Thursday, September 15, 2011

ရုပ်ရှင်သမိုင်းကြောင်းနှင့် အမျိုးသား စာကြည့်တိုက်တွင် ရှိသော ရုပ်ရှင်(မြန်မာ) စာအုပ်များ



ရုပ်ရှင်ဟူသော ဝေါဟာရမှာ အရုပ်များ ရှင်နေ၍ ရုပ်ရှင်ဟု ခေါ်သည်။
တစ်နည်းအားဖြင့် ရှင်းရသော် သရုပ်ဆောင်များက လှုပ်ရှားခြင်းနှင့် ကင်မရာက လှုပ်ရှားခြင်းကြောင့် အရုပ်များ ရှင်နေသည်ဟု အဓိပ္ပာယ် ရပါသည်။သက်ရှိ သတ္တ၀ါတစ်ဦး၏ လှုပ်ရှားမှု အစဉ်ကို ဓာတ်ပုံဖြင့် တစ်ခုချင်း ရိုက်ကူး၍ ဓာတ်ပုံတွဲ အဖြစ် စီစဉ် မှတ်တမ်း တင်ရန် ဦးဆောင်ညွှန်ပြသူ ပြည်နယ် အုပ်ချုပ်ရေးမှူး လီလဲန်စတင်းဖို့ဒ်နှင့် တီထွင် ရိုက်ကူးရသူ ဓာတ်ပုံဆရာ မိုင်းဘရစ်ခ်ျနှင့် အင်ဂျင်နီယာ ဂျွန်ဒီအိဆပ်တို့မှာ ကမ္ဘာ့ရုပ်ရှင် သမိုင်းတွင် ထင်ရှား ကျော်ကြားသော သမိုင်းဝင်ပုဂ္ဂိုလ်များ ဖြစ်လာကြပါသည်။ ဖြစ်ရပ်မှာ (၁၈၇၂)ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီး ယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း (ဘုရင်ခံ)စီးပွားရေး လုပ်ငန်းရှင် လီလဲန် စတင်းဖို့ဒ် (Leland Stanford) သည် မိတ်ဆွေ တစ်ဦးနှင့် စကား စပ်မိရင်း မြင်းများ ကဆုန်ပေါက် ပြေးရာတွင် မြင်းခွာ ခြေလက်လေးဖက်စလုံး မြေပြင်နှင့် လွတ်မလွတ်ကို အလောင်းအစားဖြင့် အငြင်းပွားကြခြင်း ဖြစ်သည်။
ထိုငြင်းခုံချက် မှန်မမှန် သက်သေ သာဓကပြုရန် အတွက် အက်ဒွက်မိုင်းဘ ရစ်ခ်ျ (Eadweard Muybridge) အမည် ရှိ ဓာတ်ပုံဆရာကို ခေါ်ယူကာဆောင် ရွက်စေရာ ရလဒ်ကို ကျေနပ်မှု မရှိသော ကြောင့် ဂျွန်ဒီအိဆပ်(John.D Issac) ဆိုသူ အင်ဂျင်နီယာ တစ်ဦးကို ထပ်မံငှား ရမ်းကာ လေးနက်သော အတွေးအခေါ်၊ ထူးခြားသော အစီအမံ တစ်ခုကို ညွှန်ကြား ပြုလုပ်စေသည်။ ထိုအစီအမံမှာ မြင်းပြေးလာမည့် လမ်းတစ်လျှောက် တစ်ဖက်တွင် ဓာတ်ပုံ ကင်မရာ ၂၄ လုံးကို အကွာအဝေး ညီမျှစွာ ချထားပြီး မျက်နှာချင်းဆိုင် တည့်တည့် လမ်းတစ်ဖက်တွင်လည်း ငုတ်တိုင် ၂၄ ခုကို အကွာအဝေး ညီမျှစွာ စိုက်ထူစေပြီးမှ ငုတ်တိုင်များနှင့် မျက်နှာချင်းဆိုင် တည့်တည့်ရှိ ကင်မရာ ခလုတ်များကို ကြိုးငယ် ၂၄ ချောင်းဖြင့် ပြေးလမ်းကို ကန့်လန့်ဖြတ်ကာ မြင်းခွာနှင့် မလွတ်အောင် မြေပြင်နှင့် နီးကပ်စွာ သွယ်တန်းသည်။

မြင်းကဆုန် ပေါက်၍ ဒုန်းပြေးလာသည့် အခါတွင် လမ်းကန့်လန့်ဖြတ်သွယ်ထား သော ကြိုးများကို မြင်းခွာနှင့် ရှပ်တိုက်မိပြီး ကြိုးများ တစ်ချောင်းပြီးတစ်ချောင်း ပြတ်တောက် သွားသောကြောင့် ကင်မရာ ၂၄ လုံးစလုံးမှ ခလုတ် ၂၄ ခုမှာ တစ်ခုပြီး တစ်ခု ပြုတ်ကျကာ ဓာတ်ပုံတစ်ပုံပြီး တစ်ပုံ ရိုက်ပြီးသား ဖြစ်သွားတော့သည်။ ရိုက်ယူ ပြီး နဂ္ဂတစ်များကို ဓာတ်ပုံ ကူးယူကြည့်လိုက်သော အခါတွင်မူကား ဓာတ်ပုံ ၂၄ ပုံ အနက် ၂ ပုံတွင် မြင်းခြေလက်လေးဖက်စလုံး မြေပြင်နှင့် မထိဘဲ လွတ်နေသည်ကို တွေ့မြင်ကြရသဖြင့် ပြည်နယ် အုပ်ချုပ်ရေးမှူး စတင်းဖို့ဒ် အနိုင်ရလိုက်သည်။

