Monday, September 12, 2011

ရွှေဝါရောင်တော်လှန်ရေးနှင့် အကျဉ်းကျသာသနာ့အာဇာနည်များ


               ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်ပြည့်ပြီလို့ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်လိုက်လဲဆိုရင် အော် ငါနဲ့အတူတူသွား      အတူတူစား အတူတူအစည်းအဝေးပွဲထိုင် အတူတူ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွေဆင်နွဲခဲ့ကြတဲ့သူငယ်ချင်းရဟန်းသံဃာတွေ  ကြံ့ဖွတ်စစ်  အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ အနှိပ်စက်ခံအကျဉ်းကျခံနေရတာ (၄) နှစ်ကြီးများတောင်ရှိသွားပါပြီလားလို့ ပြေးမြင်မိပါတယ်။ မြတ်စွာဘုရားရှင်၏မေတ္တာသုတ်ပရိတ် တရားတော်များကို မေတ္တာပို့ရွတ်ဆိုကာငြိမ်းချမ်းစွာလမ်းလျှောက် ရုံဖြင့် ၀ါးရင်းဒုတ်နှင့်အရိုက်ခံကြရ၊သေနတ်နှင့်အပစ်ခံကြရ၊ကျောင်းတိုက်များကို ညစဉ် သူပုန်စခန်းစီးသလို ၀င်ရောက်ရိုက်နက် သတ်ဖြတ်ကာဖမ်းဆီးခေါ်ဆောင်သွားပြီးနှစ်၇ှည်ထောင်ဒဏ်တွေချပစ်ကြတယ်။အလုပ်ကြမ်းနှင့်ရဲ ဘက်စခန်းတွေကို ပို့ပစ်ကြတယ်။  ကျောင်းတိုက်ပေါင်း ၆၀ ကျော်ကို  ချိတ်ပိတ်ပစ်ကြတယ်။














အရှင်ဣဿရိယနှင့်သူငယ်ချင်းများ



ရဟန်းသံဃာအဖြစ်နဲ့ငယ်စဉ်ကလေးဘ၀ကတည်းနေလာခဲ့ကြတာ အလုပ်ကြမ်းလည်းမလုပ်ဖူးဘူး၊  မြတ်စွာဘု၇ားရှင်ရဲ့တရားဒေသနာတော်တွေကို သင်ယူပို့ချ ဟောပြောဆုံးမပြီးနေခဲ့ကြတာ၊ အခုသူတို့ ဘ၀တွေအလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေကျ တစ်ချို့ထောင်ထဲမှာ ပျံလွန်တော်မူကြရတယ်။
သူငယ်ချင်းဖြစ်သူ ဦးဂမ္ဘီရ ဆိုရင် ထောင်ဒဏ် (၆၃)နှစ်နှင့် သူငယ်ချင်းဖြစ်သူ ဦးခေမိန္ဒ(ဦးကေသရ)ဆိုရင် ထောင်ဒဏ် (၃၅)ကျခံနေရတယ်။






 ဦးဂမ္ဘီရ ဆိုရင် ထောင်ဒဏ် (၆၃)နှစ်



ဦးခေမိန္ဒ (ထောင်ဒဏ် ၃၅ နှစ်)








 ဦးခေမိန္ဒ ဟာစာရေးသူတို့ထက်ဝါကြီးပါတယ်။ မန္တလေးမြို့ ၁၉၉၀ ပြည့် ဆွမ်းလောင်းပွဲကြီးမှာ အေးဆေးစွာ ဆွမ်းခံကြွနေတဲ့သံဃာတော်တွေကို စစ်အစိုးရက သေနတ်နှင့်ပစ် စစ်ဖိနပ်နဲ့ကန်ကျောက် ထောင်ထဲပို့ခဲ့တာမို့ ဒီလောက်ကြမ်းကြုပ်စော်ကားတဲ့ စစ်အစိုးရကို မြတ်စွာဘုရားရှင် ဓမ္မစက်နဲ့ဆုံးမမှသာလျှင်ရမယ်ဆိုပြီး ဆရာတော်ကြီးများကိုယ်တိုင် ဦးဆောင်၍ ပတ္တနိက္ကုဇ္ဖန ကမ္မ၀ါ၇ွတ်ဆိုကာ စစ်အစိုးရကို မည်သည့်သံဃာမှ အပေါင်းဖေါ်မပြုရ  ပစ္စည်းလေးပါး အလှူမခံရ စသည်ဖြင့်အမိန့်ထုတ်ကာ ရဲရဲရင့်ရင့် သပိတ်မှောက်ခဲ့ကြပါတယ်။ဒီလိုသပိတ်မှောက်ထားတဲ့အတွက်  စစ်အစိုးရ အုပ်စုတွေဘက်က ဆွမ်းစား သာရေး နာရေးပင့်တဲ့အခါ မည်သည့်သံဃာမှ မလိုက်ကြပါ။အလှူမခံကြပါ။ဒီပြင်းထန်မှုဟာ တနိုင်ငံလုံးထိ ပျံ့နံ့လာပါတယ်။ ဒါကိုအင်မတန်ကြောက်သွားတဲ့ စစ်အုပ်စုဟာ သူတို့ရဲ့ မ ဟ န ဆရာတော်ကြီးများကို သေနတ်နဲ့ထောက် အမိန့်ထုတ်ခိုင်းကာ သံဃာဖမ်းပွဲစတင်ကျင်းပပါတော့တယ်။သံဃာဖမ်း ပွဲမှာ တနိုင်ငံလုံးက လေးစား၇သော သံဃာအပါးတစ်ထောင်ကျော်ကို စာချပေးနေတဲ့ နာယက ဆရာတော်ကြီးတွေ ၊တိပိဋ္ဋကဓရ ဆရာတော်ကြီးတွေ ၊သကျသီဟ ဓမ္မာစရိယဘွဲ့ရ ဘိဝံသ ဆရာတော်ကြီးတွေ မြောက်များစွာထောင်ကျခံနှိပ်စက်ခံခဲ့ကြရပါတယ်။  တချို့ဆရာတော်ကြီးတွေထောင်ထဲမှာ ပျံလွန်တော်မူကြပါတယ်။တချို့ဆရာ တော်ကြီးများ ထောင်ကလွတ်ပြီးမကြာမီမှာ ထောင်ထဲက ဒဏ်တွေကြောင့်ပျံလွန်တော်မူခဲ့ကြရပါတယ်။၁၉၉၀ ပြည့်သပိတ်မှာ   ရှေ့တန်းကနေမားမားမတ်မတ်ပါဝင်ခဲ့လို့ထောင်ကျသွားတဲ့အထဲမှာ အခု ၂၀၀၇ေ၇ွှဝါရောင်တော်လှန်ရေးမှာထပ်မံ ထောင်ဒဏ် (၃၅)နှစ်အကျခံရတဲ့သူငယ်ချင်းဖြစ်သူ ဦးခေမိန္ဒ(ဦးကေသရ)ဟာတစ်ပါးအပါးအ၀င်ဖြစ်ခဲ့ပါတယ်။ဦးခေမိန္ဒဟာ အင်မတန်သတ္တိပြောင်မြောက်သူတစ်ပါးဖြစ်ပါတယ်။

(မြန်မာနိုင်ငံလုံးဆိုင်ရာသံဃသမ္မဂ္ဂီအဖွဲ့(မန္တလေး)အရှင်ဣဿရိယ၊အရှင်သြဘာသ၊အရှင်ခေမိန္ဒ၊ အရှင်ပညာသီရီ၊)

