Saturday, September 24, 2011

ဧရာဝတီရဲ့ ပဲ့တင်သံများ...


ဧရာဝတီရဲ့ ပဲ့တင်သံများ
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ၂၃.၉.၂၀၁၁ (သောကြာနေ့) နံနက် (၁၀း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအချိန်ထိ ဧရာဝတီနှင့်ပတ်သက်၍ “လူငယ်များရဲ့ ဧရာဝတီ” ဟူသော ဧရာဝတီ မြစ်ဆုံ စီမံကိန်းအား ဆန့်ကျင် ကန့်ကွက်မှုအတွက် တတ်သိပညာရှင်များ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ ပညာရှင်များ၊ တိုင်းရင်းသားပေါင်းစုံတို့၏ ကိုယ်စားပြုလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ အခြေခံလူတန်းစားများ၊ ဧရာဝတီကို ချစ်မြတ်နိုး ကြသော လူမျိုးဘာသာ ဆင်းရဲချမ်းသာ မြန်မာပြည်တွင် နေထိုင်ကြသော ဧရာဝတီကို စိတ်ပါဝင်စား သူများနှင့် စည်ကားသိုက်မြိုက် စည်းလုံးညီညွတ် တက်ကြွစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ အပါအ၀င် ကဗျာဆရာ (၁၅) ဦးမှ ကဗျာများ ရွတ်ဆိုခဲ့ကာ ကိုရဲလွင်၊ ကိုသားထွေး၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်၊ ရသ၊ တို့မှ ဧရာဝတီလှုံ့ဆော်မှု သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ဒေါ်ဒေ၀ီသန့်စင်၊ ဦးအုန်း၊ ဦးအောင်ကြည်ညွန့်တို့မှလည်း ဧရာဝတီမြစ်ဆုံ စီမံကိန်းအား ကန့်ကွက် ကြောင်း ဟောပြောခဲ့သည်။ ကိုယ်တိုင် မတက်ရောက်နိုင်သော စာရေးဆရာများ၊ တတ်သိပညာရှင် များ၏ စာတန်းများ၊ အက်ဆေးများကို လူငယ်များမှ ဖတ်ကြားရွတ်ဆိုခဲ့သည်။ ဗွီဒီယိုပြကွက်များ အဖြစ် ဘဘဦးဝင်းတင်၊ လူထုဦးစိန်ဝင်း၊ ဆရာအောင်သင်းတို့ရဲ့ ဧရာဝတီနဲ့ပတ်သတ်သည့် လူငယ်တွေအပေါ် မှာကြားချက်တွေကိုလည်း ပြသခဲ့သည်။ ထို့နောက် လူငယ်များရဲ့ ဧရာဝတီ ဆွေးနွေးပွဲအား တတ်ရောက်လာကြသော လူထုပရိသတ်ထဲမှ ၀ိုင်းဝန်းဆွေးနွေး အကြံပြုကြကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်မှ နှုတ်ခွန်းဆက် စကားပြောကြားပြီး သည့်နောက် အခမ်းအနားရုပ်သိမ်းချိန်တွင် ကိုရဲလွင် (မဇ္ဈိမလှိုင်း) တို့ဦးဆောင်၍ ထူးအိမ်သင် ရေးစပ်သီဆိုထားသည့် “ရာဇ၀င်များရဲ့ သတို့သမီး” သီချင်းအား တက်ရောက်လာကြသော ဧရာဝတီ ကို ချစ်မြတ်နိုးသော လူမျိုးဘာသာပေါင်းစုံတို့က ၀ိုင်းဝန်းကြွေးကြော် တက်ကြွစွာဖြင့် သီဆိုကြကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတော့သည်။
ယခု လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံ ပွဲသည် ယခင့် ယခင်များက ကျင်းပခဲ့သော ပွဲများနှင့်မတူ ထူးခြားလှစွာဖြင့် တက်ရောက်ကြသော ဧရာဝတီအား စိတ်ပါဝင်စားသော ဧည့်ပရိတ်သတ်များသည် လူဦးရေအားဖြင့် (၅၀၀) ကျော်တို့ တက်ရောက်သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အစည်းအဝေးကျင်းပရာ ခန်းမဆောင်တစ်ခု ထဲဖြင့် မလုံလောက်သဖြင့် စာသင်ခန်း တစ်ခန်းကိုပါ ပရိုဂျက်တာထိုး၍ ပြသကာ အမေးအဖြေကဏ္ဍ အတွက်ပါ မိုက်ကရိုဖုန်းများပါ ဆင့်ပွားထားရှိ ကျင်းပပေးခဲ့ရသည်။

လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံပြပွဲ၌ ခံစားမှုများ ဖော်ထုတ်ကြသော ရင်ခုန်သံစကားများ ထဲမှ ကောက်နှုတ်ချက်များ -

“မေခနဲ့မလိခ ပေါင်းစည်းမှ အရှိန်အဟုန်ကြီးမားတဲ့ ဧရာဝတီပေါ်ပေါက်လာတာ။ ကျွန်တော်တို့က မေခဆိုရင် အစိုးရက မလိခ။ အစိုးရက မလိခဆိုရင် ကျွန်တော်တို့က မေခ။ ဒါကြောင့် မြစ်ဆုံကိစ္စကို ဆုံးဖြတ်ချက်ချမယ့် လွှတ်တော်အနေနဲ့ မှန်ကန်တည့်မတ်စွာ ဆုံးဖြတ်သင့်တယ်။ တိမ်းစောင်းပြီး ဇောက်ထိုးဆုံးဖြတ်လိုက်ရင် ပြည်သူနဲ့ အစိုးရ တစ်ကွဲစီဖြစ်သွားမယ်။ မြန်မာပြည်ကြီးကို ဇောက်ထိုး တော့ မကြည့်သင့်။” (ကျော်သူ)

“ဧရာဝတီကို ပိတ်ဆို့တားဆီးတာဟာ အနုပညာကို ပိတ်ဆို့ထားသလို ခံစားရတယ်။” (ကိုရဲလွင် - မဇ္စျိမလှိုင်း)

“ဧရာဝတီပေါ်မှာ ရုပ်ရှင်ရိုက်ခဲ့ဖူးတယ်။ အခုလို ပိတ်ဆို့တားဆီးတာမျိုး မဖြစ်သင့်။” (ရဲတိုက်)

“တမျိုးသားလုံးနှင့် သက်ဆိုင်သော ဧရာဝတီမြစ်ဆုံစီမံကိန်း ရုပ်သိမ်းပေးမှုကိစ္စရပ်အား ထပ်မံ၍ အရှိန်အဟုန်မြင့်ကာ လုပ်ဆောင်ကြဖို့လိုကြောင်း” (ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်)

“အစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာမှာ ပြုပြင်ပြောင်းလဲမှုကို လိုတယ်လို့ ပြောထားသလို ဧရာဝတီနဲ့ ပတ်သက်ပြီး မြစ်ကောရန် အရင်မလုပ်ကြပါနဲ့ စစ်ကောရန်သာ အရင်လုပ် ကြပါ” (ဒေါ်ဒေ၀ီသန့်စင်)

“သမိုင်းတရားခံ မဖြစ်ပါစေနဲ့၊ မင်းတို့နားထောင် ပြည်သူတွေနဲ့ ဧရာဝတီရုပ်ရှင်မှာ မင်းတို့ဗီလိန် မဖြစ်စေနဲ့ လူ့အခွင့်အရေးဟာ အရေးကြီးသလို မြစ်အခွင့်အရေးဟာလည်း အရေးကြီးတယ်။” (ဦးကောဝိသ - မန္တလေး)

“သို့ ဧရာဝတီ,
ထီးနန်းမပြုတ် ဆုတ်ခွာစေ၊
လာမဲ့ဘေး ဝေးပါစေ၊
ရေစီးရေလာ ကောင်းပါစေ”
(ကဗျာဆရာ မောင်ပိုင်စိုး)
 “ကျွန်တော် ပြည်ဘက်ကို သွားတဲ့အချိန်မှာ ဧရာဝတီမြစ်ဟာ အလယ်မှာ သောင်ထွန်းနေတယ်။ ၁၉၈၉ ခုနှစ်လောက်က အခုတော့ အဲဒီသောင်ပြင်ဟာ သောင်မဟုတ်တော့ပါဘူး လူတွေတောင် တက် နေနေကြပါပြီ။ သဘာဝပတ်ဝန်းကျင်ဟာ ပြောင်းလဲလာ ပြောင်းလဲလာ ဒီဆည်မဆောက်ခင် ကလည်း ပြောင်းလဲတာပါ။ ကျွန်တော်တို့ အခွင့်အရေးကို ကျွန်တော်တို့ ကာကွယ်ဖို့ပါပဲ။ ကျွန်တော်တို့ က ဧရာဝတီအကြောင်း သီချင်းလေး မဆိုပါဘူး။ ကျွန်တော်တို့ သီချင်းလေးပဲ ကျွန်တော်တို့ ဆိုပါမယ်။ ကျွန်တော်တို့သီချင်းက စစချင်းရောက်လာတော့ အကုန်လုံးထကြ အကုန်လုံးထကဆိုတော့ ကျွန်တော်တို့ဗမာပြည်က ရှိတဲ့လူတွေ အကုန်လုံးကို လှုပ်နိုးဖို့ပဲ ကျွန်တော်တို့ လာတာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ရိုးရိုးတန်းတန်း လမ်းမပေါ်က လူတွေကို ရှေ့ဆက်လျှောက်ဖို့ အတွက်ပါ။” (အနဂ္ဂ)