ထို့နောက်တွင်မူ လှုပ်ရှားမှု အစဉ် တစ်ခုတိုင်းကို ဆက်တိုက် စီရီ ရိုက်ကူးပါက ဓာတ်ပုံတွဲများ ဖြစ်ပေါ်လာသည့် အခြေခံ သဘောကို သုံးသပ်မိကာ နိုင်ငံတကာရှိ သိပ္ပံနှင့် စက်မှု ပညာရှင်များသည် ဓာတ်ပုံ တစ်ပုံချင်း ရိုက်ကူးရသည့် ပုံသေဓာတ်ပုံ ကင်မရာများ အစား လှုပ်ရှားမှု ပုံရိပ် အစ အဆုံး တစ်ခုလုံးကို မရပ်မနား အစီအရီ ဆက်တိုက်ရိုက်ကူးနိုင်သည့် ဖလင် ကော်ပြား အခွေလိပ်များ၊ ထိုကော်ပြား ခွေများကို ထည့်သွင်းကာ စဉ်ဆက် မပြတ် ရိုက်ကူးနိုင်သည့် ရုပ်ရှင်ဓာတ်ပုံ ကင်မရာများ၊ ရိုက်ကူးထားသည့် ဖလင် ကော်ပြားများကို မူလ လှုပ်ရှားမှု အစဉ်အတိုင်း ပြန်လည်ပြသ ပေးနိုင်သည့် ရုပ်ရှင်ပြစက်တို့ကိုပါ တီထွင် အသုံးပြုကြတော့သည်။

၁၉ ရာစု ကုန်လွန်ချိန်သည် ရုပ်ရှင် ကင်မရာများ၊ ရုပ်ရှင်ဖလင် ကော်ပြားများ၊ ရုပ်ရှင်ပြစက်များ ဖြစ်မြောက် အောင်မြင်လာကြသည့် ရုပ်ရှင်ခေတ်ဦး အစ စမ်းသပ် ကာလမျှသာ ဖြစ်သောကြောင့် စိတ်ကူးရရာ လှုပ်ရှားမှု အတို အထွာများကိုသာ မြေစမ်း ခရမ်းပျိုးသည့် အနေဖြင့် ရိုက်ကူး ပြသခဲ့ကြသည်။
လူတစ်ယောက်“ဟတ်ချိုး”ဟု နှာချေ ဆတ်လိုက်ပုံ၊ ကလေးငယ်ကို ကျွေးမွေး ပြုစုနေပုံ၊ စက်ရုံအတွင်းမှ လုပ် သားများ ထွက်လာပုံစသည့် အသေးအဖွဲ ဖြစ်ရပ် ကလေးများသည်ပင် ကမ္ဘာ့ရုပ် ရှင်သမိုင်းတွင် ပထမဦးဆုံး စတင်ရိုက် ကူးခဲ့သည့် ရုပ်ရှင်ကားများအဖြစ် မှတ် တမ်းတွင်ရစ်ခဲ့ပါသည်။

ထို့နောက်တွင်မူ ကမ္ဘာ့နိုင်ငံ အရပ်ရပ်မှ သာယာလှပသော ပသာဒ ရှုခင်းများ၊ ရုရှား- ဂျပန်စစ်ပွဲ၊ ဘိုးဝါးစစ်ပွဲ၊ ၀ိတိုရိယဘုရင်မ ဈာပနစသည့် ထူးခြား သောဖြစ်ရပ်များ၊ လက်ဝှေ့၊ နပန်း စသော အားကစားပြိုင်ပွဲများ၊ ဆပ်ကပ် ပွဲ၊ ကပွဲ၊ ပျော်ပွဲများပါ မကျန် လိုက်လံ ရိုက်ကူးကာ ကမ္ဘာလှည့် ပြသ ခဲ့ကြသည်။ ထိုသို့သော သတင်းမှတ်တမ်း တင်နှင့် ဖျော်ဖြေမှု သက်သက် ရုပ်ရှင်မှ တစ်ဆင့်တက်၍ ရုပ်ရှင်ပညာ သက်ရင့် ကျက်လာကြသည်နှင့် အမျှ ဖြစ်ရပ် အကြောင်းအရာ တစ်ခုခုကို အခြေပြုကာ ဇာတ်လမ်းပမာ ဖွဲ့ဆင် ရိုက်ကူး လာကြသည်။ ဇာတ်လမ်းဆိုသည်မှာ ဇာတ်၏ အကြောင်း၊ အဖြစ်အပျက်၊ ဖြစ်စဉ်များကို သီဖွဲ့ထားခြင်း ဖြစ်သည်။ ထိုနည်း အားဖြင့် ဤလောကတွင် ဖြစ်ပျက်နေသော အကြောင်းနှင့် အကျိုးများကို စီကာပတ်ကုံးစလယ်ဆုံးဖွဲ့နွဲ့ထားခြင်း ဖြစ်သည်။

၁၉၀၂ ခုနှစ်တွင် ပြင်သစ်လူမျိုး ဂျော့မယ်လီ၏ ကင်မရာ လှည့်စားမှု အတတ်ပညာဖြင့် ရိုက်ကူးခဲ့သော လဗိမာန်သို့ သွားရောက်ခြင်း(Way to the Moon) ? ၊ ၁၉၀၃-၁၉၀၄ ခုနှစ်တွင် အမေရိကန် လူမျိုး အက်ဒွင်အက်စ်ပေါ် တာ (Edwin S.Porter) ရိုက်ကူးခဲ့သော မီးရထား ဓားပြမှုကြီး The Great Train Robbery) အမည်ရှိ ကားပိုင်းတို ကလေးများမှ စတင်လာပါသည်။ ၁၉၀၈ ခုနှစ်လောက်တွင် အမေရိကန် ရုပ်ရှင် ဒါရိုက်တာကြီး ဒီဒဗလျူဂရစ်ဖစ် ၏ နိုင်ငံတစ်ခုမွေးဖွားခြင်း(The Birth of a Nation) စသည့် ရုပ်ရှင် ကားများသည် ရုပ်ရှင် ဇာတ်လမ်း၏ အဦးအစပင် ဖြစ်သည်။

ရုပ်ရှင်ဇာတ်လမ်း ဖြစ်ပေါ်လာစေရန် ယနေ့ရုပ်ရှင်၏ ၃၅ မမ ဖလင်ပေါ် တွင်ရှိ အရုပ်များသည် တစ်စက္ကန့်လျှင် တစ်ပေခွဲ၊ ဤတစ်ပေခွဲတွင် အရုပ် ကွက်လေးပေါင်း နှစ်ဆယ့်လေးကွက် ဖြင့် တစ်မိနစ်လျှင် ပေကိုးဆယ်၊ အရုပ် ကွက်ပေါင်း ၁၄၄၀ တို့ဖြင့် လှုပ်ရှားဖြစ် ပေါ်ပေးရသည်။ ဇာတ်ကားတစ်ကား ၏ ဖလင်ပေသည် တစ်သောင်းခန့်ရှိ နေသောကြောင့် ဤမျှသာ အရုပ်များ လှုပ်ရှားပြီး ဇာတ်လမ်းဖြစ်အောင် စီရင် ခင်းကျင်းပေးရသည်။ မြန်မာနိုင်ငံတွင် ၁၉၂၀ ပြည့်နှစ်၌ ဦးထွန်းရှိန် ဈာပန သတင်းကား တိုလေးအား လန်ဒန်အတ် ဦးအုန်းမောင် ရိုက်ကူးခဲ့သည်မှ မြန်မာ့ ရုပ်ရှင်ကို အစပြုခဲ့သည်။

ထူးခြားသည် မှာ ကိုလိုနီချယ်ချဲ့အင်္ဂလိပ် အုပ်ချုပ်ရေး လက်အောက်မှ လွတ်မြောက်ရေး အတွက် ဘိလပ်သို့ သွားရောက်ပြီး အရေး ဆိုခဲ့သည့် ဖေ၊ ပု၊ ရှိန်အဖွဲ့မှ အမျိုးသား ခေါင်းဆောင်တစ်ဦး ဖြစ်သော ဦးထွန်းရှိန် ကွယ်လွန်သည့် အခါ မှတ်တမ်းတင် သတင်းကားတိုလေး ရိုက်ကူးခြင်းဖြင့် မြန်မာ့ ရုပ်ရှင်မျိုးစေ့ စတင်ချခဲ့ခြင်း ဖြစ်ရာ အမျိုးသားရေး ရှုထောင့်မှ ကြည့်မည် ဆိုလျှင် မြန်မာ့ ရုပ်ရှင်သည် အမျိုးသားရေး လှုပ်ရှားမှုနှင့် အတူ သန္ဓေတည် မွေးဖွား ရှင်သန် လာခဲ့သည်။

ပထမဆုံး မြန်မာရုပ်ရှင် ဇာတ်ကားမှာ ဘားမားဖလင်မှ ရိုက်ကူးခဲ့သော မေတ္တာနှင့်သူရာ ဇာတ်ကားကို ၁၉၂၀ ပြည့်နှစ်အောက်တိုဘာလ ၁၃ ရက်နေ့ တွင် ရွိုင်ရယ်စီနီမားဒီပဲရစ်ရုံ၌ စတင်ပြ ခဲ့သည်။ ထိုဇာတ်ကား၏ ဇာတ်ညွှန်းကို ပိုက်ဆံကြီး အမည်ခံ စာရေးဆရာကြီး ပီမိုးနင်းက ရေးသားပေးခဲ့ပြီး၊ ပထမဆုံး မင်းသားမှာ မောင်ညီပု(ယခုကွယ်လွန် သူ ဦးညီပု- မဟာဝိဇ္ဇာထိုရ်ဖလင်)၊ ပထမဆုံးမင်းသမီးမှာ မအေးကြည်၊ မင်းသားပြိုင်မှာ နာမည်ကျော် မီးရထား ဘောလုံးသမား မောင်မောင်ချစ်၊ ဇာတ် ပို့ဇာတ်ရံများမှာ မောင်မောင်ကလေး၊ ဦးပု(ဒါရိုက်တာဦးတုတ်ကြီး)၊ ဦးပါ ကြီး၊ ဦးငြိမ်း(ဗိုလ်နဂါး) တို့ပါဝင်ခဲ့ကြ သည်။ ပထမဆုံး ဇာတ်လမ်းသည် မြန်မာလူမျိုးများ သင်ခန်းစာ ယူရန်၊ သတိ သံဝေဂရရန်၊ ဆင်ခြင်တုံ တရားများ ဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် အရက်ကြောင့် မည်မျှအတိ ဒုက္ခရောက်ရှိ ပုံများကို ဆုံးမပြသထားသည့် ပညာပေး ဇာတ်လမ်းကားဖြစ်သည်။

