Friday, September 23, 2011

အတွေးအမြင်စာစဉ်(၁၇၈) စာမကြေတတ်ယောင်ကား ပပျောက်ရေး


“အစာမကြေသော ရောဂါသည် လူတစ်ဦး တစ်ယောက်၏ ကိုယ်ခန္ဓာတွင် အခြားအခြားသော ရောဂါများ ဖြစ်ပွါးစေတတ် သကဲ့သို့ စာမကြေသော ရောဂါသည်လည်း နိုင်ငံတစ်ခု၏ ကိုယ်ခန္ဓာတွင် အခြားအခြားသော ရောဂါဆိုးများကို ဖြစ်ပွါးစေတတ်လေသည်’’ ဟု သတင်းစာဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်က ပြောကြားခဲ့ဖူးကြောင်း အစဉ်အဆက် မှတ်သားနာယူခဲ့ကြသည်။

          စာမကြေခြင်း၏ အန္တရာယ်ကို အလေးအနက်ထားသော ဂျာနယ်ကျော် ဦးချစ်မောင်က တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးတည်ချက်ထားကာ နဂါးနီစာအုပ်တိုက် တည်ထောင်သော လူငယ်များကို အကြံဥာဏ်ပေးခဲ့ဖူးကြောင်း၊ သို့ရာတွင် စာကြေအောင် မစီစဉ်ခဲ့ကြသဖြင့် လမ်းချော်မှုများရှိခဲ့ကြောင်းကို ယင်း၏နေ့စဉ်မှတ်တမ်းတွင် ရေးသားဖေါ်ပြခဲ့သည်။
…ဘာသာပြန်စာအုပ်၊ အထူးသဖြင့် နိုင်ငံရေးနှင့် စပ်လျဉ်းသည့် ဘာသာပြန် စာအုပ်များ ထုတ်ဝေမှုတွင် အစီအစဉ်မရှိပါက နိုင်ငံ၏ အသိဥာဏ်ရော အဖောက်ဖောက်အပြန်ပြန်နှင့် အမှန်အမှား မဝေခွဲတတ်ဖြစ်တတ်သည်။ဤကို မဆွကပင် မြင်သိ၍ နဂါးနီပုံနှိပ်တိုက်ကို တည်ထောင်စက နိုင်ငံရေး စာပေများကို ပထမဆင့်၊ဒုတိယဆင့်၊တတိယဆင့် စသည်အားဖြင့် အနုမှအရင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် လမ်းမှန်ဖြစ်အောင် စီစဉ်ထုတ်ဝေပေးဖို့ တိုက်တွန်းခဲ့သည်။သို့သော် အလေးမယူခဲ့ဘဲ လက်လှမ်းမီရာ အစီအစဉ်မ၇ှိ ပြန်ဆိုထုတ်ဝေကြသဖြင့် နုင်ငံတော်တွင် အယူအဆ မျှတစွာ ယူတတ်သူ၊နားလည်သူ နည်းပါးပြီးလျှင် တစ်အုပ်တွေ့၊ နှစ်အုပ်တွေ့နှင့် လွေ့လွေ့ရမ်းရမ်းသမားတို့သာ များလာခဲ့သည်။ ယခု နိုင်ငံတော်သစ် ထူထောင်ရာတွင် ထိုသူများကြီးကျယ်လာပြီဖြစ်ရာ အခြေခံမခိုင်ခြင်းကြောင့် လက်တည့်စမ်းစနစ်များသာ များနေတော့သည်ကို ဆင်ခြင်ဖွယ်ဖြစ်လေသည်။
          ဂျာနယ်ကျော် ဦးချစ်မောင်၏ သုံးသပ်ချက်သည် ခေတ်အဆက်ဆက် စာအုပ် စာပေထုတ်ဝေသူများနှင့် စာဖတ်သမား စာချစ်သူများ အထူးသတိပြု ဆင်ခြင်ဖွယ်ဖြစ်သည်။
          အနုမှ အရင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် လမ်းမှန်ဖြစ်အောင် ဟူသော စကားရပ်၊ အယူအဆမျှတစွာ ယူတတ်သူ၊ နားလည်မှုနည်းပါးပြီးလျှင် တစ်အုပ်တွေ့၊နှစ်အုပ်တွေ့နှင့် လွေ့လွေ့၇မ်းရမ်းသမား တို့သာ များလာခဲ့သည်ဟူသောစကားရပ် ၊ ထိုသူများကြီးကျယ်လာကြပြီဖြစ်ရာ အခြခံမခိုင်မာခြင်းကြောင့် လက်တည့်စမ်း စနစ်များသာ များနေတော့သည် ဟူသောစကားရပ်တို့ကို အနုလုံ ပဋ္ဋိလုံ စဉ်းစားပြီး သဘောပေါက် အပ်သည်ဟုယူဆသည်။
          တတ်ယောင်ကား ဟူသည် စနစ်တကျ လေ့လာတတ်ကျွမ်းမှု မရှိသူဖြစ်သည်။မတတ်သော်လည်း တတ်ဘိသကဲ့သို့ အထင်ရောက်နေသူ၊ အထင်ရောက်အောင် ဟန်ဆောင်နေသူဖြစ်သည်။
တတ်ယောင်ကားဘ၀မှလွန်မြောက်ဖို့မှာတစ်ဆင့်ပြီးတစ်ဆင့်လမ်းမှန်ကမ်းမှန် လေ့လာဆည်းပူးခြင်းသာလျှင် ဖြစ်ကြောင်း နှလုံးသွင်းအပ်သည်။

အတွေးအမြင်စာစဉ် (၁၇၈) မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment