Thursday, September 22, 2011

အပြောင်းအလဲဖြစ်ဖို့အတွက် အပြင်အဆင်တွေ ရှိပြီလား ဦးဝင်းတင်နဲ့ မေးခွန်းများ

11

အပြောင်းအလဲဖြစ်ဖို့အတွက် အပြင်အဆင်တွေ ရှိပြီလား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ စက်တင်ဘာ ၂၁၊ ၂၀၁၁
လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ မှာ ကမ္ဘာဒီမိုကရေစီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ ပြောလိုက်တယ်။ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံမှုတွေလည်း လက်ခံပြုလုပ်နေဆဲဖြစ်တယ်။ ထူးခြားတဲ့ တွေ့ဆုံမှုဖြစ်စဉ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့ သြဂုတ်လ ၁၉  ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တာလည်း ၁ လ ကျော်ခဲ့ပြီ ဖြစ်တယ်။ အဲသည်အတောအတွင်းမှာ လူထုပရိသတ်အတွင်းမှာ မြန်မာပြည်နိုင်ငံရေးနဲ့ အထွေထွေ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဂယက်တွေ၊ လှုပ်ရှားမှုတွေ မျိုးစုံလည်း မြင်ရ ကြားနေရပြီ ဖြစ်တယ်။ အတွေးအမြင် အမျိုးမျိုး ဝေဖန်မှုအမျိုးမျိုး တုန့်ပြန်မှု အမျိုးမျိုးတွေ ဖြစ်ပေါ်နေချိန်မှာ ဆရာဦးဝင်းတင်ကို မေးဖြစ်တဲ့ မေးခွန်းက အပြောင်းအလဲတွေဖြစ်ဖို့အတွက် အခြေအနေတွေ ရှိနေပြီလား၊ အပြင်အဆင်တွေ မြင်နေရပြီလား ဆိုတာဖြစ်ပါတယ်။
 -       ဒေါ်စုမိန့်ခွန်းမှာက အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ပြောတာလား၊ ဘာပြောလိုက်တာလဲ ဆရာ။ လွန်ခဲ့တဲ့ တလကျော်က တွေ့ဆုံဆွေးနွေးပွဲကနေပြီး အပြောင်းအလဲတွေ စတင်ပေါ်ထွန်းလာနေပြီလို့ ကောက်ချက်ဆွဲလိုက်ရတော့မှာလား။ ဒီကြားထဲမှာလည်း ထပ်ပြီး တွေ့တယ် ဆွေးနွေးတယ်လဲ မကြားရဘူးလေ။

-       ပြောင်းလဲနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာတယ်လို့ ပြောလိုက်တာဖြစ်တယ်။ သူက အပြောင်းအလဲတွေ ဖြစ်လာတော့မယ်လို့ ပြောလိုက်တာ မဟုတ်ဘူး။ ဒီလိုမျိုး ကျနော်မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တာကလည်း လွန်ခဲ့တဲ့ တလလောက်က ဆွေးနွေးခဲ့တာ ဖြစ်တယ်။ ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးကြတာဖြစ်တော့ အချိန်ကလည်း အများကြီး ကြာကြာ ဆွေးနွေးခဲ့ကြတာလည်း မဟုတ်ဘူးလေ။ အဲသည်မှာ အများက ထင်မြင်ချက်တွေ၊ မှန်းဆချက်တွေ ပေးနေကြသလိုမျိုး တခါတည်း အသေးစိတ်တွေ ဆွေးနွေးခဲ့ကြတာမျိုးတွေ ရှိလိမ့်မယ်လို့ ပြောလို့ မရဘူးထင်တယ်။ နောက် ကျနော် ပြောချင်တာက အပြောင်းအလဲဆိုတာဖြစ်ဖို့အတွက် အပြင်အဆင်ဆိုတာ လိုအပ်တယ်။ အပြင်အဆင်မရှိဘဲနဲ့တော့ အပြောင်းအလဲဆိုတာ မရှိနိုင်ဘူး။

-       ကဲ ဒါဆိုရင် အပြင်အဆင်တွေကော ရှိပြီလား။ ဘာတွေ ပြင်ဆင်ထားတာတွေ တွေ့ရပြီလဲ ဆရာ။

-       ပထမအချက်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး အပြင်အဆင်တွေ တွေ့ရပြီလား။ ဒါကို အရင်ကြည့်စေချင်တယ်။ အစိုးရဖက်ကနေပြီးတော့ သတင်းတွေ အမျိုးမျိုးတော့ ကြားနေရတာပဲ ရှိတယ်။ ဘာမှ လက်ဆုပ်လက်ကိုင် ဖော်ဆောင်လာတာ ခုထိ မတွေ့ရသေးဘူး။

-       ဆရာတို့နဲ့ အနီးဆုံး အင်န်အယ်ဒီပါတီကို တရားဝင်ပါတီတခုဖြစ်လာဖို့ အစိုးရဖက်က အပြင်အဆင်တွေကော လုပ်လာပြီလား ဆရာ။

-       အဲဒါလည်း ကျနော်တဦးတည်းအမြင်ကတော့ မသိသေးဘူးဗျ။

-       အင်း … လွတ်လပ်စွာ ရေးသားဖော်ပြခွင့်တွေနဲ့ ပတ်သက်ပြီးတော့ကော ဘာတွေ အပြင်အဆင်လုပ်လာတာတွေ ရှိတယ်လို့ ပြောလို့ရမလဲ ဆရာ။

-       ဗီအိုအေကို ပြည်တွင်းကို ၀င်ခွင့်ပေးပြီးတော့ သတင်းလိုက်ခွင့်ပေးတာ ရှိတယ်ထား။ ဒါက အမေရိကန်ကို မျက်စပစ်တာလောက်ပဲ သဘောထားရှိတယ်။ တကယ့်အပြင်အဆင်မဟုတ်ဘူး။ စာပေစိစစ်ရေးက ခုချိန်ထိ ဘာမှ လျော့ပေးတာလည်း စာနဲ့ ပေနဲ့ မရှိဘူး။ လွှတ်တော်ထဲမှာကလည်း လွတ်လပ်စွာ စာပေရေးသား ထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးကျော်ဆန်းတို့ကိုယ်တိုင်က ပြောဆိုနေတဲ့ ပုံစံအရကလည်း အပြင်အဆင်ရှိတဲ့ပုံ မတွေ့ရဘူး။ ဒီနေ့အထိလည်း သတင်းတွေ ပိတ်တုန်း တားတုန်း ဆီးတုန်းပဲ ရှိတယ်။

-       ဒါဆိုရင် သူတို့အစိုးရက ထူထောင်လိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်ဆိုတာတွေကလည်း အပြင်အဆင်တွေ မဟုတ်ဘူးလား ဆရာ။

-       ကုလသမဂ္ဂနဲ့ အကြံဥာဏ်တွေ ယူမယ်လို့ ပြောတယ်။ သို့သော် မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးကော်မရှင်က ပြည်တွင်းက လူ့အခွင့်အရေးကိစ္စတွေကို ဖော်ထုတ်ပေးတာ၊ ကြားနာပေးတာတွေ လုပ်ပေးနိုင်တဲ့ အခြေအနေ အပြင်အဆင်ဆိုတာလည်း မတွေ့ရသေးဘူး။

-       လက်ရှိမြန်မာအစိုးရက အကျင့်ပျက်နေတာတွေ၊ လာဘ်စားနေတာ၊ ခြစားနေတာတွေကိုလည်း အရေးယူမယ် ဘာညာပြောနေတဲ့ အပြင်အဆင်တွေကကော ဆရာ။

-       အဲဒါကလည်း သူတို့က clean government ထူထောင်မယ်။ ခုချိန်ကစပြီးတော့ လာဘ်မစားကြနဲ့လို့ ပြောလိုက်တယ် ဆိုတယ်။ ဒါဆိုရင် အရင်တုန်းက လာဘ်စားတဲ့သူတွေ၊ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်သွားတဲ့သူတွေ၊ အရင်အစိုးရအဖွဲ့က လူတွေကို အရေးယူသင့်သလား၊ မယူသင့်ဖူးလား ဆိုတာတောင် စဉ်းစားတာတွေ၊ ဆွေးနွေးတင်ပြတာတွေလည်း မလုပ်ကြဘူး။ အဲသည်လို အရင်လူတွေက အခုပေါ်ထွန်းလာတဲ့ လွှတ်တော်ထဲက ရေးရာကော်မီတီတွေမှာ ဥက္ကဋ္ဌတွေ ပြန်ခန့်ထားကြတယ်။ ကော်မရှင်တွေ ဘာတွေမှာ နေရာတွေ ရထားကြတယ်။ အဲသည် အလွဲသုံးစားမှုတွေ၊ ခြစားမှုတွေကို တိုက်ဖျက်ဖို့ အရေးယူဖို့ အပြင်အဆင်တွေ မတွေ့ရဘူးလေ။ နောက်ဆက်ပြီး မလုပ်ကြနဲ့လို့သာ ပြောတယ်။ အရင်က ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူတာတွေ မရှိဘူးလေ။ ဥပမာ အရင်တုန်းက ခင်ညွန့်ကို ရာထူးက ချပြီး အရေးယူတယ်ဆိုတာက သူ လာဘ်စားခဲ့တာတွေကို ဖော်ထုတ်ပြီး၊ ထောက်ပြပြီး အရေးယူခဲ့ရတာလေ။ အခုအချိန်ကစပြီး လာဘ်မစားနဲ့တော့ဆိုပြီး လုပ်လိုက်တာနဲ့ ပြီးသွားတာမျိုး မဟုတ်ဘူး။

-       နောက်တခုက ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ သုံးသပ်ဖို့ အပြင်အဆင်တွေကော ရှိပြီလား ဆရာ။

-       အဲသည်ကိစ္စအတွက်လည်း လက်ရှိအစိုးရက သူတို့အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ပြင်ဆင်ချင်တာလဲ။ ဘာတွေ ဆွေးနွေးချင်တာလဲ စသည်ဖြင့် နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ပြည်သူတွေကို သဘောထား မေးမြန်းစုံစမ်းတာတွေကိုလည်း မတွေ့ရသေးဘူး။

-       ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် အပြင်အဆင်တွေကိုကော ဘယ်လို ပြောကြမလဲ ဆရာ။

-       အခုလက်ရှိမှာ အစိုးရဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းတယ် ဆိုတာကလည်း တိုင်းရင်းသားတွေက ခေတ်အဆက်ဆက် လက်မခံနိုင်တဲ့ ပုံသဏ္ဍန်နဲ့သာ ကမ်းလှမ်းပြီး စေ့စပ်တာမျိုး ဖြစ်နေတယ်လေ။ အပြောင်းအလဲဆိုတာက  အပြင်အဆင်ရှိမှသာ ဖြစ်လာနိုင်တာ။ အပြင်အဆင်မရှိဘဲနဲ့ကတော့ အပြောင်းအလဲဆိုတာ မဖြစ်နိုင်ဘူး။

-       အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အခြေအနေတွေ ရှိတယ်ဆိုတာက စစ်မှန်တဲ့ အပြင်အဆင်တွေ ဖော်ဆောင်မှသာ ဖြစ်လာနိုင်မှာလို့ ကျနော်တို့က ကောက်ချက်ဆွဲရမှာပေါ့နော် ဆရာ။

-       ဟုတ်ပါတယ်။ လူတွေပေါင်းများစွာက အခုလက်ရှိအချိန်မှာ သို့လော သို့လော မေးခွန်းတွေ၊ သံသယတွေ ပေါ်နေကြရတယ် ဆိုတာက အပြောင်းအလဲတွေဖြစ်ပေါ်လာဖို့ အခြေအနေအတွက် အပြင်အဆင်တွေ ရှိမှ ဖြစ်မယ်၊ ဒါတွေကို သိသာထင်ရှားအောင် မမြင်ရသေးရင် မေးခွန်းတွေ ဆက်ပေါ်နေမှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

-       ဒါဆိုရင် လက်ရှိ လူထု လူတန်းစားတွေ အားလုံးမှာ အရေးတကြီး စိုးရိမ်ပူပန်မှုဖြစ်နေတဲ့ ဧရာဝတီမြစ်ဆုံ ကာကွယ်ရေး၊ ဧရာဝတီမြစ်ကယ်ဆယ်ရေး လှုပ်ရှားမှုမှာလည်းပဲ ကောင်းမွန်တဲ့ အပြောင်းအလဲကို ဦးတည်တဲ့ အပြင်အဆင်တွေကို လက်ရှိအစိုးရက လုပ်ဆောင်ခြင်း မရှိဘူးလို့ ပြောရမလား ဆရာ။

-       ဟုတ်ပါတယ်။ ဧရာဝတီကိစ္စလို ဟာမျိုးက ပြည်သူလူထုတရပ်လုံးသာမက ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ မျိုးဆက်သစ် လူငယ်တွေ အပါအ၀င် အားလုံးက ပြည်သူဆန္ဒကို ထုတ်ဖော်ပြသကြတဲ့ လှုပ်ရှားမှုကြီး ဖြစ်တယ်။ ဒါကို အစိုးရက လူထုဆန္ဒကို တိုက်ရိုက်နားထောင်လို့ ရတယ်၊ ကြားနာလို့ရတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လို့ရတယ်။ သို့သော် အဲသည်လို လုပ်မယ့်အစား အစိုးရက သူတို့လွှတ်တော်ထဲကို ထည့်သွင်းဆွေးနွေးမယ်လို့ လုပ်နေတယ်။ ဒါဟာ ကောင်းတဲ့ မှန်ကန်တဲ့ အပြင်အဆင် မဟုတ်ဘူး။ ဘာကြောင့် ဒီလိုမျိုး ပြောရသလဲဆိုတော့ သူတို့လွှတ်တော်ဆိုတာက ပြည်သူလူထုရဲ့ စစ်မှန်တဲ့ မဲဆန္ဒကို ကိုယ်စားပြုပြီး ဖြစ်ပေါ်လာတဲ့ ပြည်သူလူထု ကိုယ်စားပြု လွှတ်တော်မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ တက်လာတဲ့ အမတ်တွေပါတယ်။ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘဲ တက်လာတဲ့ ကိုယ်စားလှယ်ဆိုသူတွေ ပါနေတယ်။ ဒီလူတွေက ပြည်သူလူထုကို ကိုယ်စားမပြုဘဲနဲ့၊ ပြည်သူကိုယ်စားပြုတယ်ဆိုပြီး လွှတ်တော်ထဲမှာ ဒါကို ဆွေးနွေးကြရင် ပြည်သူလူထုရဲ့ ဆန္ဒနဲ့ သဘောထား အစစ်အမှန်ကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်ဘူး။ ပြီးတော့ တရားဝင်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကြီးကို တစုံတခု ဆုံးဖြတ်လိုက်တယ် ဆိုရင် လူထုသဘောထားကို ဆန့်ကျင်နေတာတောင်မှ သူတို့တွေက ပြည်သူ့လွှတ်တော်ရဲ့ သဘောထားဆိုပြီး ဇွတ်တရားဝင်အောင် လုပ်သလိုတောင် ဖြစ်သွားဦးမယ်။ နောင်ကို လူထုအရေးကိစ္စတွေကို သူတို့လွှတ်တော်က ဆုံးဖြတ်နိုင်တယ်၊ တရားဝင်လုပ်နိုင်တယ်။ ဒီလို ဖြေရှင်းပေးလိုက်တယ်ဆိုပြီး လုပ်လာရင် ပြည်သူလူထုတရပ်လုံးအတွက် အဲသည်လွှတ်တော်ကိုယ်တိုင်က ကောင်းမွန်တဲ့ ပြောင်းလဲမှုကို ဖော်ဆောင်နိုင်တဲ့ အပြင်အဆင်ကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး။

-       ဒါဆိုရင် ဧရာဝတီအရေးကို လူထုတရပ်လုံးအသွင် ဆန္̔ဒထုတ်ဖော်မှုအဖြစ် ဘယ်လို လုပ်ဆောင်နေကြတာကို တွေ့ရသလဲဆရာ။

-       အခုအချိန်မှာ လူထု လူတန်းစား အားလုံး၊ တိုင်းရင်းသားတွေ အားလုံးက အများအရေး၊ ကိုယ့်အရေးလိုမျိုး လုပ်ဆောင်နေကြတာကို ကျနော်တို့ မြင်တွေ့နေရတယ်လေ။ စာနယ်ဇင်းသမားတွေကလည်း သူတို့ ကဏ္ဍတွေကနေ၊ အနုပညာရှင်တွေကလည်း သူတို့ အနုပညာတွေနဲ့ ဒီဧရာဝတီအရေးကို ထုတ်ဖော်နေကြတာ၊ လှုံဆော်နေကြတာတွေကို ကျနော်တို့က အားပေးရမယ်၊ လက်ခံရမယ်လို့ ပြောချင်ပါတယ်။ လက်ရှိအစိုးရဆိုသူတွေကလည်း အခု တပြည်လုံးအတိုင်းအတာနဲ့ တောင်းဆိုနေတဲ့ လှုပ်ရှားမှုကို တိုက်ရိုက်ကြားနာပြီး တွေ့ဆုံဆွေးနွေးပြီး ပြုပြင်တာ၊ ပြင်ဆင်တာတွေ လုပ်နိုင်ပါတယ်။

-       ကဲ နောက်ဆုံးတခုကတော့ ရှေ့က ဆရာ့ကို နိဒါန်းချီထားသလိုပေါ့လေ၊ လွန်ခဲ့တဲ့ တလကျော်က တခါလောက် ဒေါ်စုနဲ့ ဦးသိန်းစိန်တို့ တိုက်ရိုက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ပြီး၊ ဓာတ်ပုံတွေ ရိုက်ပြီး ထုတ်ပြန်တာတွေ လုပ်ပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူလူထုတွေကြားမှာ မေးခွန်းတွေ၊ သံသယတွေ ဂယက်ထနေကြတယ်။ အကောင်းမြင်သူတွေ၊ အဆိုးမြင်သူတွေ ရှိနေကြတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲအတွက် အခြေအနေတွေ ရှိတယ်ဆိုရင် အဲသည်အတွက် အပြင်အဆင်တွေကို လက်ရှိအစိုးရဖက်က အဓိက ဖော်ဆောင်ပြသဖို့ လိုနေတာဖြစ်တယ်။ အဲသည်အတွက် ကျနော်တို့တွေက ဒေါ်စု တောင်းဆိုထားသလိုပေါ့လေ၊ အချိန်အတိုင်းအတာ တစုံတရာအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာန်ယူမှုကို ယုံယုံကြည်ကြည်နဲ့ လက်ခံပြီး ရပ်တည်ပေးကြရမှာပဲလား။

-       ကျနော့်အနေကတော့ ပြည်သူလူထုတွေက မေးခွန်းတွေ သံသယတွေ ဖြစ်ကြတယ်ဆိုတာကို သိပါတယ်။ ကြားနေရပါတယ်။ ကြိုဆိုပါတယ်။ ကျနော်တို့က ဒီမိုကရေစီအင်အားစုတွေကို စည်းရုံးရေးကို ဆက်လုပ်နေရမှာပဲ။ တွေ့ဆုံဆွေးနွေးအဖြေရှာကြတယ်ဆိုတာမှာလည်း တဖက်နဲ့ တဖက် မေးခွန်းတွေ သံသယတွေကို ဖြေရှင်းနေကြတာ ဖြစ်သလို၊ ကျနော်တို့ရဲ့ ပြည်သူတွေရဲ့ မေးခွန်းတွေ သံသယတွေကိုလည်း ကျနော်တို့က တိုက်ရိုက်လက်ခံတွေ့ဆုံပြီး ဖြေရှင်းပေးနေရမှာပဲ။ တခြားသူတွေတော့ မသိဘူး။ ဒါ ကျနော်တဦးတည်းအနေနဲ့ သဘောထားလို့ ပြောလည်း ရတယ်။ ကျနော်ကတော့ ကျနော် သိသလောက် တတ်သလောက်တော့ ဖြေရှင်းပေးနေမှာပဲ။ သံသယတွေကို အထင် အမြင်တွေကို တဖက်သတ်အခြေခံပြီး ဆုံးဖြတ်တာထက် ကျနော်တို့နဲ့ တိုက်ရိုက်ဆွေးနွေးပါ။ သည်လိုပြောချင်ပါတယ်။ နောက်တချက်က အခုလို အခြေအနေ အချိန်အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ထောက်ခံကြပါ၊ ရပ်တည်ကြပါလို့လည်း ကျနော်က ထပ်လောင်းပြီး ပြောချင်ပါတယ်။

-       ကျနော်တို့ဖက်က ထပ်ပြီး မေးချင်တာကတော့ ဆရာတို့ အင်န်အယ်ဒီခေါင်းဆောင်တွေ၊ အင်န်အယ်ဒီပါတီဝင်တွေနဲ့ ပါတီရဲ့ ရပ်တည်ချက်ဆိုတာဟာ မြန်မာပြည်သူလူထုအတွက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုတာကို ဘယ်ဟာနဲ့မှ ဈေးဆစ်ခံမယ် မဟုတ်ဘူးဆိုတာကို သည်အချိန်မှာ သိချင်တာပါပဲ။

-       ဟုတ်ပါတယ်။ ကျနော်တို့ ပါတီကို ထူထောင်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ လာမယ့် စက်တင်ဘာ ၂၇ ဆိုရင် ပါတီထူထောင်တာ ၂၃ နှစ် ပြည့်မယ်။ နှစ်ပေါင်း ၂၀ ကျော် ကျနော်တို့တတွေ အားလုံးဟာ မျက်ရည်တွေ၊ သွေးတွေ၊ အသက်တွေ ရင်းနှီးပြီးတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေကြတယ်။ ကျနော်တို့တတွေဟာ ရာထူးတွေ၊ စည်းစိမ်တွေ၊ အာဏာတွေ၊ ငွေကြေးတွေအတွက် လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ဒါတွေနဲ့ ဘယ်တုန်းကမှ မလဲလှယ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်တည်ပြီးတော့ ဒီမိုကရေစီရေးအတွက် လုပ်နေကြတာဖြစ်တယ်။ နောက်ကျတယ်ဆိုတာ မရှိဘူး။ အခုအချိန်မှာမှ ကျနော်တို့တတွေဟာ ဆက်လက် ခိုင်မာနေဖို့ လိုပါတယ်။ တဖက်က လိမ်ညာလှည့်ဖျားနေတယ်ဆိုရင်တောင်မှ ကျနော်တို့တတွေက ခိုင်မာနေတယ်ဆိုရင် သူတို့ လှည့်ဖျားတာတွေတောင်မှ ပျက်ပြားသွားနိုင်ပါတယ်။ ဒီအချိန်မှာ အတူတကွ ရပ်တည်ကြပါ။ ထို့အတူလည်း ဆွေးနွေးကြပါ၊ ကျနော် နားထောင်မယ်၊ ပြန်လည် ဖြေရှင်းဆွေးနွေးပါ့မယ်။ နိုင်ငံရေးမှာ မှားရင် ပြင်ရမှာပဲ။ ပြင်ရင် ပြောင်းရမှာပဲ။ အဲသည်လိုမျိုး ပြောချင်ပါတယ်။ လက်ရှိအခြေအနေမှာ ကျနော်တို့တတွေ အတူတူ ရပ်တည်ကြပါ။ အင်အားသစ်တွေ မွေးမြူကြပါလို့ ပြောချင်ပါတယ်။

0 comments:

Post a Comment