မေတ္တာနှင့် သူရာ ဇာတ်ကားတွင် ယနေ့ ဇာတ်ကားများကဲ့သို့ ဒါရိုက်တာ၊ ဓာတ်ပုံဆရာနှင့် သရုပ်ဆောင် အမည်များ ကို ဖော်ပြခြင်း မရှိသေးဘဲ မြန်မာဘာ သာဖြင့် ဘားမားဖလင်မှ ရိုက်ကူးသော မေတ္တာနှင့်သူရာ ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် Burma Film Presents Love ane Liquar ဟူ၍သာ ခေါင်းစီးစာတန်းထိုးပြသည်။ ဇာတ် ကားတွင် သရုပ်ဆောင်များပါးစပ်လှုပ် ၍ စကားပြောသည့်အခါတိုင်း ပြော စကားများကို အင်္ဂလိပ်-မြန်မာနှစ် ဘာသာဖြင့် စာတန်းထိုးပြသည်။ ယင်း ကို ဆရာကြီးပီမိုးနင်းက ဘာသာပြန်ပေး ခဲ့သည်။

ဇာတ်ကား၏ နောက်ခံတီးလုံး အဖြစ် သီးခြား စပ်ဆိုထားသော ဇာတ်ကွက်ဝင် သီချင်းများ မရှိသေးသဖြင့် စန္ဒရား တစ်လုံးတည်းဖြင့်ပင် အငြိမ့်၊ ဇာတ်သဘင်များတွင် တီးလေ့ရှိသော အပျိုတော်၊ ခုနစ်သံချီ၊ သံမှန်၊ ခြောက် ပေါက်၊ ငါးပေါက်စသော တီးလုံးများ ကို ဇာတ်ကွက်နှင့် အလျဉ်းသင့်သလို တီးပေးကြရသည်။ ဇာတ်လမ်းအရ ပြေးခန်း၊ လိုက်ခန်း၊ ထိုးကြိတ်သတ်ပုတ် ကယ်ဆယ်ခန်း စသည့် အကြမ်းပတမ်း လှုပ်ရှားခန်းများ အတွက် ဗိန်း ဗောင်း၊ နောင်ဂျိန်ဆိုင်းများ တီးရန် ဗုံ၊ စည်၊ ဘင်စသည့် တူရိယာ ပစ္စည်းများ မရှိသောကြောင့် တီးလက်စတီးလုံးကို သာ အရှိန်မပျက် ဆက်လက် တီးကြသည်။ မေတ္တာနှင့်သူရာ ဇာတ်ကားတွင် အသုံးပြုရသော ရုပ်ရှင် ပေါ်ဦးစ ကျွဲကော် ဖလင်များမှာ ပုံရိပ် စွဲထင်နိုင်မှု ဆေးသား အင်အား နည်းပါးလှသည်။ ရိုက်ကူးရာတွင်လည်း ပါဝင်သူများ၏ ပုံရိပ်များ ထင်ရှား ပေါ်လွင်နိုင်အောင် ရောင်ပြန် မှန်များဖြင့် အလင်းရောင်ထိုး ပေးရသည်ကို မသိရှိသေးကြသဖြင့် ရုံတင်ပြသသော အခါ ပါဝင် သရုပ်ဆောင် သူများမှာ ကပ္ပလီများပမာ မည်းကြုတ် နေကြသည်။

မြန်မာအဆွေ ကုမ္ပဏီမှ ပထမဦးဆုံး ရိုက်ကူးသည့် တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားသည် ဇာတ်ဝင် တေးများကို သီးခြားရေးစပ်တီးမှုတ်ပေး ရသည့် ပထမဆုံးမြန်မာရုပ်ရှင်ဇာတ် ကားဖြစ်သည်။ တောမြိုင်စွန်း ဇာတ်ကားကို ရန်ကုန်မြို့တွင် စီနီမာဒီပဲရစ် နှင့် ရွိုင်ရယ်ရုံတို့တွင် နှစ်ရုံခွဲ၍ ပြရ သည်။ စီနီမာဒီပဲရစ်ရုံတွင် စန္ဒရားဦးသာ ဒင်၊ တယောကိုဘရီ၊ အဆိုတော် ပြည်မောင်ကြီး၊ မတင်လှတို့ ပါဝင်သော တေးဂီတအဖွဲ့က တီးမှုတ် သီဆိုကြပြီး ရွိုင်ရယ်ရုံ သစ်တွင် စန္ဒရားဦးဘလတ်၊ တယော ၁၁ လမ်း ကိုမောင်မောင်၊ အဆိုတော် လှည်းတန်းဦး လူကလေးနှင့် ဒေါ် အုန်းမေကြီးတို့က တီးမှုတ် သီဆိုကြ သည်။ ထို့ကြောင့် တောမြိုင်စွန်းသည် ပထမဆုံး နှစ်ရုံခွဲ ပြရသော ဇာတ်ကား ဖြစ်သည့်ပြင် တီးဝိုင်း နှစ်ဝိုင်းကိုပါ နှစ်ရုံခွဲ၍ တီးမှုတ်စေပြီး အမျိုးသမီးအဆို တော်များပါ ပထမဆုံး ပါဝင် သီဆို လာကြခြင်း ဖြစ်သည်။

၁၉၃၀ ၀န်းကျင် တစ်ဝိုက်၌ မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံရေး မငြိမ်သက်မှုများ များပြားစွာ ဖြစ်ပေါ်ခဲ့သော ကြောင့် ရုပ်ရှင် လုပ်ငန်းမှာ ခေတ္တရပ် ဆိုင်းသွားခဲ့ရသည်။ ၁၉၃၂ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ပထမဆုံး မြန်မာ အသံထွက် ရုပ်ရှင် ဇာတ်ကားဖြစ်သည့် ငွေပေးလို့မရ ဇာတ်ကားကို ပလာဇာရုပ်ရှင် ရုံ (နောင်-ရာဇ်၊ ရဲရင့်၊ ယခု ဆာကူရာ) တွင် ပြသခဲ့သည်။

မြန်မာ့ ပထမဆုံး ကာတွန်းရုပ်ရှင် ကို ၁၉၂၉ ခုနှစ်တွင် ကာတွန်း ဆရာကြီး ဦးဟိန်စွန်းနှင့် စာရေးဆရာဦးသိန်း (ဇ၀န)တို့ ရေးဆွဲသော ]ဦးကလိန်}တေး သရုပ်ဖော် ကာတွန်းဖြင့် စတင်ခဲ့သည်။ ဗန္ဓုလရုပ်ရှင်မှ ရိုက်ကူး ထုတ်လုပ်သည့် ကာတွန်းရုပ်ရှင်မှာ ဇာတ်လမ်းရုပ်ရှင် မဟုတ်ဘဲ ဦးကလိန် ခေါ် ရည်းစား မျှော်သီချင်းကို လိုက်ဆိုတေး (ယခု ကာရာအိုကေ)အဖြစ် ရေးဆွဲ ရိုက်ကူး ထားသည့် ကာတွန်းတိုကလေးမျှသာ ဖြစ်သည်။ ထို့နောက် ၁၉၃၄ ခုနှစ်ဦး ပိုင်းတွင် မြန်မာ့ပထမဆုံး ကာတွန်းဇာတ် လမ်းရုပ်ရှင်ကားဟု မှတ်တမ်း တင်ရမည့် ခင်ခင်တွန့်ခေါ် မိုက်ခဲဟေ့ အမည်ရှိ ကာတွန်းဇာတ်ကား ပေါ်လာသည်။ ဗြိတိသျှဘားမား ရုပ်ရှင်မှ ရိုက်ကူး ထုတ်လုပ်သည့် ကာတွန်းဇာတ် လမ်းရုပ်ရှင် ပါရုပ်များကို ကာတွန်းဆရာ ကြီး ပျဉ်းမနား ဦးလှက ရေးဆွဲသည်။ ကာတွန်း ဇာတ်ကားမှ မင်းသား အမည်မှာ မိုက်ခဲဖြစ်၍ မင်းသမီးမှာ ခင်ခင်တွန့် ဖြစ်သည်။

၁၉၄၁ ခုနှစ်ကုန်ခါနီးတွင် ဒုတိ ယကမ္ဘာစစ်ကြီးသည် မြန်မာနိုင်ငံသို့ ကူးစက်လာရာ မြန်မာ့ရုပ်ရှင် လုပ်ငန်းသည် စစ်အတွင်းကာလ၌ လုံးဝဆိတ် သုဉ်းသွားခဲ့ရသည်။ ၁၉၄၂ မှ ၁၉၄၅ ခုနှစ် အတွင်း၌ ရုပ်ရှင် ပညာသည် တစ်စုက ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရန် အခြေအနေ မပေးသေးသောကြောင့် အနုပညာ သမားများနှင့် တကွ ဆရာ ဒဂုန်တင်၊ ဒါရိုက်တာ ဦးဘဇင်တို့ ခေါင်း ဆောင်ကာ ကြည့်မြင်တိုင်၊ ထီးတန်းတ ရုတ်ကျောင်းကြီး အတွင်းရှိ အားကစား ကွင်းကို ကျူထရံကာ၊ ဇာတ်ခုံ ထိုး၍ ပြဇာတ်များ စတင် ကပြခဲ့ကြသည်။

၁၉၄၆ ခုနှစ်တွင် ဗြိတိသျှ အစိုးရ ပြန်လည် ရောက်ရှိလာကာ ရုပ်ရှင် စစ်ဆေးရေး ဆင်ဆာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ သည်။ ထိုစဉ် ကာလ၌ ရုပ်ရှင်ဇာတ်ကား များ ရိုက်ကူး ခဲ့ကြရာတွင် နယ်ချဲ့ဆန့်ကျင်ရေး ရဲရဲတောက် အမည်ပါ ဇာတ်ကားများကို အများဆုံး ရိုက်ကူးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် မြန်မာရုပ်ရှင်ဇာတ် ကားများ အတွက် ဖလင်ပိုင်းများ တင်သွင်းရန် မြန်မာ ကိုယ်စားလှယ် ဖြစ်သော တီအင် အဟူဂျာ ကုမ္ပဏီကို သွင်းကုန်လိုင် စင်ထုတ် မပေးသောကြောင့် ဖလင်လုံးဝ မရရှိသဖြင့် မြန်မာရုပ်ရှင် ကုမ္ပဏီများ ရုပ်ရှင် ရိုက်ကူးခြင်းမှ ခေတ္တ ရပ်နား ခဲ့ကြ ရသည်။

၁၉၅၂ ခုနှစ်တွင် မြန်မာရုပ်ရှင် အနုပညာနှင့် စက်မှု လက်မှုများ တိုးတက် ဖွံ့ဖြိုးလာစေရန် မြန်မာ နိုင်ငံတော် အစိုးရ ပြန်ကြားရေး ဌာနတွင် မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ် အဖွဲ့ ဟူ၍ ဖွဲ့စည်းခဲ့ပြီး မြန်မာရုပ်ရှင် ဇာတ်ကားများကို စတင် ကြည့်ရှု စစ်ဆေးခဲ့ပြီး အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသား ပညာသည်ဆု၊ အကောင်းဆုံး အမျိုးသမီး ပညာသည် ဆုဟူ၍ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု သုံးဆု ပေးခဲ့သည်။ ပထမဦးစွာ အကောင်းဆုံး ဇာတ်ကားဆု အဖြစ် ပထမ ချစ်သက်ဝေ (အေ၀မ်းရုပ်ရှင်)၊ ဒုတိယ မယားနဲ့လူပျို (အောင်ဇေယျရုပ်ရှင်)၊ တတိယ ချစ်၍ ခေါ်ရာ (ဗြိတိသျှဘားမား ရုပ်ရှင်)တို့ဖြစ် သည်။

ထိုဆုရ ဇာတ်ကားများမှာ ချစ်သက်ဝေ ဇာတ်ညွှန်းကို ဦးတင်မောင်က လည်းကောင်း၊ မယားနဲ့ လူပျို ဇာတ်ညွှန်းကို ဒါရိုက်တာ မောင်လှတင်က လည်းကောင်း၊ ချစ်၍ခေါ်ရာ ဇာတ်ညွှန်းကို သိန်းဖေမြင့်က လည်းကောင်း ရေးသားခဲ့သည်။ ပထမဆုံး အကောင်းဆုံး အမျိုးသားပညာသည်ဆုကို ကျော် ၀င်း (မာလာရီဇာတ်ကား) ကလည်းကောင်း၊ အကောင်းဆုံး အမျိုးသမီး ရုပ်ရှင် ပညာသည် ဆုကို ကြည်ကြည်ဌေး (ချစ်သက်ဝေ) ကလည်းကောင်း ရရှိခဲ့သည်။ ထိုကဲ့သို့ ရုပ်ရှင် အကယ်ဒမီ ရွှေစင်ဆုများကို ချီးမြှင့်ရာတွင် တစ်နှစ်ထက် တစ်နှစ် အကယ်ဒမီဆု အမျိုးအစား များကို တိုးမြှင့် ချီးမြှင့်ခဲ့ရာ ယခုအခါ တွင် အမျိုးအစား ၁၁ မျိုး အထိ ချီးမြှင့်ပေးလျက် ရှိသည်။ ယနေ့ အချိန်အထိ တိုးချဲ့ချီးမြှင့်ပေးခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၁၁ မျိုးမှာ-

၁။ ရုပ်ရှင်ဇာတ်ကား တည်းဖြတ် ဆု
၂။ ရုပ်ရှင်အသံ ထူးချွန်ဆု
၃။ ရုပ်ရှင်ဓာတ်ပုံဆု
၎။ ရုပ်ရှင် တေးဂီတဆု
၅။ ရုပ်ရှင် ဇာတ်ညွှန်းဆု
၆။ အမျိုးသမီး ဇာတ်ပို့ဆု
၇။ ရုပ်ရှင်ဇာတ်ကားဆု
၈။ အမျိုးသား ဇာတ်ပို့ဆု
၉။ ရုပ်ရှင် ဒါရိုက်တာဆု
၁၀။ အမျိုးသမီး ဇာတ်ဆောင်ဆု
၁၁။ အမျိုးသား ဇာတ်ဆောင်ဆု
တို့ဖြစ်ကြသည်။

ရုပ်ရှင်ထူးချွန်ဆု စတင် ချီးမြှင့်စဉ် က ကျပ် ၁၅၀၀ တန် ရွှေငါးမူးသား ရင်ထိုး တံဆိပ်နှင့် ခြင်္သေ့ရုပ်တုသာ ဖြစ်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်မှစ၍ ငွေ ကြယ်ကို လှမ်းဆွတ်နေဟန် ကညာပျိုရွှေ စင်ရုပ်ဆုကို ချီးမြှင့်ခြင်းဖြစ်ပါသည်။ အမျိုးသား စာကြည့်တိုက်တွင် ရှိသော ရုပ်ရှင်(မြန်မာ)စာအုပ်များကို ခုနှစ် အလိုက်စီ၍ စာအုပ် အမည်နှင့် တကွ စာရေးသူ အမည်များကိုပါ ဖော်ပြပေး လိုက်ပါသည်။ ၎င်းတို့မှာ အောက်ဖော် ပြပါအတိုင်း ဖြစ်ပါသည်။