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြစ်ကြီးတွေအများကြီး ရှိပါတယ်။ အဲဒီမြစ်ကြီးတွေထဲမှာမှ ဧရာဝတီမြစ် ကြီးဟာ မိုင်ပေါင်း ၁၅၀၀ ကျော်ရှည်လျားပြီးတော့ ကျွန်တော်တို့ မြန်မာ့ရာဇ၀င်နှင့် အတူတူ ရှင်သန် လာခဲ့တဲ့ ပါရမီဖြည့်ဘက်ကြီးတစ်ပါးလို့ ပြောလို့ရပါတယ်။ ဒီ ပါရမီဖြည့်ဘက်ကြီးဟာ ကျွန်တော်တို့ ခေတ်ရောက်တော့မှ အသက်လည်း အိုမင်းလာပြီ။ သူ့ကို ဘေးကနေပြီးတော့ စောင့်ရှောက်မယ့်သူ မရှိတော့ဘူးဆိုရင် သူ့မှာ သေဆုံးရမယ့်အချိန် သူ့မှာရှိပါတယ်။ ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ တရားပါ။ ဒီတော့ ဧရာဝတီ မြစ်ကြီးကိုလည်း ကျွန်တော်ချစ်ပါတယ်။” (ရသ)

“အန်ကယ်က အခုအသက် (၈၅)နှစ် ရှိပြီ။ အန်ကယ်တို့ ဧရာဝတီမြစ်ဆုံကို (၃) ခေါက်ရောက်တယ်။ ၁၉၈၅ ခုနှစ်က ရောက်တာ ရေကလည်း ကြည်တယ်။ ငါးတွေက အများကြီးပဲရှိတယ်။ အရမ်းကို ကျက်သရေရှိတယ်။ နောက်တစ်ခေါက်ရောက်တာက ၂၀၀၇ ခုနှစ်ရောက်တော့ အခြေအနေ တော်တော်ဆိုးတယ်။ တတိယအကြိမ်ရောက်တော့ ၂၀၀၉ တော်တော်လေးကို ဆိုးသွားပြီ။ မေခဟာ အင်မတန် ရေစီးကြမ်းပါတယ်။ မလိခဟာ အင်မတန်နူးညံ့ပါတယ်။ အဲဒီလောက် အဖိုးတန်တဲ့ ဒီ ဧရာဝတီကို ဘယ်အချိန်ကမှ ဆည်ဆောက်တာကို သဘောမတူဘူး။ ကန့်ကွက်ခဲ့ကြတယ်။ သို့သော်လည်း နိုင်ငံရဲ့အကျိုး ဖွံ့ဖြိုးမှု ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ နိုင်ငံတော်ရဲ့ လုပ်ရမယ့်တာဝန်ပါ။ သို့သော်ဖွံ့ဖြိုးတိုးတက်မှု လုပ်တိုင်းလဲ အကောင်းတွေပဲ မဟုတ်ဘူး။ အကောင်းအဆိုးဆိုတာ ရှိတယ်။ ဧရာဝတီမြစ်ဆုံကို (၂)နှစ်လောက် လေ့လာပြီးတော့ လုပ်မယ်ပြုမယ်ဆိုရင် ကမ္ဘာအရပ်ရပ်က ဆည်တွေတောင် (၁၀)နှစ်လောက် အချိန်ယူပြီးတော့ ပြင်ဆင်ရတယ်။ အဲဒီတော့ ဧရာဝတီကို ဗမာပြည်မှာစပြီးတော့ စီးဆင်းတဲ့အခါ ဗမာ့အသက်သွေးကြော ဧရာဝတီမြစ်ဟာ တကယ်တော့ ဗမာလို့ပြောတာတောင်မှ လုံလောက်ပါတယ်။ ကမ္ဘာမြစ်ကြီး (၁၃) သွယ်မှာ ဧရာဝတီမြစ်ကြီးပါတယ်။ အဲလောက် ထင်ရှားပြီးတော့ ကောတော့မယ်။ အဲဒါကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ထိန်းသိမ်းရမယ်။ ပြုပြင်ရမယ်။” (ဦးအုန်း)
ပြည်တွင်းမှ ကြည့်ရန်... https://picasaweb.google.com/109255525006943086316/20110925

0 comments:

Post a Comment