စာရေးသူတို့မန္တလေးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာသမဂ္ဂီ ကိုပြန်လည် ဖွဲ့စည်းတော့ေ၇ှ့တန်းကနေမားမားမတ်မတ်ဦးဆောင်ပါဝင်ခဲ့ပါတယ်။သံဃာသမဂ္ဂီအသင်းဖွဲ့စဉ်မှာ သူပြောသွားတဲ့စကားလေးကို ယနေ့ထက်ထိကြားယောင်နေမိပါတယ်။’’ဒို့တတွေသတ္တိရှိရမယ် ဒို့နိုင်ငံသူနိုင်ငံသားတွေအတွက် ဒို့ဘ၀ကိုစတေးရမယ် အ၇င်ကလည်းစတေးခဲ့တယ် အခုလည်းပဲစတေးအုံးမယ်တဲ့’’ သူပြောတဲ့အတိုင်းပြတ်ပြတ်သားသားလုပ်ခဲ့ ပါတယ်။ ၂၀၀၇ စက်တင်ဘာ  ၂ ရက်နေ့မှာ ဦးဂမ္ဘီရ မန္တလေးကိုရောက်လာတော့ ဦးခေမိန္ဒ၊ဦးပညာသီရိ၊ ဦးလင်း အပါအ၀င် သံဃာတော် ၁၀ ပါးနှင့် စာရေးသူတို့ထပ်မံအစည်းအဝေးလုပ်ကြပါတယ်။ဦးဂမ္ဘီရ ရန်ကုန်မှပါလာသော သံဃာတော်များပန်ကြားလွှာ နှင့် စာရေးသူတို့ထုတ်ဝေထားသော သံဃာတော်များသို့ပန်ကြားလွှာများကို ဆက်လက်ဖြန့်ဝေရေး များကိုညှိနိုင်းတိုင်ပင်ကြပါတယ်။ ၂၀၀၇ စက်တင်ဘာ ၅ ရက်နေ့မှာ ပခုက္ကူမြို့တွင် သံဃာတော် အပါး ၅၀၀ ကျော်ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်စဉ် စစ်အုပ်စုမှ သံဃာတော်များကို တိရစ္ဆာန်များဖမ်းသလို ကြိုးကွင်းနဲ့ပစ်ဖမ်း ဓါတ်တိုင်မှာ ကြိုးနဲ့တုတ် သေနတ်ဒင်နဲ့ထု စစ်ဖိနပ်နဲ့ကန်ကျောက် လုပ်ခဲ့တဲ့အတွက် သံဃာနဲ့ န အ ဖ ကြားပြင်းထန်မှုဖြစ် ခဲ့ပါတယ်။ဒီသတင်းကြားကြားချင်း နောက်တစ်နေ့မှာ စာရေးသူ၊ ဦးဂမ္ဘီရ၊ ဦးခေမိန္ဒ၊ ဦးလင်း နဲ့ အခြားသူငယ်ချင်းများ ပခုက္ကူအရေးအခင်းနှင့်ပတ်သတ်ပြီးအစည်းအဝေးထိုင်ခဲ့ကြပါတယ်။အစည်းအဝေးသဘောတူညီချက်အရ   ငြိမ်းချမ်းစွာမေတ္တာပို့လမ်းလျှောက်ကြသောသံဃာတော်များကို စစ်အုပ်စုမှ ယခုလိုအကြမ်းဖက်စော်ကားသည့်အတွက် သံဃာတော်များကို ပြန်လည်တောင်းပန်ရန် တောင်းပန်ခြင်းမပြုပါက မန္တလေး သံဃာသမ္မဂ္ဂီအသင်းကြီးမှဦးဆောင်ကာ သပိတ်မှောက်ပါမည်ဆိုတဲ့ စတိတ်မင့်တစ်စောင်ကို စာရေးသူကိုယ်တိုင် ရေးသားခဲ့ပါတယ်။ဒီစတိတ်မင့်ကီု