၁။၁၉၂၈ ရုပ်ရှင်ပညာ။
၂။၁၉၆၀ ရုပ်ရှင်အနုပညာသည် များနှင့် တွေ့ဆုံခြင်း၊ မျက်မှောက်ခေတ် ရုပ်ရှင်ပညာသည်များအား လေ့လာမြင် တွေ့ချက်၊ အမှတ်(၁)။
၃။၁၉၆၃ ရုပ်ရှင်ပညာသိစရာ၊ ထွန်းလှိုင်။
၎။၁၉၆၅ ရုပ်ရှင်ဇာတ်ညွှန်း ကောင်းတစ်ပုဒ်၊ ပြည့်စုံ။
၅။၁၉၆၅ ရုပ်ရှင်နှင့်တေး။
၆။၁၉၆၅ ရုပ်ရှင်နှင့်တေး၊ ဒုတိယ တွဲ။
၇။၁၉၆၆ ကျွန်ုပ်နှင့်မြန်မာရုပ်ရှင် လောက၊ ဒဂုဏ်ပဦးဘတင်။
၈။၁၉၆၆ ရုပ်ရှင်တေး။
၉။၁၉၆၆ ရုပ်ရှင်နှင့်တေး(အထူး)၊ စီစဉ်သူ ရန်ကုန်လှမြင့်။
၁၀။၁၉၆၇ ၁၉၆၇ ခု ဖလင်အယ် လ်ဗန်၊ တက္ကသိုလ်မောင်လှသူ။
၁၁။၁၉၆၇ မြန်မာ့ရုပ်ရှင် ရေစီး ကြောင်း၊ တက္ကသိုလ်မောင်လှသူနှင့် မောင်စင်ကြယ်။
၁၂။၁၉၆၈ ရုပ်ရှင်၊ မောင်ရည် အောင်။
၁၃။၁၉၆၉ ရုပ်ရှင် ဇာတ်လမ်းစုံ၊ တက္ကသိုလ်မောင်လှသူ။
၁၄။၁၉၆၉ ရုပ်ရှင်တေးတစ်ရာ။
၁၅။၁၉၆၉ ရုပ်ရှင်တေး ၁၀၀၀၊ အမှတ် (၂)။
၁၆။၁၉၆၉ ရုပ်ရှင်တေး ၁၀၀၁။
၁၇။၁၉၇၀ ရုပ်ရှင် တေးပဒေသာ။
၁၈။၁၉၇၀ ရုပ်ရှင် တေးပေါင်းချုပ်။
၁၉။၁၉၇၀ ရုပ်ရှင်မင်းသား မင်းသမီး ဖြစ်လိုသော်၊ အောင်သာနိုင်။
၂၀။၁၉၇၁ ရုပ်ရှင် သီချင်းများ (၁၉၆၉-၇၀)၊ ရုပ်ရှင် သီချင်းတေး ပေါင်းချုပ်၊ အမှတ်(၁)၊ စီစဉ်သူ ရုပ်ရှင် ၀ါသနာရှင် တစ်ဦး။
၂၁။၁၉၇၂ မြန်မာ့ ရုပ်ရှင်ကြယ်ပွင့် များ၊ ဂိုး လှအုန်း။
၂၂။၁၉၇၂ ရုပ်ရှင် အနုပညာနှင့် ရုပ်ရှင် အတတ်ပညာ အခြေခံများ၊ ဆန်းလွင်။
၂၃။၁၉၇၂ ဖလင်မိတ်ဆက်၊ စီစဉ် သူ ဗဟိုသန်းနိုင်။
၂၄။၁၉၇၃ ရုပ်ရှင်ရွှေစင်ဆု(၁၉၅၂
-၁၉၇၁)၊ တက္ကသိုလ်မောင်လှသူ။
၂၅။၁၉၇၅ ရုပ်ရှင်ဂီတနှင့် ကျွန် တော်၊ စစ်ကိုင်းလှရွှေ။
၂၆။၁၉၇၅ ရုပ်ရှင်သီချင်းပေါင်း ချုပ်၊ စီစဉ်သူ ကိုလေးလွင်နှင့် ရန်ကင်း ကိုကိုလေး။
၂၇။၁၉၇၆ ရုပ်ရှင်နှင့်ကျွန်တော်၊ ပြည့်စုံ။
၂၈။၁၉၇၇ ရုပ်ရှင်ပညာအမြုတေ၊ ရွှေဒုံးဘီအောင်။
၂၉။၁၉၇၈ မြန်မာ့ရုပ်ရှင်ထူးချွန် ဆု(၁၉၅၂-၁၉၇၆)၊ မောင်စင်ကြယ်(အ မျိုးသားစာပေဆုရ)
၃၀။၁၉၇၈ ရုပ်ရှင်ကားတစ်ကား၊ မောင်သိင်္ခ။
၃၁။၁၉၈၄ ရုပ်ရှင်မျက်ဝန်းသစ် နှင့် ရုပ်ရုပ်ဆိုင်ရာစာပေ။
၃၂။၁၉၈၇ ရုပ်ရှင်မင်းသားမင်း သမီးပေါင်းစုံတို့၏ အကြောင်းစုံများ၊ မောင်ယဉ်ကျော်။
၃၃။၁၉၉၁ ရုပ်ရှင်၊ ရုပ်မြင်၊ ဗီဒီ ယိုဘယ်လိုရိုက်မယ်၊ ဒါရိုက်တာမြင့် မောင်။
၃၄။၁၉၉၂ မြန်မာ့ရုပ်ရှင်ဇာတ် ညွှန်းပညာရပ်ဆိုင်ရာစာတမ်း။
၃၅။၁၉၉၆ မြန်မာ့ရုပ်ရှင်ဆရာကြီး များ၏ အဆိုအမိန့်များ။
၃၆။၁၉၉၇ မြန်မာ့ရုပ်ရှင်အကျော် ကြားဆုံးနှင့် ပရိသတ်အင်အားအများဆုံး မင်းသားများ၊ အမှတ်(၁)။
၃၇။ ၁၉၉၇ သူ့ကျွန်မခံပြီ ရုပ်ရှင် ဇာတ်ကား၏ဂယက်များ။
၃၈။၂၀၀၀ ကာတွန်းရုပ်ရှင်၏ မူလဇာစ်မြစ်နှင့် ဖန်တီးမှုအဆင့်ဆင့်၊ မိုးဇော်ဦး(ယဉ်ကျေးမှုတက္ကသိုလ်)။
၃၉။၂၀၀၀ ရုပ်ရှင်ရိုက်သူများ၊ ဒါ ရိုက်တာထွန်းလှိုင်။
၄၀။၂၀၀၂ ရုပ်ရှင်လောက ဘ၀သံ သရာ၊ သုခ။
၄၁။၂၀၀၃ ဇာတ်လမ်းပညာ အတွဲ (၁)၊ တင်သန်းဦး။
၄၂။၂၀၀၃ ဇာတ်လမ်းပညာ အတွဲ (၂)၊ တင်သန်းဦး။
၄၃။၂၀၀၄ ရုပ်ရှင်၊ နေမျိုး။
၄၄။၂၀၀၄ ရုပ်ရှင်သရုပ်ဆောင် လမ်းညွှန်၊ ဒါရိုက်တာရဲဝန်ထမ်းဟောင်း တစ်ဦး။
၄၅။၂၀၀၄ မြန်မာ့ရုပ်ရှင် သမိုင်းစဉ်(ငွေရတုကာလ) ၁၉၂၀-၁၉၄၅ ခုနှစ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး။
၄၆။၂၀၀၄ အမေ့နို့ဖိုးရုပ်ရှင်ဇာတ်ညွှန်း၊ ငြိမ်းမင်း။
၄၇။၂၀၀၅ ကျန်စစ်သားရုပ်ရှင် ဇာတ်ညွှန်း၊ မြင့်ဦးဦးမြင့်နှင့် မြမြင့်မိုရ်။
၄၈။၂၀၀၅ သရုပ်ဆောင်ကောင်း ဖြစ်ချင်ရင်၊ နန်းထိုက်စိုး(နိုင်ငံခြားဘာသာ သိပံ္ပ)။
၄၉။၂၀၀၆ ရုပ်ရှင်သမိုင်းနှင့် မြန်မာ့ရုပ်ရှင်မှတ်တမ်း၊ အေးအေးစိုး(ဖျာပုံ)။
၅၀။၂၀၀၇ ၂၀၀၅ ဗခေိနာပ ဗူဘကာ
၅၁။၂၀၀၉ ရုပ်ရှင်ရုပ်မြင် တည်းဖြတ်မှု ပညာ အခြေခံ၊ ထပ်ဆင့် အကယ်ဒမီ တည်းဖြတ် ဦးမြင့်ခိုင်။



