
ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းရွှေ့ အခြေချကြရမှုနှင့် သက်မွေးဝမ်းကျောင်း၊ နေထိုင်မှု ဘဝများ ပြောင်းရွှေ့ကြရသောကြောင့် “မြေယာမဲ့များ
ဖြစ်ရခြင်း၊အလုပ်လက်မဲ့များ ဖြစ်ရခြင်း၊ အိမ်ခြေယာမဲ့များ ဖြစ်ရခြင်း၊ ခွဲခြားဖိနှိပ်ခံရခြင်း၊ စားရေရိက္ခာမဖူလုံ ဖြစ်ရခြင်း၊ သေနှုန်းမြင့်
များခြင်းနှင့် လူအများပိုင် ရင်းမြစ်များ ဆုံးရှုံးရခြင်း၊ လူမှုရေး နှင့်ယဉ်ကျေးမှုအရ ပြန်လည် ထူထောင်နိုင်သော သတ္တိများ ဆုံးရှုံးရခြင်း”
တို့ကိုလည်း ဖြစ်ပွားစေပါသည်။ ဖွဲ့စည်း တည်ဆောက်ထားသော လူနေမှုစနစ် ပြိုကွဲရခြင်းနှင့်အတူ စီးပွားရေးအရ စွမ်းအားများပျက်စီး
ဆုံးရှုံးရခြင်းတို့ကြောင့် “များသောအားဖြင့် ပြန်လည် ပြုပြင်၍ မရနိုင်တော့လောက်အောင် လူနေမှု အဆင့်အတန်း ဆင်းရဲ နိမ့်ကျရခြင်း
များ”ကိုလည်း ဖြစ်စေပါသည်။မစီးဆင်းပဲနေသော ရေသေကြောင့် ရှစ်ဆိုစတိုမီယေးဆစ် (Schistosomiasis) ခေါ် ကပ်ပါး သံကောင်
များပိုပေါက်ဖွားနိုင်ခြင်း၊ ပြဒါးဓါတ် စုပုံလာ၍ ပြဒါးဆိပ်သင့်ခြင်း စသည့် ကျန်းမာရေး ပြဿနာများလည်း ရှိနေပါသည်။ ငါးမျိုးစိတ်အချို့
မြစ်ညာ တက်၍ သားမပေါက်နိုင်တော့သောကြောင့် ပျောက်ကွယ်သွားမည်။ လူအများ ပြောင်းရွှေ့ အခြေချရမှုကြောင့် ကျန်းမာရေး ပြ
ဿနာများလည်း ပိုဆိုးလာဖွယ် ရှိနေပါသည်။မြစ်အောက်ပိုင်းရှိ ရေသွင်း စိုက်ပျိုးခင်းများ၊ နုံးတင်ကျွန်းများ၊ စိုက်ပျိုးရေးနှင့် တံငါလုပ်
ငန်း၊ ခရီးကူးသန်း ရောင်းဝယ်မှု သောက်သုံးရေကိစ္စများတွင်လည်း ထိခိုက်မှု အကြီးအကျယ် ရှိလာစေတော့မည် ဖြစ်ပါသည်။
                       အပေါ်မှ မြစ်ရေဆုတ်ယုတ် အားလျှော့လာသောကြောင့် ပင်လယ်ရေငံ အထက် တက်လာကာ မြေများ ဆားငံဓါတ်
ပေါက်ခြင်းလည်း ကြုံကြရပါဦးမည်။ ထို့အပြင် ဆည်ကျိုးပေါက်မှုများ အတွက်လည်း အန္တရာယ် ရှိနေပါသည်။ ကချင်ပြည်နယ်၌ပင်
ဝါရှောင်ဆည်၊ ကြိမ်ခရမ်ဆည်များ ရေလျှံကျိုးပေါက်ခဲ့ပြီး လူအများ အသက်အိုးအိမ် ဆုံးရှုံးခဲ့ရပါသည်။
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A5831071&xgs=1&xg_source=msg_share_post 

0 comments:

Post a Comment