ဦးခေမိန္ဒမှ ဘီဘီစီ သတင်းဌာန သို့ အင်တာဗျူးကာ အသံလွင့်ဖတ်ကြားခဲ့ပါတယ်။စာရေးသူနဲ့ ဦးဂမ္ဘီရက အီးမေးများမှတဆင့်သူငယ်ချင်းများဆီသို့ဖြန့်ဝေပေးပါတယ်။ထိုစတိတ်မင့်များကို ကော်ပီစွဲကာ စာရေးသူရဲ့တပည့်များနှင့် သူငယ်ချင်းများမှ ကျောင်းတိုက်များသို့လိုက်လံဖြန့်ဝေပေးခြင်း ၊နံရံများတွင်လိုက်လံကပ်ခြင်းများကိုပြုခဲ့ကြပါတယ်။ မန္တလေးမှာ စတိတ်မင့်စာရွက်ပျံ့နှံလာမှု ကြောင့် တချို့အင်ဖေါ်မာများ က စာရေးသူကို သံသယဖြစ်ကာ နောက်ယောင်ခံလိုက်လာကြပါတယ်။စာရေးသူကမန်းမှာ စာကြည့်တိုက်နှင့်ဘာသာဘေဒသင်တန်း၊ကွန်ပျူတာသင်တန်းများဖွင့်ထားသည့်အတွက်စာရေးသူကို သံသယရှိကြပါတယ်။စာရေးသူမှသူငယ်ချင်းများကိုရှင်းပြကာ ရန်ကုန်ကိုသွားမည် ရန်ကုန်မှာလည်းအရေးကြီးသည်။ဒီစတိတ်မင့်စာရွက်များကို ရန်ကုန်မှာသွားဖြန့်ဝေပေးပါမည်။အကြောင်းရှိက ဖုန်း၊အင်တာနက်၊မက်ဆင်ချာ များဖြင့်ဆက်သွယ်ပါမည်။အကယ်၍ အဆက်အသွယ်မရပဲ ဆုံးဖြတ်စရာများရှိပါက မန္တလေးအဖွဲ့က လုပ်တာကို ရန်ကုန်က သဘောတူပါသည်။ရန်ကုန်ကလုပ်တာကို မန္တလေးကလည်းသဘောတူပါဟုပြောဆိုညှိနှိုင်းကြကာ စာရေးသူရန်ကုန်ကိုဆင်းသွားပြီးစတိတ်မင့်စာရွက်များမိတ္တူကူးကာ သူငယ်ချင်းများနှင့်တိုင်ပင်လျက် ကျောင်းတိုက်များအသီးသီးသို့လိုက်လံဖြန့်ဝေပေးခဲ့ကြပါသည်။ မန္တလေးမှ ဦးပညာသီရီ ရန်ကုန်သို့လိုက်လာပါသည်။ရန်ကုန်မှာ စတိတ်မင့်စာရွက်များကိုသူ၏မိတ်ဆွေများနှင့်တိုင်ပင်ကာ ၀ိုင်းဝန်းဖြန့်ဝေပေးခဲ့ပါသည်။မန္တလေးမှ ဦးဂမ္ဘီရကဖုန်းဆက်ခေါ်သဖြင့် ဦးပညာသီရီ မန္တလေးသို့ပြန်ကြွသွားရသည်။ ပထမ စတိတ်မင့်မှာ စက်တင်ဘာ ၁၁ ရက်နေ့ထိအချိန်ပေးခဲ့သည်မှာ အချိန်နည်းနေသေးသဖြင့် နောက်စတိတ်မင့်တွင် ၁၇ ရက်နေ့ထိ နောက်ဆုံးထားတောင်ပန်ရန်ရက်ရွေ့ပေးခဲ့ပါသည်။သို့ပါသော်လည်း စစ်အစိုးရမှလုံးဝမတောင်းပန်သဖြင့် ဦးဂမ္ဘီရမှစာရေးသူထံ ပတ္တနိက္ကူဇ္ဖနကမ္မ၀ါစာကို အီးမေးဖြင့်ပို့ပေးခဲ့ပါသည်။စာရေးသူသည် အီးမေးမှစတစ်ဖြင့်ကူးလာကာ ပရင့်ထုတ်၍ဦးသြဘာသကိုလည်းဝိုင်းဖြန့်ဝေပေးပါရန်ပြောခဲ့ပါသည်။စာရေးသူတို့ လည်းကျောင်းတိုက်များသို့ ကမ္မ၀ါစာရွတ်ဖတ်နိုင်ရန်လိုက်လံဝေပေးခဲ့ကြပါသည်။၁၈ရက် စက်တင်ဘာ ၂၀၀၇ နံနက်၉ နာရီအချိန်တွင် သံဃာတော် ၁၅ ပါး ရွှေတိဂုံဘုရားအနီးရှိ သူငယ်ချင်းရဲ့ဆရာတော်ကြီးကျောင်းတွင် ကမ္မ၀ါစုပေါင်းရွတ်ဖတ်ကြပါသည်။ထိုအသံဖမ်းထားသောဖိုင်ကို သူငယ်ချင်းဖြစ်သူ ဦးသောပါက(ဂျာမဏီ)ထံသို့ မီဒီယာများမှတဆင့်ဖြန့်ဝေပေးပါရန်အီးမေးမှတဆင့်ပို့ပေးခဲ့ပါသည်။ အခြားကျောင်းတိုက်တော်တော်များများတွင်လည်း ကမ္မ၀ါစာများရွတ်ဖတ်ကြပါသည်။ထိုနေ့မှစတင်ကာ သံဃာတော်များ မေတ္တာပို့ရင်းလမ်းလျှောက်ပွဲများဆင်နွဲခဲ့ကြပါသည်။သံဃာတော်များငြိမ်းချမ်းရေး လမ်းလျှောက်ပွဲသည်တနေ့ထက်တနေ့ သံဃာတော်များ၊သီလရှင်ဆရာလေးများ၊ကျောင်းသားပြည်သူများပူးပေါင်းပါဝင်လာမှုမှာများသည် ထက်များလာပါသည်။သံဃာထုနှင့်လူထုအားမှာသိန်းချီများပြားလာပါသည်။မြို့နယ်တိုင်းမှာ သံဃာတော်များပြည်သူလူထုများလမ်းလျှောက်ဆန္ဒပြလာကြပါသည်။ဒါကိုကြောက်တဲ့ န အ ဖ စစ်အုပ်စုဟာ သူအာဏာမစွန့်ရရေးအတွက် တနိုင်ငံလုံးကိုးကွယ်ဆည်းကပ်နေသော သံဃာတော်များကိုပင် ၂၆ ရက်စက်တင်ဘာမှ စတင်ကာ ၀ါးရင်းတုတ်နှင့်ရိုက် သေနတ်နှင့်ပတ်သတ် ဖမ်းဆီးထောင်ချခြင်းများကိုစတင်ပြုလုပ်လာပါတော့ သည်။ညစဉ်ကျောင်းတိုက်များသို့ သူပုန်စခန်းစီးသလိုဝင်စီးကာ သေနတ်နှင့်ပစ်သတ် ကားပေါ်ပစ်တင် ထောင်ထဲပို့ပါတော့သည်။ သံဃာတော်ကြီးများကို လည်း မိမိကျောင်းတိုက်မှ သံဃာတော်များကို ရွာပြန်ပို့ရန်အမိန့်ထုတ်ခဲ့ပါသည်။ပြန်မပို့သောကျောင်းတိုက်များကိုညစဉ်သူပုန်စခန်းစီးသလိုဝင်စီးကာ ဖမ်းဆီးခေါ်ဆောင်သွားကာ ထောင်ထဲကိုပို့ခဲ့ကြပါသည်။ထောင်ထဲမှာအနှိပ်စက်ခံအညှင်းပန်း ခံနေကြရပါသည်။