သီတာအောင်
၊အမျိုးသားစာကြည့်တိုက်၊

ကျမ်းကိုးကား စာအုပ်များ
၁။ဆန်းလွင်။ ရုပ်ရှင် အနုပညာနှင့် ရုပ်ရှင် အတတ်ပညာ အခြေခံများ။
ရန်ကုန်၊ ကာယသုခ စာပေ၊ ၁၉၇၂။ ၃၅၄ စာ၊ ပုံများ၊ ၂၄ စင်တီ။
၂။မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး။ မြန်မာ့ရုပ်ရှင် သမိုင်းစဉ် (ငွေရတုကာလ) (၁၉၂၀-၁၉၄၅)။ ရန်ကုန်၊ ယင်းအဖွဲ့၊ ၂၀၀၄။ င၊ ၂၈၇ စာ၊ ပုံများ၊ ၂၄ စင်တီ။
၃။မြန်မာ့ရုပ်ရှင် ဆရာကြီးများ၏ အဆိုအမိန့်များ။ ရန်ကုန်၊ ၀င်းစာပေ၊ ၁၉၉၆။ စ၊ ၁၇၉ စာ၊ ပုံများ၊ ၂၄ စင်တီ။
၎။မြန်မာ့ရုပ်ရှင် ဇာတ်ညွှန်းပညာ ရပ်ဆိုင်ရာ
စာတမ်း။ ရန်ကုန်၊ မြန်မာနိုင်ငံ
ရုပ်ရှင် အစည်းအရုံး ဇာတ်လမ်း
ဇာတ်ညွှန်း အခြေခံအဖွဲ့၊ ၁၉၉၂။
၈၁ စာ၊ ၃၀ စင်တီ။
(ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀)


naing linn က ပို့စ်တင်ပြီး မေးမြန်ထားသဖြင့် ရွှေအမြုတေအွန်လိုင်းမဂ္ဂဇင်း

0 comments:

Post a Comment