ဦးဣဿရိယ၊ဦးသြဘာသ၊ဦးပညာသီရိ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသဃာ့သမ္မဂ္ဂီအသင်း(မန္တလေး)

ဒါကို စာရေးသူရဲ့သူငယ်ချင်း ထောင်ထဲမှထွက်ပြေးလွတ်မြောက်လာသူ ဦးပညာသီရီပြောပြလို့သိခဲ့ရပါသည်။စာရေးသူက သူငယ်ချင်းကိုမေးပါတယ် …သူငယ်ချင်း မင်းထောင်ကထွက်ပြေးလွတ်မြောက်ပြီး နယူးဒေလီမြို့ အိန္ဒိယနိုင်ငံကို ရောက်တော့ နေ့တိုင်းတပည့်တော်ဆီကို အီးမေးပို့တယ်…သူငယ်ချင်းအထဲမှာ မနေနဲ့တော့ အပြင်ကိုထွက်တော့နဲ့ ဘာဖြစ်လို့အဲဒီလိုပို့တာလဲမေးတော့ အ၇ှင်ဘုရားထောင်အကြောင်းမသိဘူးတဲ့…ထောင်ထဲမှာ နေတိုင်းတပည့်တော်ကို နည်းမျိုးစုံနှိပ်စက်ပြီးမေးတယ်။ဦးဂမ္ဘီရဘယ်မှာလဲ၊အရှင်ဘုရား(မင်းသုည )ဘယ်မှာလဲ..ဦးလင်းဘယ်မှာလဲနဲ့ အမြဲတမ်းရိုက်ပြီးမေးတယ်ဘုရား။စစ်ဖိနပ်နဲ့ရင်ဘက်ကိုစောင့်ကန်တယ်။နားရင်းရိုက်တယ်။ပါးရိုက်တယ်။ နည်းမျိုးစုံနှိပ်စက်တယ်ဘုရား နောက်ဆုံးမခံနိုင်တော့လို့ သေတာကကောင်းသေးတယ်ဆိုပြီး   တပည်တော် အုတ်နံရံကို             ခေါင်းနဲ့ပြေးစောင့်တာ ရဲတစ်ယောက်က လှမ်းဖမ်းဆွဲတာမြန်လိုက်လို့ဘုရား..ဒါမှမဟုတ်ရင်တပည့်တော်သေပြီဘုရား။တပည့်တော် အနှိပ်စက်ခံရတာတွေများတော့ စိတ်တွေလည်း ပုံမှန်မဖြစ်ဘူးဘု၇ား။တပည်တော်အပြင်ရောက်လို့ ကြည့်လိုက်တော့ အရှင်ဘုရားကိုအင်တာနက်မှာတွေ့လိုက် တော့အရှင်ဘုရားကရန်ကုန်မှာ နိုင်ငံရေးဆက်လုပ်နေတုန်းဆိုတာကိုသိရတော့ တပည့်တော် အရမ်းစိုးရိမ်သွားတာနဲ့ အမြဲအီးမေးပို့ပေးတာပါလို့ဖြေခဲ့ပါတယ်။တချို့သံဃာတွေလည်း အလုပ်ကြမ်းဒဏ်ကိုမခံနိုင်လို့ထောင်ထဲမှာပျံလွန်တော်မူသွားတာတွေရှိတယ်လို့ပြောပြခဲ့ပါတယ်။ ဒါကြောင့် ယနေ့ရွှေဝါရောင်တော်လှန်ရေးဟာ (၄)နှစ်ပြည့်ခဲ့သလို ရွှေဝါရောင်တော်လှန်ရေးမှာ အသက်စွန့်ကာပါဝင်ဦးဆောင်ခဲ့ကြတဲ့ သံဃာတော်တွေ ထောင်ကျခံအနှိပ်စက်ခံနေရတာလည်း (၄)ပြည့်ပါပြီ။မိမိတို့နိုင်ငံသူနိုင်ငံသားအားလုံး စစ်ကျွန်ဘ၀မှလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်အကျဉ်းကျခံ အနှိပ်စက်ခံနေကြတဲ့သာသနာ့အာဇာနည်များလွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ မှာရှိကြတဲ့မြန်မာပြည်သားတိုင်းမှာ တာ ၀န်ရှိပါတယ်။သံဃာတော်များနှင့်သီလရှင်ဆရာလေးများလွတ်မြောက်ရေးသည် တစ်နိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမ ကျန် လမ်းပေါ်ထွက်ဆန္ဒပြကာ တောင်းဆိုမှသာလျှင်လွတ်မြောက်နိုင်ပေမည်။ဒီတာဝန်ကို အားလုံးတက်ညီလက်ညီ တာဝန်သိသိသစ္စာရှိရှိဖြင့် ထမ်းဆောင်ပေးကြပါဟုတိုက်တွန်းနိုးဆော်လိုက်ပါသည်။………..

                                                                                       မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment